ရခိုင်ဒုက္ခသည်စခန်း အချို့ ရေမြုပ်

ရေနစ်မြုပ်သွားတဲ့အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ကို ယာယီနေရာပြောင်းရွှေ့ပေး
ဓာတ်ပုံ ပုံစာ,

ရေနစ်မြုပ်သွားတဲ့အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ကို ယာယီနေရာပြောင်းရွှေ့ပေး

ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေတွေကြေင့် ရေကြီးရေလျှံမှုတွေဖြစ်ကာ မြောက်ဦးနဲ့ မြေပုံမြို့နယ်တွေက စစ်ဘေးရှောင် ဒုက္ခသည်စခန်းအချို့မှာ ရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မိုးများတဲ့အတွက် ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက စတင်ပြီး မြေပုံမြို့နယ် အတွင်းက ရက္ကချောင်းဒုက္ခသည်စခန်း တစ်ခုလုံး ရေနစ်မြုပ်သွားကာ အိမ်ထောင်စုပေါင်း ၁၀၀ ကျော်ကို ယာယီ နေရာပြောင်းရွှေ့ပေးလိုက်ရတယ်လို့ အဲ့ဒီစခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။

မြောက်ဦးမြို့နယ် အတွင်းက မြတန်ဆောင်းစခန်းနဲ့ တိမ်ညိုစခန်းတွေမှာလည်း ရေနစ်မြုပ်နေပြီး တိမ်ညိုစခန်းမှာတော့ အခုထက် ရေတက်လာပါက လူတွေကို ပြောင်းရွှေ့ပေးရမယ့် အခြေအနေရှိနေတယ်လို့ တိမ်ညို စခန်းကော်မတီဝင် ဦးစိုးနိုင်က ပြောပါတယ်။

ရက္ကချောင်း ဒုက္ခသည်စခန်းဟာ ရေကြီးနစ်မြုပ်မှုတွေနဲ့ မကြာခဏ ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်က တစ်ကြိမ် နစ်မြုပ်ခဲ့ပြီးဖြစ်ကာ အခုအကြိမ်ဟာ ဒုတိယအကြိမ် ရေနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

မြတန်ဆောင်းဒုက္ခသည် စခန်း

မြေပုံမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တောင်ကျရေတွေများနေသလို မြစ်ရေမြင့်တက်မှုတွေလည်း ရှိနေပြီး ရက္ကချောင်းစခန်းက နေအိမ်အချို့လည်း ပျက်စီးခဲ့ရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

"မနေ့က ၂ နာရီခွဲ ၃ နာရီလောက်မှာစပြီးတော့ရေတက်လာတယ်၊ရေတက်တာကမြန်တယ်၊ညဘက်ရေအရမ်းတိုးလာရင် လူတွေဒုက္ခရောက်မယ်ဆိုပြီးတော့ လူတွေအကုန်လုံးကို စခန်းနဲ့နီးတဲ့ လေးတောင်ရွာကိုပြောင်းလိုက်တယ်၊ ၈ နာရီလောက်မှာတော့ ပြောင်းလို့ပြီးပါတယ်။"လို့မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။

ရက္ကချောင်း ဒုက္ခသည်စခန်းမှာ မြေပုံ၊ မင်းပြား၊ မြောက်ဦးမြို့နယ်တွေက ထွက်ပြေးလာတဲ့ အိမ်ထောင်စုပေါင်း ၁၁၀ ကျော်နဲ့ လူဦးရေ ၄၅၀ ကျော်တို့ နေထိုင်နေကြပြီး ဇူလိုင်၅ ရက် ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် ဒုက္ခသည်တချို့ရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရသလို ရိက္ခာတွေလည်း ရေနဲ့မျောပါသွားတယ်လို့သိရပါတယ်။

မြောက်ဦးမြို့မှာရှိတဲ့ မြတန်ဆောင်း ဒုက္ခသည်ခစန်းမှာလည်း တောင်ကျရေတွေကြောင့် စခန်းအတွင်း ရေဝင်ပြီး ဇူလိုင်၅ ရက်နေ့က ရေနစ်မြုပ်ခဲ့ကာ ရေ ၅ ပေအထိနစ်မြုပ်ခဲ့တယ်လို့ ဆရာတော်ကမိန့်ပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နဲ့ မြောက်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ တိမ်ညို ဒုက္ခသည်စခန်းမှာလည်း မိုးသည်းထန်ပြီး အနိမ့်ပိုင်းတွေကို ရေနစ်မြုပ်ခဲ့ကာ စခန်းအတွင်းမှာရှိတဲ့ လမ်းတွေကိုလည်း ရေနစ်မြုပ်နေတယ်လို့ စခန်းကော်မတီဝင် ဦးစိုးနိုင်က ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

မင်းပြားမြို့ပေါ်က ရေကြီးမှု အခြေအနေ မြင်ကွင်း ၂၀၁၉

"ဇူလိုင် ၅ ရက်နေ့ကတည်းက မိုးရွာနေတယ်ဆိုတော့ ရေတွေက ထွက်မယ့်ရေနဲ့ မမျှဘူးဆိုတော့ ရေတင်တာပေါ့။ အနိမ့်ပိုင်းတွေကတော့ နစ်နေတယ်။ ဒီထက် ဆက်ပြီးရွာလာလို့ရှိရင်တော့ အဲ့ဒီအနိမ့်ပိုင်းက နေအိမ် ၁၀၀ ကျော်လောက်ကိုတော့ ရွှေ့ပြောင်းရမယ့်အနေအထားရှိပါတယ်။"လို့ ဦးစိုးနိုင်က ပြောပါတယ်။

တိမ်ညိုစခန်းဟာ မြောက်ဦးမြို့နယ်အတွင်းမှာ အကြီးဆုံးဒုက္ခသည်စခန်း တစ်ခုဖြစ်ပြီး အိမ်ထောင်စုပေါင်း ၈၄၇ စုခန့်နေထိုင်လျက်ရှိကာ ဆက်လက်မိုးရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံရပါက အဲ့ဒီလူတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရက္ကချောင်းစခန်းကတော့ မြစ်နဲ့နီးသလို ဆောက်လုပ်ထားတဲ့ တဲအိမ်တွေကလည်း နိမ့်နေတဲ့အတွက် အခုလိုမျိုး မိုးကြီးရေလျှံဖြစ်နေတဲ့အချိန်မှာ လှိုင်းလေတွေ တစ်ပြိုင်တည်း ဝင်ရောက်လာခဲ့ပါက အဲ့ဒီမှာနေထိုင်တဲ့ ဒုက္ခသည်တွေအတွက် အသက်အန္တရာယ်တွေကိုပါ စိုးရိမ်ရတဲ့ အနေအထားရှိနေတာကြောင့် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၁၀ ကျော်နေထိုင်နိုင်ဖို့ အဆောက်အဦးတစ်ခု ဆောက်လုပ်ပေးဖို့လိုအပ်နေပြီး အလှူရှင်တွေ အနေနဲ့ အကူအညီပေးကြဖို့အတွက် ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ဖြစ်ပွားနေတဲ့ နှစ်နှစ်နီးပါးအကြာ တိုက်ပွဲတွေကြောင့် ဒီကနေ့အထိ ဒေသခံတွေနေရပ်စွန့်ခွာနေရဆဲဖြစ်ကာ တစ်ပြည်နယ်လုံး အတိုင်းအတာမှာ နေရပ်စွန့်ခွာခဲ့တဲ့ ဒုက္ခသည်ပေါင်း ၂ သိန်းဝန်းကျင်အထိရှိလာနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းတွေမှာ ရသေ့တောင်၊ အမ်းနဲ့ မြောက်ဦးမြို့နယ်တွေအတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မယ့် သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် အနည်းဆုံးလူဦးရေ သုံးသောင်းလောက်ဟာ နေရပ်စွန့်ခွာခဲ့ကြရပြီး စစ်တွေမြို့အထိ လာရောက်ခိုလှုံသူတွေလည်း ရှိခဲ့ပါတယ်။