၂၁ ရာစုပင်လုံအစည်းအဝေး ဩဂုတ် ၁၂ ရက်မှာ ကျင်းပမယ်

အခုကျင်းပမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဟာ လက်ရှိအစိုးရ လက်ထက်မှာ လေးကြိမ်မြောက်ဖြစ်လာဖို့ရှိ
ဓာတ်ပုံ ပုံစာ,

အခုကျင်းပမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံဟာ လက်ရှိအစိုးရ လက်ထက်မှာ လေးကြိမ်မြောက်ဖြစ်လာဖို့ရှိ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ဩဂုတ် ၁၂ ရက်ကနေ ၁၄ ရက်အထိ နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား သဘောတူ သတ်မှတ်ထားတယ်လို့ NCA လက်မှတ်ထိုး ရခိုင် လက်နက်ကိုင်အဖွဲ့(ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီ အစည်းအဝေးကို အစိုးရက သတ်မှတ်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ အတွက် သတ်မှတ်ချက် စည်းကမ်းတွေအတိုင်း ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

"အရင်က ဒီညီလာခံကို လူခုနှစ်ရာကနေ တစ်ထောင်လောက်အထိ တက်ရောက်လေ့ရှိပါတယ်၊ အခုကတော့ သုံးပုံ နှစ်ပုံ လျှော့ချပြီးလုပ်ဖို့ရှိပါတယ်၊ တပ်ပိုင်းဆိုင်ရာကလည်း သုံးပုံ နှစ်ပုံ လျှော့မယ်၊ အစိုးရကလည်း သုံးပုံ နှစ်ပုံ လျှော့၊ EAO ကလည်းသုံးပုံ နှစ်ပုံ လျှော့ဆိုပြီး ကျင်းပမှာ ဖြစ်ပါတယ်"လို့လည်း သူက ရှင်းပြပါတယ်။

အစိုးရက လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာတော့ လက်ရှိအစိုးရနဲ့ သဘောတူထားတဲ့ အချက်တွေကို စာချုပ်အရ ပြောင်းလဲဖို့ ကြိုးစားတာဖြစ်တယ်လို့ လည်း သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ပုံစာ,

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းကို လက်မှတ်ရေးထိုးစဥ်

အရင်က ညီလာခံကျင်းပမယ့် ရက်ကို ငါးရက်ခန့် သတ်မှတ် ကျင်းပခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် သုံးရက်သာ ကျင်းပဖို့ စဉ်းစားတာဖြစ်ပြီး၊ ညီလာခံမတိုင်မီ ပြည်ထောင်စု သဘောတူစာချုပ်မှာ ထည့်သွင်းမယ့် အချက်အလက်တွေကိုလည်း ညှိနှိုင်းနေတယ်လို့ ဒေါ်စော မြရာဇာလင်းက ရှင်းပြပါတယ်။

"နိုင်ငံတော် အတိုင်ပင်ခံပြောထားတဲ့ မူဘောင် အချက်၅ချက်က ကျွန်မတို့နဲ့ ကိုက်ညီမှုရှိပါတယ်၊ အဲဒီလို ကိုက်ညီတဲ့ အချက်တွေကို စာချုပ်စာတမ်းနဲ့ အကောင်အထည် ဖော်ဖို့လိုတယ်၊ ကျွန်မတို့ဘက်ကလည်း ဖြည့်စွက်စရာ ရှိတာတွေကိုလည်း ဖြည့်နေတာ ရှိပါတယ်၊ အဲဒီတော့ အဲဒီဟာတွေကို စာချုပ်ပုံစံနဲ့ စဥ်းစားရင်လည်း မမှားဘူးလို့" သူကပြောပါတယ်။

ညီလာခံမတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကျင်းပဖို့ရှိပြီး UPDJC အစည်းဝေးမှာရက်ကို အတည်ပြုမှာပါလို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေး၊ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) တို့အပြင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက် ပြုလုပ်သွားမယ်လို့လည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေ

အခုကျင်းပမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံဟာ လက်ရှိအစိုးရ လက်ထက်မှာ လေးကြိမ်မြောက် ဖြစ်လာဖို့ရှိပါတယ်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ အစည်းအဝေးကို ၂၀၁၈ ဇူလိုင်လ ၁၁ ရက်မှာ နေပြည်တော်မှာ စတင် ကျင်းပခဲ့ပြီး ဒီညီလာခံကို အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ ဝ၊ ကေအိုင်အေ စတဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်ခဲ့ကြပါတယ်။

NCA အပစ်ရပ် စာချုပ်အရ ၂၁ ရာစု ပင်လုံလို့ခေါ်တဲ့ ငြိမ်းချမ်းရေးညီလာခံတွေကို ၆ လ တစ်ကြိမ်ကျင်းပဖို့ သဘောတူထားပေမယ့်လည်း အစည်းဝေးတွေ ကျင်းပဖို့ မကြာခဏ ရွေ့ဆိုင်းရလေ့ရှိပါတယ်။

NCA အပစ်ရပ်စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ ကလက်မှက်ထိုးထားပြီး လက်တလော အစိုးရ နဲ့တိုက်ပွဲတွေဖြစ် နေတဲ့ အေအေ အပါအဝင် မြောက်ပိုင်း အဖွဲ့တွေက တော့ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကို လက်မှက် မထိုးရသေးပါဘူး။