နေပြည်တော်က ဖယ်ရှားခံရတဲ့ ယတြာဆင်းတုတွေက ညာတင်ကုဋ်တွေလား၊ ရွေးကောက်ပွဲလေ့လာသူတွေကို ကော်မရှင်က ဘာတွေကန့်သတ်လိုက်တာလဲ စတဲ့ တစ်ပတ်အတွင်းသတင်းကောက်နုတ်ချက်

ကျောက်စိမ်းဆင်းတုမျက်နှာတော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျက်နှာနဲ့ ဆင်တူတယ်လို့ ပြောဆိုမှုတွေပေါ်ပေါက်ခဲ့တာ ကာလအတန်ကြာခဲ့ပြီဖြစ်
ဓာတ်ပုံ ပုံစာ,

ကျောက်စိမ်းဆင်းတုမျက်နှာတော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျက်နှာနဲ့ ဆင်တူတယ်လို့ ပြောဆိုမှုတွေပေါ်ပေါက်ခဲ့တာ ကာလအတန်ကြာခဲ့ပြီဖြစ်

ဒီတစ်ပတ်ထိပ်တန်းရောက်သတင်းတွေကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကြည်ညိုဖွယ်မဆောင်တဲ့ ရုပ်ပွားဆင်းတုတော်တွေကို အစိုးရက ကျမ်းဂန်နဲ့အညီ ပြုပြင်မယ်ဆိုတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ကော်မရှင်က ကန့်သတ်ချက်တွေ ပြင်ဆင်ထုတ်ပြန်လာတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

ယတြာအစီအရင်ဆင်းတုတွေကို အစိုးရ ဘာကြောင့် ပြုပြင်တာလဲ

နေပြည်တော်၊ ပျဉ်းမနားက စိန္တာမုနိ မင်းဝံတောင်ဘုရားဝင်းထဲမှာ ယတြာချေတဲ့အနေနဲ့ ထုလုပ်ထားတဲ့ ညာတင်ကုဋ်ဆင်းတုတော်တွေကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဖယ်ရှားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ရွှေတိဂုံဘုရားမှာ တည်ထားကိုးကွယ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မျက်နှာနဲ့ ဆင်တူတဲ့ ကျောက်စိမ်းဆင်းတုတော်ကိုလည်း ထေရဝါဒဗုဒ္ဓဘာသာနဲ့အညီ ပြုပြင်ဆောင်ရွက်မယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

တကယ်တော့ ညာတင်ကုဋ်လို့ အများသိတဲ့ မင်းဝံတောင်ဘုရားထဲက ဆင်းတုတော်တွေဟာ ၂၀၁၆ ခုနှစ် ဝန်းကျင်ကတည်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ သာသနာရေးဝန်ကြီးဌာနဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။

ဒါ့အပြင် ရွှေတိဂုံဘုရားက ကျောက်စိမ်းဆင်းတုဟာလည်း ၁၉၉၉ ခုနှစ်တည်းက ထုလုပ်တည်ထားခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျက်နှာနဲ့ဆင်တူတယ်လို့ ပြောဆိုမှုတွေဟာ အဲဒီကာလတွေထဲက ပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။

ညာတင်ကုဋ်ဆင်းတုတွေကို လှူဒါန်းထားတဲ့သူတွေစာရင်းမှာ အရင်စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစု၊ ဒုဗိုလ်ချုပ်ကြီးဟောင်း မောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမိသားစုအပြင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းမိသားစုတွေ ပါဝင်နေပါတယ်။

ခုလို လှူဒါန်းထားတဲ့ဆင်းတုတွေ ဖယ်ရှားခံရတာနဲ့ပတ်သက်လို့ သူရဦးရွှေမန်းက ခုလိုပြောပါတယ်။

"သူများပြောမှပဲ သိတယ်။ အလှူရှင်တွေက ဘယ်သူလဲဆိုတော မေးလို့ရရင် မေးဖို့ကောင်းတယ်။ အစိုးရအပြောင်းအလဲပေါ်မူတည်ပြီးတော့ စဉ်းစားပြီး လုပ်ဆောင်ပုံရတယ်။

လွှတ်တော်ဆိုတော့ ကိုယ်နဲ့ပတ်သက်တာပေါ့။ လွှတ်တော်မြဲစေဆိုတာလည်း ကောင်းတယ်ဗျ။ ဒီပြင့်ဟာ မပြောဘူး။ မြန်မာနိုင်ငံမှာ လွှတ်တော်မရှိခဲ့ဘူးလေ။ လွှတ်တော်ဆိုတာက ဒီမိုကရေစီရဲ့သွေးကြော။

လွှတ်တော်မမြဲဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပျက်သုဉ်း သွားနိုင်တဲ့အနေအထားရှိတယ်။ သို့ရာတွင် ဒီဟာကြီးက ဘယ်သူကစီမံပြီးတော့ ဘယ်သူက ဘာကြောင့်လုပ်တယ်ဆိုတာတော့မသိဘူး" လို့ သူရဦးရွှေမန်းက ပြောပါတယ်။

အခုတော့ ဖယ်ရှားခံရတဲ့ ညာတင်ကုဋ်ဆင်းတုတွေကို မန္တလေးက ကျောက်ဆစ်တန်းမှာ ပြန်လည်ပြုပြင်နေပါတယ်။ ပြုပြင်ပြီးရင် မူလနေရာမှာ ပြန်တည်ထားမထားဆိုတာတော့ မသိရသေးပါဘူး။

ဒါ့အပြင် ဒီဖြစ်စဉ်တွေထွက်ပေါ်အပြီးမှာပဲ တချို့ဘုရားစေတီဝင်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုပ်တု တချို့ ထားရှိတဲ့ပုံတွေ၊ စေတီနံရံမှာ ဒေါင်းရုပ်ပုံထွင်းထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီတော့ အငြင်းပွားဖွယ် ဒီဖြစ်စဉ်တွေအပေါ်မှာ သာသနာရေးက ဘယ်လို ကိုင်တွယ်ဆောင်ရွက်မှာပါလဲ။

ဒါ့အပြင် လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးခါနီးကျမှ ဒီကိစ္စတွေကို သာသနာရေးက ဘာကြောင့် အရေးယူဆောင်ရွက်တာပါလဲ။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းကိုမေးကြည့်ထားပါတယ်။

"တစ်နိုင်ငံလုံးက ဘုရားစေတီတွေမှာ ဗုဒ္ဓမြတ်စွာကို ရည်စူးပြီးတော့ တည်ထားကိုးကွယ်တယ်ဆိုတာက ကြည်ညိုဖွယ်ဆောင်ဖို့လိုတယ်။ အဂါရဝကိုရှောင်ရမယ့်သဘောရှိပါတယ်။

အဲဒီတော့ ကျွန်တော်တို့က ဒါတွေကို နေရာအနှံ့ပြန်ပြီးတော့မှ စိစစ်ရမယ့်အနေအထားဖြစ်နေတယ်။ တစ်နေရာတည်းပဲ လုပ်မလားဆိုတဲ့မေးခွန်းတွေကလည်း အများကြီးကို မေးလာတဲ့အနေအထားတွေ ဖြစ်လာတယ်။

အဲဒီတော့ ဒီတစ်နေရာတည်းလုပ်တာမဟုတ်ဘူး။ ကျန်တဲ့နေရာတွေမှာလည်း ရှိချင်ရှိမယ်။ ဒါကိုတော့ ပြန်ပြီးတော့စိစစ်ရဦးမယ်။ စိစစ်ပြီးတော့မှ ဆရာတော်ကြီးတွေရဲ့ သြဝါဒတွေကိုခံယူပြီးတော့မှ အဆင့်လိုက် ခွဲခြားပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်" လို့ ဦးဇာနည်ဝင်းက ပြောပါတယ်။

နောက်ထပ် အခုလို ထေရဝါဒနဲ့ မလျော်ညီတဲ့ရုပ်တုတွေ ဆက်မရှိဖို့ ဘုရားစေတီအသီးသီးက သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေကို လိုအပ်တဲ့အသိပညာပေးတာတွေ၊ အစဉ်အလာနဲ့ကိုက်ညီအောင် ညွှန်ကြားတာတွေ ဆက်လုပ်မယ်လို့ သူကပြောပါတယ်။

နေပြည်တော်က ညာတင်ကုဋ်ဆင်းတုတွေနဲ့ ရွှေတိဂုံဘုရားက ဆင်းတုတွေဟာ တည်ထားကိုးကွယ်တာ ကြာခဲ့ပြီဖြစ်သလို လူပြောများခဲ့တဲ့ ကိစ္စလည်း ဖြစ်ခဲ့ပြီး အခုမှ ဘာကြောင့် အရေးယူရတာလဲဆိုတဲ့မေးခွန်းအပေါ် ဦးဇာနည်ဝင်းက

"သိတဲ့အချိန်မှာ ကျွန်တော်တို့က ဆောင်ရွက်တာဖြစ်ပါတယ်။နောက်တစ်ခုက အခုမှဘာကြောင့်ဆောင်ရွက်တာလဲဆိုတောကတော့ ကျွန်တော်တို့က အဲဒီမေးခွန်းကို ကျွန်တော်တို့က ဖြေဖို့ခက်ပါတယ်။ အများပြည်သူကလည်း အဲဒီမေးခွန်းက ဘာကြောင့်လဲဆိုတာ သူတို့ဘာသူတို့ တွေးဆကြည့်ရင်လည်း သဘောပေါက်နိုင်တဲ့အနေအထားရှိပါတယ်"လို့ ဖြေကြားပါတယ်။

အခုလိုအလှူရှင်တွေလှူဒါန်းထားတဲ့ ဆင်းတုတွေကို ကျမ်းဂန်နဲ့အညီဆောင်ရွက်တဲ့အခါ လှူဒါန်းသူတွေဘက်က ကန့်ကွက်တာ၊ သဘောမတူတာရှိခဲ့ရင်လည်း ဒါဟာ လှူဒါန်းပြီးကတည်းက သက်ဆိုင်ရာဘုရားစေတီတွေရဲ့ ဂေါပကတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာမို့ ဆောင်ရွက်ခွင့်ရှိတယ်လို့ ဦးဇာနည်ဝင်းက ပြောပါတယ်။

ဖယ်ရှားခံရတဲ့ဆင်းတုတွေက ညာတင်ကုဋ်ဆင်းတုတွေလား

အခုဖယ်ရှားခံရတဲ့ ယတြာ ဆင်းတုတွေဟာ ညာတင်ကုဋ်ဆင်းတုတွေ မဟုတ်ဘဲ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မညီဘူးလို့ မြန်မာမှုပညာရှင် တပ္ပဝတီ ဦးဝင်းမောင်က ဘီဘီစီကိုပြောပါတယ်။

ညာတင်ကုဋ်ဆင်းတုဆိုတာ ဓာတ်လုံးထည့်တဲ့ ဆင်းတုဖြစ်ပြီး လက်တစ်ဆုပ်စာ တစ်ထွာသာသာအရွယ်အစားသာ ရှိတယ်လို့ သူက ပြောပါတယ်။ အဓိကက ဘုရားထဲမှာ အစွမ်းသတ္တိရှိတဲ့ တစ်ခုခု ထည့်ထားတာဖြစ်ပြီး ဆင်းတုကို လှုပ်ကြည့်ရင် အသံမြည်တယ်လို့ ဦးဝင်းမောင်က ရှင်းပြပါတယ်။

"အဲဒီလို တစ်ခုခု ထည့်ထားမှန်းသိအောင်လို့ ဘုရားဆင်းတုတော်ပုံတွေမှာဆိုရင် ဘယ်ဘက်ပခုံးပေါ်မှာ တင်ထားတဲ့ သင်္ကန်းကို ပြောင်းပြန်လုပ်လိုက်တာ။ ညာဘက်ကို သင်္ကန်းပြောင်းတင်လိုက်တာ။ အဲဒါကြောင့် ညာဘက်မှာ ဒုကုဋ်သင်္ကန်းတင်ထားလို့ ညာတင်ကုဋ်ဘုရားလို့ခေါ်တာ။ ဒါက (ဖယ်ရှားခံရတဲ့ ဆင်းတုတွေ)ညာတင်ကုဋ်နဲ့မဆိုင်ဘူး။ ဘုရားကိုအသုံးချချင်လို့ ကိုးကွယ်တာက မဟာယနနဲ့ ထေရဝါဒဗုဒ္ဓဘာသာမဟုတ်တဲ့ ဂိုဏ်းတွေက လုပ်တဲ့အခါ ကျတော့ မညီညွတ်ဘူးလို့ပြောရမှာပေါ့" လို့ သူက ဆိုပါတယ်။

ဒါ့ပြင် မြတ်စွာဘုရားရဲ့ လက်ဟန်ဖြစ်တဲ့ မုဒြာတွေရှိပြီး လက်တော်အားလုံးဟာ ဆင်းတုရဲ့ရှေ့ပိုင်းမှာပဲရှိရမှာဖြစ်တယ်လို့ ဦးဝင်းမောင်က ရှင်းပြပါတယ်။

အခု ဖယ်ရှားလိုက်တဲ့ ဆင်းတုတွေမှာဆိုရင် လက်တော်တွေကို နောက်တွေပါ ကာထားတဲ့ပုံစံ လုပ်ထားပြီး ရှေ့ကာ၊နောက်ကာလုပ်ထားတဲ့အတွက် ဘုရားဟာ လူတွေရဲ့ရှေ့နောက်ကို ကာထားပေးရအောင် သက်တော်စောင့်မဟုတ်တဲ့အပြင် ဒါဟာ ထေရဝါဒဗုဒ္ဓဘာသာနဲ့လည်း မညီဘူးလို့ သူက ဆက်ပြောပါတယ်။

ခုဖယ်ရှားထားတဲ့ ဆင်းတုတွေမှာ ဆံတော်ကို ကြာပန်းပုံစံ ပြုလုပ်ထားပြီး လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နဲ့ ဦးခေါင်း တော်နောက်ဘက်တွေမှာ ခရုပတ်ပုံစံထည့်ထားတယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနထုတ်ပြန်ချက်မှာပါရှိပါတယ်။

ညာလက်တော်ကိုရှေ့ကိုချထားပြီး ဘယ်လက်တော်ကို နောက်ဘက်ကို ဖြန့်ချထားတဲ့အတွက်ကြည်ညိုဖို့ လျော်ကန်သင့်မြတ်မှုမရှိဘူးလို့လည်း ပါရှိပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်ခွင့် ဘာတွေကန့်သတ်လိုက်သလဲ

ဓာတ်ပုံ ပုံစာ,

လေ့လာခွင့်ကန့်သတ်လိုက်တဲ့ လုပ်ငန်းစဉ်တွေကို ရွေးကောက်ပွဲနှစ်ခုနှိုင်းယှဉ်ပြထားတာပါ။

နောက်သတင်းတစ်ပုဒ်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလေ့လာလိုသူတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တချို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲကထက် ပွင့်လင်းမြင်သာမှု အားနည်းသွားစေတယ်လို့ ဝေဖန်တာတွေ ထွက်ပေါ်နေပါတယ်။

ရွေးကောက်ပွဲလေ့လာခွင့်လုပ်ငန်းစဉ်နှစ်ခုကိုနှိုင်းယှဉ်လေ့လာလိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲက လေ့လာခွင့်ရခဲ့တဲ့ လုပ်ငန်းစဉ်တွေထဲကတချို့ကို ပယ်ဖျက်တာအပါအဝင် အရေးကြီးတဲ့အပြောင်း အလဲတော်တော်များများ လုပ်ထားတာတွေ့ရပါတယ်။

ကော်မရှင်ဟာ ဒီလိုအပြောင်းအလဲလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လေ့လာစောင့်ကြည့်သူတွေနဲ့ ဆွေးနွေး တိုင်ပင်ညှိနှိုင်းတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခု ပြင်ဆင်လိုက်တဲ့အချက်တွေထဲမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဆိုတဲ့စကားရပ်အစား စောင့်ကြည့်ဆိုတဲ့ စကားလုံးကို ပယ်ဖျက်ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များ ဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုကို လေ့လာခွင့်တိုးလာပေမယ့် အရင်ကလုပ်ခွင့်ရတဲ့လုပ်ငန်းစဉ်တွေထဲက သုံးခုကို ပယ်ဖျက်ထားပါတယ်။

အဲဒီသုံးချက်ကတော့

  • (၁) ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အမိန့်ညွှန်ကြားချက်တွေ
  • (၂) မဲဆန္ဒရှင် သတင်းအချက်အလက်၊ မဲလက်မှတ်ရိုက်နှိပ်ခြင်းနဲ့
  • (၃) ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေ စစ်ဆေးဆုံးဖြတ်ခြင်းတို့ ဖြစ်ပါတယ်။

ဒီလို ပယ်ဖျက်ထားတာက ရွေးကောက်ပွဲဖြစ်စဉ် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုအတွက် ဘာတွေ ထိခိုက်သွားစေနိုင်ပါသလဲ။ New Myanmar Foundation ရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းက ခုလိုပြောပါတယ်။

"ဘာလို့ဆို ကျွန်မတို့က ရွေးကောက်ပွဲတစ်ခုကို လေ့လာတာဟာ ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်။ နောက်ပြီးတော့ ကန့်ကွက်မှုတွေကို ဘယ်လိုဆုံးဖြတ်ချက်ချခဲ့လဲ၊ ဒီကနေမှ ပိုပြီးကောင်းမွန်တဲ့ ဥပဒေမူဘောင်တွေ ချမှတ်နိုင်ခဲ့လားဆိုတာတွေကို ကျွန်မတို့က လေ့လာချင်ပါတယ်။ ဒီအချက်တွေကိုတော့ မဖြုတ်လိုက်သင့်ပါဘူး။ ဒီလိုဖြုတ်လိုက်ခြင်းအားဖြင့် စောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ တက်ကြွစိတ်အားထက်သန်မှု ကျဆင်းနိုင်တယ်။ ရွေးကောက်ပွဲတစ်ခုရဲ့ ပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ရှိမှုကို ထိခိုက်လာနိုင်တယ်"

မီဒီယာတွေ၊ နိုင်ငံရေးပါတီတွေ အပါအဝင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေအားလုံးအတွက် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ခွင့်ရဖို့က အရေးကြီးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲလေ့လာခွင့်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ စတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ရွေးကောက်ပွဲလေ့လာခွင့်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ စတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ တရားရုံးတွေကိုတောင် သွားရောက်လေ့လာဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေကို စစ်ဆေးဆုံးဖြတ်တဲ့အခါ စောင့်ကြည့်လေ့လာသူတွေကို လေ့လာခွင့်ပြုသင့်တယ်လို့ ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

ရွေးကောက်ပွဲလေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို မထုတ်ပြန်ခင်မှာ အရပ်ဘက်အဖွဲ့တွေနဲ့ တစ်ကြိမ်သာ တွေ့ဆုံခွင့်ရခဲ့ပြီး ဒါဟာလည်း လုံလောက်တဲ့ဆွေးနွေးမှုမျိုးမဟုတ်ခဲ့ဘူးလို့ သူက ပြောပါတယ်။

အတည်ပြုချက်မထွက်ခင် နောက်ထပ် ထပ်မံတွေ့ဆုံပြီးမှ ထုတ်ပြန်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒီအချက်တွေကြောင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်ဟာ ၂၀၁၅ ကထက် ပိုပြီး ဘောင်ကျဉ်းသွားတယ်လို့ ပြောဆိုတာတွေလည်း ရှိလာပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို အစိုးရက ဥပဒေအကာအကွယ်လုံခြုံရေးအကာကွယ် ပေးထားမှုကိုလည်း ပယ်ဖျက်ထားတဲ့အတွက် စိုးရိမ်မှုတွေ ရှိလာနေတာပါ။

ဓာတ်ပုံ ပုံစာ,

ရွေးကောက်ပွဲလေ့လာသူတွေရရှိနိုင်တဲ့အခွင့်အရေးထဲက ဥပဒေအကာကွယ်ပေးမှုကို ပယ်ဖျက်ထားပါတယ်။

"ဒီအချက်ကို ဖြုတ်လိုက်တာဟာလည်း ကျွန်မတို့ စောင့်ကြည့်လေ့လာမှုတွေကို အားနည်းသွားစေနိုင်ပါတယ်။ ဘာလို့ဆို မငြိမ်မသက်ဖြစ်တဲ့နေရာတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်နေတဲ့နေရာတွေမှာဆိုရင် လေ့လာသူတွေရဲ့ လုံခြုံရေးက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကိုတော့ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်စဉ်းစားပေးပြီး ပြင်ဆင်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်" လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သဘောထားကို သိရဖို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ကို ဘီဘီစီက ဇူလိုင် ၉ ရက်ကနေ ၁၁ ရက်အထိ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

ဒီလိုစောင့်ကြည့်လေ့လာသူတွေဘက်က ကန့်ကွက်ထောက်ပြမှုတွေအပေါ်မှာတော့ကော်မရှင်က တရားဝင်သဘောထား ထုတ်ပြန်ပြောဆိုတာလည်း မရှိသေးပါဘူး။

အခုလို ရွေးကောက်ပွဲစောင့်ကြည့်သူတွေဘက်က ကန့်ကွက်ချက်တွေကို ဆွေးနွေးဖို့ လာမယ့်ဇူလိုင် ၁၇ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်သူတွေကို ဖိတ်ကြားထားပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပမှုသမိုင်းတွေမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာသူတွေကို တရားဝင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီတုန်းက ပြည်တွင်း စောင့်ကြည့်အဖွဲ့ပေါင်း ၅၃ ဖွဲ့၊ စောင့်ကြည့်သူပေါင်း ၁၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။