တပ်မတော်အက်ဥပဒေပြင်တာ အိုင်စီဂျေနဲ့ သက်ဆိုင်သလား

အမျိုးသားလွှတ်တော်မှာ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း အဆိုတင်သွင်းစဥ်
ဓာတ်ပုံ ပုံစာ,

အမျိုးသားလွှတ်တော်မှာ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း အဆိုတင်သွင်းစဥ်

တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ အပိုဒ်ခွဲ ၁ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးပါပြီ။ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ရင် ဥပဒေ ဖြစ်လာတော့မှာပါ။

ဘာကိုပြင်သလဲ

အဓိကပြင်ဆင်တာက ကာလစည်းကမ်းသတ်မှတ်ချက်ကိုပါ။

တပ်မတော် အက်ဥပဒေမှာ မူလပြဋ္ဌာန်းထားတာက တပ်မတော်သားတယောက်ယောက် ပြစ်မှုကျူးလွန်ခဲ့ရင် ပြစ်မှုကျူးလွန်ချိန်ကနေ ၃ နှစ်အတွင်းမှာ စစ်တရားရုံးက တရားစွဲဆို အရေးယူနိုင်ပါတယ်။ ၃ နှစ်ကာလ သတ်မှတ်ချက်ကိုကျော်လွန်ရင် တရားစွဲဆို အရေးယူခွင့်မရှိတော့ပါဘူး။

အသစ်ပြင်ဆင်ချက်မှာတော့ တပ်မတော်သားတယောက် ပြစ်မှုကျူးလွန်ထားတာကို နစ်နာသူ ဒါမှမဟုတ် အခွင့်ရအာဏာပိုင်က သိရှိတဲ့ အချိန်ကနေ ၃ နှစ်အတွင်းမှာ တရားစွဲဆို အရေးယူခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

အဓိပ္ပာယ်ကတော့ တပ်မတော်သားတယောက်ကျူးလွန်တဲ့ အမှုဟာ ဘယ်တုန်းက ကျူးလွန်ခဲ့တာပဲဖြစ်ဖြစ် အခွင့်ရအာဏာပိုင်က နောင်မှ သိရင် သိတဲ့အချိန်ကျမှ ဖော်ထုတ်အရေးယူပိုင်ခွင့် ရှိသွားပြီ ဆိုတာပါပဲ။ အပြစ်ကျူးလွန်ချိန်ကနေ ၁၀ နှစ်ကြာမှပဲသိသိ၊ ၁၅ နှစ်ကြာမှပဲသိသိ သိတဲ့အချိန်ကနေ ၃ နှစ်အတွင်း တရားစွဲဆို အရေးယူနိုင်သွားပြီဖြစ်ပါတယ်။

ထူးခြားချက်

လွှတ်တော်တွင်း အဓိက အင်အားစုတွေဖြစ်တဲ့ တပ်မတော်သားကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်သူမရှိ အတည်ပြုထောက်ခံခဲ့ကြတာဟာ ထူးခြားချက်ဖြစ်ပါတယ်။

ပြင်ဆင်ချက်ရဲ့ အကျိုးသက်ရောက်မှု

ပြင်ဆင်ချက်အဆိုတင်သွင်းသူ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက “စစ်စည်းကမ်းထိန်းသိမ်းမှုအတွက် အရေးယူထိုက်သူကို အရေးယူခံရမယ့်အဖြစ်ကကင်းလွတ်ခြင်းမရှိဖို့၊ နိုင်ငံကာ ဥပဒေများနဲ့ လိုက်လျောညီထွေရှိဖို့အတွက်” ဒီဥပဒေပြင်ဆင်ချက်ကို အဆိုတင်သွင်းတာလို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဖယ်ဒရယ်ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကတော့ “အခုပြင်ဆင်ချက်ဟာ စစ်တပ်ထဲမှာရှိတဲ့ ဘယ်လောက်အဆင့်မြင့်တဲ့ အရာရှိကြီးပဲဖြစ်ပါစေ၊ အောက်ခြေတပ်သားပဲဖြစ်ဖြစ် ဘယ်အချိန်မဆို ကာချုပ် (ကာကွယ်ရေးဦးစီးချုပ်) ကအရေးယူနိုင်တဲ့ အခြေအနေရအောင် ဖန်တီးပေးလိုက်တဲ့ ဥပဒေ ဖြစ်တယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဖယ်ဒရယ်ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး

ဒီမိုကရေစီသဘောအရ အရပ်ဘက်တရားရုံးကို လုပ်ပိုင်ခွင့်တိုးချဲ့ပေးရမယ့်အစား စစ်တရားရုံးကို လုပ်ပိုင်ခွင့်တိုးချဲ့ပေးလိုက်တာလို့ ဦးအောင်ထူးက ဆိုပါတယ်။

“အခွင့်ရအာဏာပိုင်က ပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိသည့် နေ့ရက်ဆိုတဲ့စကားဟာ တိကျမှုမရှိဘူး”လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။ အရေးမယူချင်သေးရင် မသိဘူးလို့ ဆိုနိုင်သလို၊ အရေးယူချင်တဲ့အခါ ခုမှသိတယ်လို့လည်း ပြောဆိုနိုင်တဲ့ သဘောသက်ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီလိုလားသူများအနေနဲ့ စစ်တရားရုံးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်မိတာမျိုး မဖြစ်အောင် ဟန့်တားသင့်တယ်လို့လည်း ဦးအောင်ထူးက ဆိုပါတယ်။ ကိုယ်တိုင်က ရှေ့နေတဦးဖြစ်တဲ့ သမ္မတဦးဝင်းမြင့်အနေနဲ့ လစ်လျူရှုမထားသင့်ဘူးလို့ ဆိုပါတယ်။

“ဦးဝင်းမြင့်က ရှားရှားပါးပါး ရှေ့နေထဲကနေ သမ္မတ ဖြစ်လာတဲ့သူပါ။ ဒီတော့ ဦးဝင်းမြင့်လို ကိုယ်တိုင်က တရားလွှတ်တော်ရှေ့နေပါလို့ ကြွေးကြော်ထားတဲ့ သမ္မတတယောက်မှာ ဒီလို ကာချုပ်လက်ထဲ အာဏာ အလွန်အကျွံပေးအပ်တဲ့ ကိစ္စမျိုးကို မမြင်ဘူးလား။ သူလည်း ရှေ့နေဆိုတော့ မြင်ပါလိမ့်မယ်။ မြင်ရင် ဒါမျိုးကို ထိန်းသိမ်းဖို့ သူ့မှာ တာဝန်ရှိတယ်လို့ မြင်ပါတယ်။”

ဘာ့ကြောင့်ပြင်သလဲ

အခုလတ်တလောအချိန်မှာ ဒီဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ချက် တခုခုရှိပါသလား။

တပ်မတော်က ဒီဥပဒေကို အခုချိန်မှာ ဘာ့ကြောင့်ပြင်ဆင်ချင်တာပါလဲ။

ဒီဥပဒေပြင်ဆင်ချက်ဟာ တပ်မတော်သားတွေကျူးလွန်တဲ့ ပြစ်မှုတွေအပေါ် အရေးယူမှုနဲ့ ပတ်သက်ပါတယ်။ တပ်မတော်သားတွေကျူးလွန်တဲ့ပြစ်မှု သို့မဟုတ် ကျူးလွန်တယ်လို့ အစွပ်စွဲခံရလေ့ရှိတဲ့ ပြစ်မှုတွေက ဘာတွေပါလဲ။

ကချင်ပြည်နယ်မှာ ဒုက္ခသည်စခန်းထဲက အရပ်သားတချို့ကို သတ်ဖြတ်မှုအတွက် တပ်မတော်သား အောက်ခြေရဲဘော်နဲ့ အရာရှိတချို့ကို အရေးယူဖူးတာရှိပါတယ်။

ရခိုင်ပြည်နယ်က ရေယာဥ်တစင်းပေါ်မှာ ညှဥ်းပန်းနှိပ်စက်မှုအတွက် တပ်မတော်သားတချို့ကို တရားစွဲဆိုမှုရှိပါတယ်။

ရခိုင်ပြည်နယ်အင်းဒင်မှာ ရိုဟင်ဂျာ ၁၀ ဦးသတ်ဖြတ်မှုအတွက် တပ်မတော်သားတချို့ကို အရေးယူထောင်ချခဲ့ဖူးတာ ရှိပါတယ်။

အိုင်စီဂျေ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံးနဲ့ သက်ဆိုင်နိုင်သလား

ဓာတ်ပုံ ပုံစာ,

အိုင်စီဂျေမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအဖွဲ့ကို ဦးဆောင် ခဲ့

တပ်မတော်သားတွေ ကျူးလွန်တယ်လို့ အခုလောလောဆယ် နှစ်တွေ အတွင်းမှာ အများဆုံးနဲ့ အပြင်းထန်ဆုံးအစွပ်စွဲခံရတာက ရိုဟင်ဂျာတွေကို သတ်ဖြတ်၊ မီးရှို့၊ မုဒိမ်းကျင့်မှုပါ။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဖွဲ့စည်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင် (IIFFMM) ရဲ့အစီရင်ခံစာမှာ စွပ်စွဲချက်နဲ့ သက်သေအထောက်အထား အများအပြားပါဝင်ပြီး အဲဒီအချက်တွေကိုပဲ အိုင်စီဂျေမှာ တရားစွဲအဖွဲ့က အများဆုံး ကိုးကားထောက်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေ သိန်းချီထွက်ပြေးတဲ့ အစိုးရတပ်မတော်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးဖြစ်ပွားခဲ့တာဟာ အခု သြဂုတ်လကုန်ဆိုရင် ၃ နှစ်ပြည့်ပါတော့မယ်။ အိုင်စီဂျေနဲ့ နိုင်ငံတကာဖိအားအတွက် ရိုဟင်ဂျာအရေးမှာ ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်အရေးယူဖို့ အခုလို ဥပဒေပြင်ဆင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဦးအောင်ထူးက သုံးသပ်ပါတယ်။

“အိုင်စီဂျေလို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးကနေပြီး တာဝန်ရှိသူတွေကို အရေးယူပေးပါလို့ ဖိအားတွေတက်လာတဲ့အချိန်မှာ အရေးယူပြဖို့ လိုအပ်လာတယ်။ လိုအပ်ရင် အရေးယူမယ်။”

တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က ကန့်ကွက်သူတဦးတယောက်မှ မရှိဘဲ အားလုံးက ထောက်ခံခဲ့ကြတဲ့ အချက်ဟာလည်း အိုင်စီဂျေနဲ့ ပတ်သက်သလားလို့ ဆက်စပ်စဥ်းစားဖွယ် ဖြစ်ပါတယ်။

တပ်မတော်အပေါ် အဓိကစွဲဆိုတဲ့ အိုင်စီဂျေအမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်စီဂျေမှာ သွားရောက်တရားရင်ဆိုင်တဲ့ မြန်မာအဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ တပ်မတော်ကနေ စတင်ဆင်းသက်ပေါက်ဖွားလာတဲ့ ပါတီဖြစ်ပါတယ်။

နောက်ကြောင်းပြန်သက်ရောက်နိုင်သလား

အကယ်၍သာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အမှုတွေကို အခုချိန်မှာ ပြန်အရေးယူနိုင်ဖို့ အခုဥပဒေကို ပြင်ဆင်တာဆိုရင် နောက်ကြောင်းပြန်သက်ရောက်မှု ဖြစ်နိုင်ပါသလား။

အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့ လွန်ခဲ့တဲ့ အမှုတွေကို အရေးယူရင် နောက်ကြောင်းပြန်သက်ရောက်မှုပဲ ဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကဆိုပါတယ်။

တရားမျှတမှု အတွက် အပြစ်ရှိသူကို အရေးယူရင် ဒါဟာ ကြိုဆိုထိုက်တဲ့ ကိစ္စဖြစ်ပေမယ့် နောက်ကြောင်းပြန်သက်ရောက်တာမျိုးကတော့ ဥပဒေကြောင်းအရ အစဥ်အလာကောင်း မဟုတ်သလို နိုင်ငံတကာ တရားဥပဒေစံချိန်စံညွှန်းများနဲ့လည်း လွဲမှားတိမ်းချော်နေတယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ ဆန့်ကျင်သလား

“ဥပဒေကြောင်းအရ နောက်ကြောင်းပြန်သက်ရောက်တယ်လို့ အဓိပ္ပာယ် သက်ရောက်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပြစ်မှုဖြစ်ပွားတာကို စတင်သိရှိတဲ့အချိန်ကလို့ သုံးထားလို့ ဖြစ်တယ်။ စတင်သိတဲ့အချိန်ကစပြီး အရေးယူနိုင်တယ်ဆိုတဲ့အခါ ဘယ်အချိန်ကပဲ စသိသိလေ နောက်ကြောင်းမှာ အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ ပြစ်မှုကြီးတွေအပေါ်မှာ အရေးယူနိုင်တဲ့ အခြေအနေရောက်သွားတာကြောင့် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု ရှိတယ်လို့ပြောရင်လည်း ရတယ်လို့ ဆိုရမှာ ဖြစ်တယ်” လို့ ဦးအောင်ထူးက ဆိုပါတယ်။

၂၀၀၈အခြေခံဥပဒေရဲ့ ပုဒ်မ ၄၃ မှာတော့ အခုလိုဖော်ပြထားပါတယ်။

“မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန်အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ။”