ကာလုံ ခေါ်သင့် မခေါ်သင့် ဘယ်လိုအမြင်တွေရှိလဲ၊ ပြတ်ပြတ်သားသား နိုင်ဖို့လိုတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အပေါ် ပါတီတချို့ ဝေဖန် အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

ကာလုံ အစည်းအဝေးကို သမ္မတက ဦးဆောင်ခေါ်ယူကျင်းပရတာဖြစ်ပြီး အရပ်ဘက်နဲ့တပ်ဘက် စုစုပါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
ဓာတ်ပုံ ပုံစာ,

ကာလုံ အစည်းအဝေးကို သမ္မတက ဦးဆောင်ခေါ်ယူကျင်းပရတာဖြစ်ပြီး အရပ်ဘက်နဲ့တပ်ဘက် စုစုပါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ကာလုံ ခေါ်သင့် မခေါ်သင့် အမြင်များ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးဘာကြောင့်မခေါ်လဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

အရပ်ဘက်-စစ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်သင့်တယ်လို့ ထင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှား မဂ္ဂဇင်း Politic နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။

နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်စားပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေ မလုပ်ဘဲ၊ တစ်ဦးတည်းက ဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပြီး ထိရောက်မှန်ကန်တဲ့ဆုံးဖြတ် လုပ်ဆောင်ချက်တွေဖြစ်ဖို့ အလွန် အလှမ်းဝေးလှပါတယ်လို့လည်း တပ်ချုပ်က ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

ဓာတ်ပုံ ပုံစာ,

ကာလုံမှာ ပြည်သူနဲ့အမျိုးသားလွှတ်တော်နှစ်ရပ် ဒုဥက္ကဋ္ဌတွေလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

အရပ်ဘက်နဲ့ စစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေပါဝင်တဲ့ ကာလုံမှာ စစ်ဘက်ကိုယ်စားလှယ်တွေက အရေအတွက်ပိုများတယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိပါတယ်။

အာဏာရ NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ကာလုံ ထဲက စစ်ဘက်ကိုယ်စားပြု အရေအတွက်ကို လျှော့ပြီး အရပ်ဘက်အချိုးအစားကို တိုးမြှင့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မြန်မာနိုင်ငံလို စစ်ဖြစ်နေတဲ့တိုင်းပြည်မှာ War Cabinet လို့ ဆိုနိုင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ပုံမှန်ခေါ်ယူကျင်းပသင့်တယ်လို့ တပ်မတော်မှာ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့တဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။

တပ်မတော်ဆိုတာ အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုကို နာခံရမှာဖြစ်ပြီး တပ်မတော်ဘက်က ကာလုံခေါ်ဖို့ ပြောတာဟာ အစိုးရအဖွဲ့ရဲ့ အမိန့်ကိုတောင်းခံတဲ့သဘောလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကာလုံလို့ အမည်မတပ်ဘဲ ဒီထဲမှာပါတဲ့ပုဂ္ဂိုလ်တွေနဲ့ အစည်းအဝေးလုပ်တာ တွေ့ဆုံတာမျိုးရှိပေမယ့် အကြိမ်ရေများများ တွေ့ဆုံဆွေးနွေး စကားပြောတာက အခြေအနေကို ပိုမိုကောင်းမွန်တိုးတက်စေတယ်လို့လည်း ဒေါက်တာအောင်မျိုးက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ကာလုံမှာ တပ်ဘက်က တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတွေ တက်ရောက်ပါတယ်။

ယခင်အစိုးရသက်တမ်းက ပုံမှန်ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံ အစည်းအဝေးကို လက်ရှိအစိုးရ လက်ထက်မှာလည်း ခေါ်ယူဖို့ တပ်မတော်၊ ပြည်ခိုင်ဖြိုးနဲ့ ပါတီတချို့က တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

အခု ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တော့လည်း ကိုဗစ်အရေး ကိုင်တွယ်ဖြေရှင်းဖို့ ကာလုံခေါ်ရေး ကြံ့ခိုင်ရေးအမတ်က လွှတ်တော်ထဲ တောင်းဆိုခဲ့ပါတယ်။

လက်ရှိအစိုးရသက်တမ်းမှာတော့ တစ်ကြိမ်မှ ခေါ်ယူကျင်းပခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ သမ္မတအိမ်တော်မှာ ကာလုံ အဖွဲ့ဝင်တချို့ပါတဲ့ အစည်းအဝေးတချို့ ကျင်းပတာရှိပြီး အစိုးရဘက်က ကာလုံအစည်းအဝေးလို့ အမည်မတပ်ခဲ့တာတွေ ရှိပါတယ်။

ကာလုံခေါ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မဖြစ်မနေခေါ်ဖို့ ၊ ဘယ်အချိန်ဘယ်ကာလရောက်တိုင်း ခေါ်ရမယ်ဆိုတာမျိုး သတ်မှတ်ထားတာမရှိဘူးလို့ NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒါကြောင့် ဒီအစည်းအဝေးခေါ်ခြင်း၊မခေါ်ခြင်းဟာ သမ္မတကြီးရဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။

"ကာလုံလို့ နာမည်မတပ်ပေမယ့် ကာလုံမှာပါတဲ့ပုဂ္ဂိုလ်တွေကို ခေါ်ယူဆွေးနွေးနေကျပါပဲ။ အဲဒီတော့ တွေ့ဆုံခြင်းအားဖြင့် သဘောထားတွေ ပိုမိုနီးစပ်ညီမျှလာမယ်ဆိုရင် ကာလုံနာမည်တပ်မှ မဟုတ်ပါဘူး။ အမည်မတပ်တဲ့ ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေကတစ်ဆင့်လည်း သဘောထားချင်း ညှိနှိုင်းနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

ကာလုံအစည်းအဝေးခေါ်ခြင်းအားဖြင့် တပ်နဲ့အစိုးရ တစ်သားတည်းဖြစ်သွားမယ်ဆိုတဲ့ ပြောဆိုချက်တွေဟာလည်း တွေးဆချက်သာဖြစ်ပြီး ဒီလိုနှစ်မျိုးကွဲနေရခြင်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်သာ မူတည်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းကျ ပြုပြင်မှုမရှိဘဲနဲ့ ကာလုံ ခေါ်ခြင်းဟာမှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ နိုင်ငံတော်အတိုင်ပင်ခံဟာ သူ့ပုဂ္ဂိုလ်ရေးထက် နိုင်ငံအရေးကိုသာဦးစားပေးတာ ဖြစ်တယ်။ ဒါကြောင့် ကာလုံမှာ နိုင်ငံခြားရေးဝန်ကြီးအဆင့်နဲ့ တက်ရမှာမို့ ကာလုံမခေါ်ဘူးဆိုတာတော့မဟုတ်ဘူးလို့ပဲ ပြောချင်တယ်" လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကို ပါတီတချို့ ဘယ်လိုတုံ့ပြန်လဲ

မဲဆွယ်ကာလမရောက်ခင်မှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြည်သူသို့ ပန်ကြားချက်ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းစကားတွေပါတဲ့ ဗီဒီယိုမိန့်ခွန်းကို ပြောကြားခဲ့တဲ့အပေါ် နိုင်ငံရေးပါတီတချို့ရဲ့ဝေဖန်မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ ပုံစာ,

၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ အပြတ်အသတ်နိုင်ဖို့ အင်မတန် အရေးကြီးတာကို ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အပြတ်အသတ်အနိုင်ရဖို့ အရေးကြီးခဲ့တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ပန်ကြားချက် (၁) ဆိုပြီး အွန်လိုင်းကနေ ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့တဲ့အပေါ် နိုင်ငံရေးပါတီ တချို့ကြား ဝေဖန်နေကြတဲ့သတင်း ဖြစ်ပါတယ်။

လွှတ်တော်အသီးသီးမှာ ၇၅ ရာခိုင်နှုန်းသာ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပြီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက တပ်မတော်က ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေသာဖြစ်တာကြောင့် အစိုးရဖွဲ့နိုင်ဖို့အတွက် သာမန်ဒီမိုကရေစီနိုင်ငံတွေမှာလို ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရရုံနဲ့ မရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာပါ။

ဒါကြောင့် အစိုးရဖွဲ့နိုင်ဖို့ အပြတ်အသတ်နိုင်ဖို့ အင်မတန် အရေးကြီးတယ်လို့ ဆိုပါတယ်။

တရားဝင်မဲဆွယ်ကာလမရောက်သေးချိန်မှာ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ရွေးကောက်ပွဲဆိုင်ရာပြောကြားချက်က မဲဆွယ်တဲ့သဘောသက်ရောက်နေတယ်လို့ ပြောဆိုမှုတွေ ရှိနေတာပါ။

ဒီပြောဆိုချက်ဟာ ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပြောတာဆိုပေမယ့် ဆိုရှယ်မီဒီယာကိုသုံးပြီး ရွေးကောက်ပွဲတရားဝင်မဲဆွယ်ကာလလည်း မရောက်သေးမီ မဲဆွယ်တဲ့သဘောသက်ရောက်တဲ့ စကားတွေကို ပြည်သူသို့ပန်ကြားချက်အဖြစ် ပြောကြားတာဖြစ်လို့ ဒါကို လက်မခံနိုင်ကြောင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာပို့ဖို့ စီစဉ်နေတယ်လို့ ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ဘီဘီစီကို ပြောပါတယ်။

အခုလို ကန့်ကွက်တာကို တစ်ပါတီချင်းနဲ့ပို့မလား ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကိုယ်စားပြုပို့မလားဆိုတာကိုတော့ အဖွဲ့တွင်း ပြန်လည်ဆွေးနွေးရမယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့ပါတီကနေ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မယ့် ကိုနေယံဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် ဒေါက်တာအမ်ကောန်လနဲ့ အမြင်မတူပါဘူး။

နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ သူ့ပါတီရဲ့ သမိုင်းကြောင်းနဲ့ ဖြတ်သန်းမှုကို ပြောကြားသွားတာဖြစ်ပြီး ပြတ်ပြတ်သားသားနိုင်ဖို့လိုတယ်ဆိုတဲ့စကားဟာလည်း သွယ်ဝိုက်မဲဆွယ်တဲ့သဘောတော့ သက်ရောက်နိုင်တယ်လို့ ပြောနိုင်ပေမယ့် နိုင်ငံရေးပါတီတစ်ရပ်အတွက်တော့ ပြောသင့်ပြောထိုက်တဲ့စကားမို့ ဒီအပေါ် သိပ်သဘောထားကွဲလွဲစရာတော့မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ သမာသမတ်ကျကျ ဆောင်ရွက်သင့်ပြီး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ နောက်မျိုးဆက်သစ်လူငယ်နိုင်ငံရေးသမားတွေအတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေကို ပျိုးထောင်ချန်ထားခဲ့ဖို့ လိုအပ်မယ်လို့ ကိုနေယံဦးက တိုက်တွန်းပါတယ်။

သမ္မတအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေဟာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ ဥပဒေအရ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေလုပ်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒိနောက် သမ္မတနဲ့ အတိုင်ပင်ခံတို့ဟာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်တော့မယ်လို့ NLD က အထူးကြေညာချက်ကို ဇူလိုင် ၂ မှာ ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လဆန်းပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖေ့စ်ဘွတ်ခ်ပေ့ချ်တစ်ခု ထပ်မံဖွင့်လှစ်ခဲ့ပြီး အဲဒီကနေ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခြင်း အပါအဝင် သူ့ရဲ့ ပါတီလုပ်ငန်းဆောင်ရွက်မှုတချို့ကို အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနီးကပ်လာတာနဲ့ အမျှ အာဏာရပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာခြေလှမ်းတွေ အပေါ် ထောက်ပြဝေဖန်တာတွေက  ပိုမိုကျယ်လောင်လာမလား စောင့်ကြည့်ရမှာပါ။

ဗီဒီယို ပုံစာ,

NLD လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်လုနီးပါးဖြစ်လို့ တိုင်းရင်းသားခေါင်းဆောင်ပြော