စစ်တွေက ကိုဗစ်လူနာသစ် နဲ့ ထိတွေ့ခဲ့သူ ၅၀ ခန့်ကို ဒုတိယအသုတ် နမူနာယူမယ်

စစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံရသူ စစ်တွေမြို့က လူနာနံပါတ် ၃၇၅ နဲ့ ထိတွေ့ခဲ့သူတွေဖြစ်တဲ့ စစ်တွေမြို့က လူ ၅၀ လောက်ကို ဒုတိယအသုတ်အဖြစ် ဆေးစစ်ချက်နမူနာတွေယူသွားဖို့ရှိနေတယ်လို့ ပြည်နယ် ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စပ်ပိုးကူးစက်ခံရမှု ပထမလှိုင်းကို ထိမ်းချုပ်နိုင်တဲ့အနေအထားရှိနေပေမယ့် ကူးစက်ခံရမှု ဒုတိယလှိုင်းဖြစ်ပွားလာနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ အခုရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ စစ်တွေမြို့က အသက် ၂၆ နှစ်အရွယ် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးဟာ ပြည်ပခရီးသွားရာဇဝင်မရှိပေမယ့် ပြည်တွင်းကူးစက်မှုအဖြစ် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမျိုးသမီးအပါအဝင် ဘဏ်ဝန်ထမ်း ၆ ဦးနဲ့ ဆေးကုမ္ပဏီတစ်ခုက ဝန်ထမ်း ၂ ဦးတို့ဟာ ဇူလိုင်လ ၃၁ ရက်က ကျောက်ဖြူမြို့ကို ခရီးထွက်ခဲ့ကြပြီး ဩဂုတ် ၂ရက်မှာ လေကြောင်းလိုင်းနဲ့ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက် ဩဂုတ် ၃ ရက်မှာ ပုဏ္ဏားကျွန်းမြို့ကို သွားရောက်လည်ပတ်ခဲ့ကြပြီး ၄ ရက်နေ့မှာ ဘဏ်ကို အလုပ်ဆင်းခဲ့ကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၂ ရက်မှာတော့ လူနာနံပါတ် ၃၇၅ အမျိုးသမီးဟာ ဖျားခြင်း၊ နှာစေးခြင်း၊ အနံ့မရခြင်း စတဲ့လက္ခဏာတွေဖြစ်ပေါ်လာတဲ့အတွက် စစ်တွေမြို့က အပြင်ဆေးခန်းတခုကိုသွားရောက်ပြသခဲ့ရာ ဆရာဝန်က ကိုဗစ်သံသယရှိတဲ့အတွက် တို့ဖတ်နမူနာတွေယူပြီး သြဂုတ် ၁၄ ရက်မှာ ဆေးရုံမှာ စောင့်ကြည့်ခဲ့တာဖြစ်တယ်လို့ ရခိုင်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

ပိုးတွေ့လူနာအလုပ်လုပ်ကိုင်ရာ ဘဏ်ကို ယာယီပိတ်ထား

ပိုးကူးစက်ခံထားရသူနဲ့ ထိတွေ့ခဲ့သူတွေဖြစ်တဲ့ ကျောက်ဖြူမြို့က ၃၃ ဦးနဲ့ စစ်တွေမြို့က ၅၁ ဦးတို့ရဲ့ဆေးစစ်ချက်တွေကို ဓာတ်ခွဲစမ်းသတ်ခဲ့ရာမှာတော့ ပိုးမတွေ့ရှိရဘူးလို့သိရပြီး ဒုတိယအသုတ်အနေနဲ့ စစ်တွေမြို့က ဆက်စပ်ထိတွေ့သူ ၅၀ လောက်ကို ဆက်လက်ပြီးတော့ စစ်ချက်နမူနာတွေယူသွားဖို့ရှိနေတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

"သူနဲ့ဆက်စပ်တယ်လို့ယူဆရတဲ့ ပုဏ္ဏားကျွန်းက ၁၁ ယောက်ကိုတော့ ဒီနေ့ပို့မယ်။ စစ်တွေနဲ့ကျောက်ဖြူက ဟာတွေကတော့ မနေ့က negative ထွက်ပြီးပြီ။ စစ်တွေက ၅၁ ယောက်၊ ကျောက်ဖြူက ၃၃ ယောက်။ ဒါပေမယ့် စစ်တွေမှာနောက်ထပ် swab (နမူနာတို့ဖတ်)ယူဖို့လုပ်နေတယ်။ ဒုတိယအဆင့် ထိတွေ့သူလို့ပြောတဲ့ ၅၀ လောက်ကို swab ယူဖို့လုပ်နေတယ်"လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ပိုးတွေ့လူနာနဲ့ ခရီးအတူသွားခဲ့ကြတဲ့ ဘဏ်ဝန်ထမ်း ၂၀ ကျော်တို့ကိုလည်း ဩဂုတ် ၁၇ ရက် မနက်ပိုင်းကနေ စစ်တွေဆေးရုံကြီးမှာ ကွာရန်တင်းသွင်းထားပြီး ဘဏ်ကိုလည်းယာယီပိတ်သိမ်းထားတာကို တွေ့ရပါတယ်။

ပိုးတွေ့လူနာ ၃၇၅ နဲ့တစ်အိမ်တည်းနေထိုင်သူတွေဖြစ်တဲ့ မိသားစုဝင်လေးဦးနဲ့ အိမ်ငှားနေသူတွေကိုလည်း နေအိမ်မှာပဲ စောင့်ကြည့်ထားရှိတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

ဩဂုတ်လ ၂ ရက်နေ့က ပိုးတွေ့လူနာအမျိုးသမီးနဲ့အတူ ရန်ကုန်-သံတွဲ-ကျောက်ဖြူ-စစ်တွေ မြန်မာ့လေကြောင်းခရီးစဉ်မှာ လိုက်ပါလာခဲ့တဲ့ ခရီးသည်အားလုံးကို ကွာရန်တင်းဝင်ဖို့နဲ့ ဓာတ်ခွဲနမူနာရယူနိုင်ဖို့ အတွက် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန လူဦးရေစာရင်း လိုက်လံပြုစုနေတယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဉ်အတွင်း အစိုးရဝန်ထမ်း ၈ ဦးပါဝင်ပြီး လက်ရှိမှာအဲ့ဒီ ၈ ဦးကို ကွာရန်တင်းသွင်းထားပြီးဖြစ်ကာ ဓာတ်ခွဲနမူနာတွေရန်ကုန်ကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ်က ကူးစက်သူ ၁၇ ဦးမှာ သုံးဦးက ပြည်တွင်းကူးစက်မှုဖြစ်

စစ်တွေမြို့က လက်ရှိပိုးကူးစက်ခံထားရတဲ့သူဟာ ပြည်တွင်းကူးစက်ခံထားရသူဖြစ်ပြီး အခုလို ပြည်တွင်းကူးစက်မှုတွေဖြစ်ပွားလာခဲ့တာဟာ ပြည်ပက ပြန်ဝင်လာတဲ့သူတွေကို ထိန်းချုပ်နိုင်မှုအားနည်းတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ရခိုင်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က သုံးသပ်ပြောဆိုပါတယ်။

"အဲ့ဒီမိန်းကလေးက ပြည်ပခရီးသွားရာဇဝင်လည်းမရှိဘူး။ ဒေသတွင်းခရီးစဉ်တစ်ခုသွားပြီးတဲ့နောက်ပိုင်းမှ ကူးလာတဲ့အခါကျတော့ ကျောက်ဖြူကပဲ ကူးလာတာလား၊ ပုဏ္ဏားကျွန်းကပဲ ကူးလာတာလား၊ ဒါမှမဟုတ် ဘဏ်ဝန်ထမ်းဆိုတော့ ဘဏ်မှာငွေသွင်းငွေထုတ်လာလုပ်တဲ့လူတွေဆီက ကူးတာလား၊ အဲ့လိုမျိုးတစ်ခုခုပေါ့။ ဒါမှမဟုတ် သူနေထိုင်တဲ့ရပ်ကွက်ထဲမှာ ခိုးဝင်လာတဲ့ ပြည်တော်ပြန်တချို့များရှိလို့ ကူးတာလား အဲ့လိုမျိုးလဲ သုံးသပ်ကြည့်တာပေါ့နော်"လို့ ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က ကိုဇော်လှိုင်ထွန်းက သုံးသပ်ပြောဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုတွေဖြစ်ပွားလာပြီးတဲ့နောက်မှာ ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံတွေဟာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး အဲ့ဒီထဲမှာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်မှုကိုခံယူတဲ့သူတွေရှိသလို တချို့ကတော့ စောင့်ကြည့်ခံရမှာကိုစိုးရိမ်ပြီး ခိုးဝင်ရောက်ရှိနေသူတွေလည်းရှိနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လပိုင်းတွေက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ကိုဗစ်ပိုးကူးစက်မှုနဲ့ပတ်သက်လို့ ပညာပေးထုတ်ပြန်ချက်တွေကို သိရှိနိုင်တဲ့အနေအထားတွေ မရှိခဲ့သလို သိတဲ့သူတွေအနေနဲ့လည်း ပြန်လည်ဝေမျှတာတွေနည်းပါးခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေနဲ့လည်း တိတိကျကျဆောင်ရွက်နိုင်မှုတွေ အားနည်းခဲ့သလို အရေးပေါ်အခြေအနေတစ်ခုခုဖြစ်တိုင်း MOHS ကထုတ်ပြန်မှာကိုပဲ စောင့်ဆိုင်းနေခဲ့ကြရကြောင်းနဲ့ ပြည်နယ်အစိုးရအနေနဲ့ အရေးပေါ်ထုတ်ပြန်ပေးတာတွေ မတွေ့ရသလို ထိန်းချုပ်မှု အားနည်းတာတွေကို တွေ့ရတယ်လို့ ထောက်ပြပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကူးစက်ခံရသူပေါင်း ၁၇ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ပြည်တွင်းကူးစက်ခံရသူ သုံးဦးအထိရှိလာပြီး ကျန်သူတွေကတော့ ပြည်ပကနေ ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၇ ဦးဟာ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ စစ်တွေမြို့တို့ကဖြစ်ပြီး မလေးရှားနိုင်ငံက ပြန်ဝင်လာသူ ၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာသူ ၁၂ ဦးနဲ့ ပြည်တွင်းကူးစက်ခံရသူ ၃ ဦးတို့ဖြစ်ပါတယ်။

အဲဒီကူးစက်ခံရသူတွေအနက် နောက်ဆုံးကူးစက်ခံရတဲ့ လူနာနံပါတ် ၃၇၅ တစ်ဦးတည်းသာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကာ ကျန် ၁၆ ဦးကတော့ ပိုးကင်းစင်သွားကြပြီလို့ သိရပါတယ်။