ဘားအံရေဘေး လူ ၁,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံ

ဘားအံ အမှတ် ၁ ရပ်ကွက်အတွင်း ရေဝင်လာလို့ရွှေ့ပြောင်းနေစဥ်

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Department

ဓာတ်ပုံ ပုံစာ,

ဘားအံ အမှတ် ၁ ရပ်ကွက်အတွင်း ရေဝင်လာလို့ရွှေ့ပြောင်းနေစဥ်

ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေတက်တာကြောင့် ရေဘေးဒုက္ခသည်စခန်း ၆ ခု ဖွင့်ထားရပြီး လူဦးရေ ၁,၂၀၀ ကျော်ကို သူတို့နေအိမ်တွေကနေ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ပေးထားတယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဘီဘီစီကို ပြောပါတယ် ။

ကိုဗစ်ကာလ ဖြစ်တာကြောင့် သူတို့ကို ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းတွေအတိုင်း နေရာချထားပေးထားတယ်လို့လည်း သူက ပြောပါတယ်။

ဘားအံမြို့က ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၁ တို့ အပါအဝင် အနိမ့်ပိုင်းရပ်ကွက်တွေမှာ သံလွင်မြစ်ရေတွေ ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်တွေထဲကို သြဂုတ်လ ၂၄ ရက်ညနေ ကတည်းက ရေတွေ စတင် ဝင်ရောက် လာတာ ဖြစ်ပြီးတော့ အခုအခါ တချို့နေရာ မှာ ခါးတစ်ဝက်လောက်ထိ ရေတွေတက်လာနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Deaprtment

ဓာတ်ပုံ ပုံစာ,

လူတစ်ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံ

ဘားအံမြို့ပေါ်မှာ မိုးလုံ လေလုံ အားကစားရုံ၊ အမက (၈)၊ အမက (၅)၊ ရွှေရင်မျှော်ဘုရား၊ အစ္စလာမ်ပရဟိတ စာသင်ကျောင်းစတဲ့ နေရာတွေမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေနဲ့ ထားရှိသလို ရေကြီးမှုကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေအတွက်ပါ ပြင်ဆင်ထားတယ်လို့ လည်း ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

"သွေးလွန်တုပ်ကွေးကလည်းနောက်ဆက်တွဲစိုးရိမ်စရာရှိတယ်။ ဒီနေ့ ကယ်ဆယ်ရေး ပစ္စည်းတွေဝေတဲ့ အခါမှာ ဝမ်းလျှောဝမ်းပျက် ဖြစ်ရင်သောက်ဖို့ အတွက် ကျွန်တော်တို့ဆေးတွေပါထည့်ပေးပါတယ်"လို့ ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

ဘားအံနဲ့ ရွှေဂွန်းမှာ မြစ်ရေကြီးနေသလို့ ဖာပွန် နဲ့ကော့ကရိတ် အစရှိတဲ့ မြို့နယ်တွေမှာ မိုးရွာသွန်းမှုနဲ့ တောင်ကျရေတွေကြောင့် ရေကြီးတာတွေ လမ်းပျက်တာတွေ ရှိနေတယ်လို့ ကရင်ပြည်နယ် အစိုးရဆီကနေ သိရပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Deaprtment

ဓာတ်ပုံ ပုံစာ,

ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်က ချောင်းကူးတံတားတစ်ခု ရေနစ်မြုပ်နေစဥ်

ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ကျေးရွာတွေမှာလည်း မြစ်ရေ ဝင်တာတွေရှိတယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာ ဖြစ်ပြီး သံလွင်မြစ်ရေဟာ လက်ရှိမှာ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော် မြင့်တက်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ ရဲ့ အထက် ၇၉၁ စင်တီမီတာ ရောက်ရှိ ခဲ့တာလို့လည်း ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဘားအံ မြို့ အနိမ့်ပိုင်း ရပ်ကွက်အစွန်းတွေမှာ နေထိုင်သူတွေအတွက် ကူညီကယ်ဆယ် နေရာချထားရေး၊ ရေကင်းလှည့်ရေး၊ ကယ်ဆယ်ရေးနဲ့ အရေးပေါ် နေရာပြောင်းရွှေ့ချထားရေး အစရှိတဲ့ လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ထားကြောင်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က သြဂုတ်လ ၂၃ ရက်နေ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD kayin State

ဓာတ်ပုံ ပုံစာ,

ဘားအံမြို့ မြေနိမ့်ပိုင်းမှာ နေထိုင်သူများထံ သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ကရင် ပြည်နယ်ဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှု

ကရင်ပြည်နယ် အနှံအပြားမှာ မိုးဆက်လက် ရွာသွန်းနေလို့ မြစ်ရေ ဆက်တိုးလာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

ဒါကြောင့် မြစ်ချောင်းဘေးနေထိုင်သူတွေနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ လိုကြောင်းနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က အရေးပေါ်ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိကြဖို့ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေကို လမ်းညွန်ချက် ထုတ်ပြန် ထားတယ်လို့ ဆိုပါတယ်။

သံလွင်မြစ်ရေ ဝင်ရောက်နေတဲ့ ဘားအံမြို့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေဆီကို သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ဘားအံ့မြို့ ရွေဖားစည် အိမ်ရာမှာ နေထိုင်သူတစ်ဦးကတော့ ဘားအံမြစ်ရေဟာ အခုထိ ကျဆင်းခြင်းမရှိဘဲ ဆက်တိုးနေကြောင်းနဲ့ နေအိမ်အတွင်း ရေဝင်နေတာ ခါးတစ်ဝက်လောက် ရောက်နေပြီဖြစ်ကြောင်း လျှပ်စစ်မီးတွေကို အစိုးရက ဖြတ်ထားကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။