ရခိုင်ပြည်နယ် ၁၀ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှုတွေဖြစ်ပွား၊ ၁၀ ရက် အတွင်း လူ၁၇၀ နီးပါးကူးစက်ခံရ

သြဂုတ်လ ၁၆ ရက်ကစပြီး ရခိုင်မှာဒေသတွင်း ကူးစက်မှုတွေရှိလာ

ဓာတ်ပုံ ရင်းမြစ်, KAUNG MRAT NAING/MPA

ဓာတ်ပုံ ပုံစာ,

သြဂုတ်လ ၁၆ ရက်ကစပြီး ရခိုင်မှာဒေသတွင်း ကူးစက်မှုတွေရှိလာ

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်၁၇ မြို့ အနက် မြို့နယ် ၁၀မြို့မှာ စစ်တွေမြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွား နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဩဂုတ် ၂၆ ရက်နေ့လယ်ပိုင်း အထိ ရခိုင်မြောက်ပိုင်းနဲ့ တောင်ပိုင်း မြို့နယ် တွေမှာ ဆက်လက်ကူးစက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုတွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့က စစ်တွေမြို့မှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့ မြောက်ဦး၊ သံတွဲ၊ ဘူးသီးတောင်၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်တွေ အပြင် မောင်တော၊ မင်းပြား ၊ ပုဏ္ဏားကျွန်း၊မြေပုံ စတဲ့မြို့နယ်တွေကို ပါ ပျံ့နှံ့ကူးစက်မှုတွေဖြစ်ပွားနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ရောဂါပိုးကူးစက်ခံရမှုကြောင့် ၁၀ ရက်တာအတွင်း စစ်တွေမြို့ပေါ်မှာ ပိုးတွေ့လူနာပေါင်း ၁၀၀ ခန့် အထိရှိလာနေပြီလို့ လည်း ရခိုင် ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ ကနေသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

စစ်တွေမှာ ၁၀ ရက်အတွင်းကူးစက်ခံရသူ ၁၀၀ ကျော်ပြီ

ဩဂုတ် ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲမှာ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၇၀ ဦးထပ်မံတွေ့ရှိခဲ့တယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ၇၀ ဦးထဲမှာ ရခိုင်ပြည်နယ်က ၆၉ ဦးပါဝင်ပြီး တစ်ဦးကတော့ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ကဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်က ၆၉ ဦးကတော့ စစ်တွေမြို့နယ်က ၃၀ ဦး၊ မောင်တောမြို့နယ်က ၁၃ ဦး၊ မြောက်ဦးမြို့နယ်က ၈ ဦး၊ မြေပုံ ၆ ဦး၊ မင်းပြားမြို့နယ်က ၅ ဦး၊ ကျောက်တော်မြို့နယ်က ၄ ဦး၊ ပေါက်တော၊ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေက ၁ ဦးစီဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ပိုးကူးစက်ခံရမှုဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမအကြိမ်တုန်းက တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ စစ်တွေမြို့နယ်တွေမှာ ပိုးကူးစက်ခံရသူ ၁၆ ဦးရှိခဲ့ကာ အခု ဩဂုတ် ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ်မှာတော့ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ပေါက်တော၊ ကျောက်ဖြူ၊ မောင်တော၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း ၁၀ မြို့နယ်ကို ကူးစက်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာ ဒေသတွင်းကူးစက်ခံနေရတဲ့ မြို့နယ် ၁၀ ခုအတွင်းမှာ ကူးစက်ခံရသူပေါင်း ၁၇၆ ဦးအထိရှိလာနေပြီဖြစ်ကာ စစ်တွေမြို့နယ်ကတော့ ပိုးတွေ့လူနာ ၁၁၁ ဦးအထိအများဆုံး ကူးစက်ခံထားရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KAUNG MRAT NAING/MPA

ဓာတ်ပုံ ပုံစာ,

မောင်တောမှာလည်း ဒေသတွင်းကူးစက်ခံရသူတွေရှိလာ

လက်ရှိပိုးတွေ့လူနာတွေကို ဆေးဝါးကုသမှုတွေလုပ်ပေးနေတဲ့ စစ်တွေဆေးရုံမှာတော့ လူနာ ၁၀၀ ဦးကိုသာ ကုသပေးနိုင်မှာဖြစ်ပြီး ပို့တွေ့သူ ၁၀၀ ဦးကျော်လာပြီဖြစ်တဲ့အတွက် စစ်တွေ သူနာပြုသင်တန်းကျောင်းကိုပါ ကုသဆောင်အဖြစ် တိုးချဲ့ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာနကနေသိရပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ်။ အလယ်ပိုင်းဒေသက အမ်းမြို့နယ်နဲ့ တောင်ပိုင်းဒေသက ရမ်းဗြဲ၊ မာန်အောင်နဲ့ ဂွ မြို့နယ် တွေမှာတော့ ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးကူးစက်မှု မတွေ့ရှိရသေးပါဘူး။

စစ်တွေမြို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု များပြားလာနေသလို ရန်ကုန်နဲ့ အဆက်သွယ်ပြတ်နေတာကြောင့် သံသယလူနာတွေနဲ့ ဆက်စပ်မှုရှိသူတွေရဲ့ တို့ဖတ်နမူနာတွေကို ဓာတ်ခွဲစမ်းသပ်ဖို့အတွက် ရန်ကုန်မြို့ကို ပို့ဆောင်ရာမှာ ယခင်ကလို နေ့ချင်း မပို့နိုင်တော့ဘဲ လေယာဉ်ရှိတဲ့နေ့တွေကိုစောင့်ဆိုင်းပြီးတော့ သုံးရက်တစ်ကြိမ်စီ ပို့ဆောင်ပေးနေရတယ်လို့ ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်ရေးအဖွဲ့က ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

စစ်တွေဆေးရုံကျန်းမာရေးဝန်ထမ်းတွေလည်း ကူးစက်ခံနေရ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

"စစ်တွေဆေးရုံမှာတော့ လူနာ ၁၀၀ ထိထားလို့ရတယ်။ ၁၀၀ ကျော်လာလို့ရှိရင်တော့ သူနာပြုသင်တန်းကျောင်းကိုပြောင်းမယ်။ အရေးမကြီးတဲ့လူနာတွေကို အဲ့ဒီကိုပြောင်းမယ်။ အရေးမကြီးဆိုတာက အခု ရောဂါလက္ခဏာ မပြတဲ့ လူနာတွေရှိတယ်။ အဲ့ဒီလူနာတွေကို သူနာပြုသင်တန်းကျောင်းမှာပဲ စောင့်ရှောက်မယ်။ ဆေးရုံဘက်မှာ အရေးကြီးတဲ့ လူနာပဲကုမှာ"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ် ၁၉ ပိုးကူးစက်ခံရသူတွေထဲမှာ ဆရာဝန်သုံးဦးအထိ ထပ်မံ ကူးစက်ခံထားရတယ်လို့သိရပါတယ်။ ထပ်မံ ကူးစက်ခံရသူတွေကတော့ စစ်တွေမြို့က ဆရာဝန်နှစ်ဦးနဲ့ မြောက်ဦးက ဆရာဝန်တို့ဖြစ်ကြပါတယ်။

လက်ရှိမှာ စစ်တွေဆေးရုံအတွင်း ပိုးတွေ့လူနာတွေကို ကုသမှုတွေပြုလုပ်ပေးနေကြတဲ့ ဆရာဝန်နှစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်း တော်တော်များများဟာလဲ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတယ်လို့ ကျန်းမာရေးဌာနကနေ သိရပါတယ်။

ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးရုံမှာပဲဖြစ်ဖြစ် ဆေးခန်းမှာပဲဖြစ်ဖြစ် ကူးစက်မှုတွေဖြစ်ပွားနိုင်သူတွေဖြစ်ပြီး အကာအကွယ်ပစ္စည်းတွေကို အသုံးပြုကုသနေကြတာဖြစ်ပေမဲ့ အချိန်တိုင်းကူးစက်သွားနိုင်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KAUNG MRAT NAING/MPA

ဓာတ်ပုံ ပုံစာ,

ရခိုင် က ဒီရက်ပိုင်းကူးစက်ခံရသူတတွေဟာ စစ်တွေကို ခရီးသွားခဲ့တဲ့သူတွေဖြစ်

သြဂုတ်လ ၂၅ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တဲ့ ပိုးကူးစက်ခံရသူတွေထဲက ပေါက်တောမြို့နယ်က ၁၂ ဦးဟာ မြို့ပေါ်မှာနေထိုင်သူတွေဖြစ်ကြပြီး အသက် ၇ နှစ်ကနေ ၅၃ နှစ်အရွယ်ထိပါဝင်နေတာကိုတွေ့ရပါတယ်။

ရောဂါပိုးပြန့်ပွားမှု အခြေအနေက မြန်ဆန်နေပြီး ကူးစက်ခံရသူတွေလည်း များပြားလာနေတဲ့အတွက် ထိန်းချုပ် ကာကွယ်မှုလုပ်ငန်းစဉ်တွေကို အခုထက်ပိုမို အာရုံစိုက် လုပ်ဆောင်ဖို့လိုအပ်နေသလို ပေါက်တောဆေးရုံဟာ ၂၅ ခုတင်ဆံ့ ဆေးရုံဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်နိုင်ကြောင်းနဲ့ ဒီထက် ပိုပြီးကူးစက်ခံရလို့ရှိရင် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

အဲ့ဒီလူတွေဟာ စစ်တွေကို ခရီးသွားလာဖူးတဲ့လူတွေဖြစ်ကြပြီး ကျန်းမာရေးဌာနက နှာခေါင်း၊ အာခေါင်တို့ဖတ်တွေယူပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အခါမှာ ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်နယ် ကျန်းမာရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

"အကုန်လုံးကို စစ်တွေကလာတဲ့ လူတွေဖြစ်နေတယ်ဗျ။ တချို့ဆိုရင် ကျောင်းသားလေးတွေပါတယ်။ ကျွန်တော်တို့သိရသလောက် ဘော်ဒါဆောင်တို့ ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှာ နေတဲ့ကလေးတွေပေါ့။ ပြီးမှ ဒီကလေးတွေရဲ့အမေတွေအဖေတွေနဲ့ ပတ်သက်ပြီးတော့ Positive တွေ့ရတာဖြစ်ပါတယ်။"လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

အဲ့ဒီကျောင်းသားလေးတွေဟာ ပေါက်တောကနေ စစ်တွေမြို့မှာ လာရောက်ပညာသင်ကြားနေကြတဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေဖြစ်ကြပြီး စစ်တွေမြို့ပေါ်မှာကိုဗစ် ၁၉ ကူးစက်မှုမြင့်မားလာနေတဲ့အတွက် တစ်မြို့လုံးကို အသွားအလာကန့်သတ်လိုက်သလို ကျောင်းတွေကို ပိတ်လိုက်တဲ့အချိန်မှာ သူတို့ရဲ့နေရပ်တွေကို ပြန်သွားကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ko Maung Wine

ဓာတ်ပုံ ပုံစာ,

မြောက်ဦးမှာလည်း ပိုးတွေ့လူနာထပ်တိုး

အခုလိုမျိုး ပိုးကူးစက်ခံရသူတွေ များပြားလာနေသလို စစ်တွေကနေတစ်ဆင့် တခြားမြို့နယ်တွေကိုပါ ကူးစက်ခံရတာတွေ ရှိနေတဲ့အတွက် မြို့တွေကို Lockdown ချပြီးတော့ တားဆီးကာကွယ်တဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ လိုအပ်နေပြီးလို့ ဦးအောင်ကျော်ထွီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

အခုလို ကိုဗစ် ၁၉ ပိုးကူးစက်မှုတွေ များပြားလာနေတဲ့အတွက် ရခိုင်ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့သံတွေမြို့တွေကိုလဲ အသွားအလာကန့်သတ်ထားဖို့ အဲ့ဒီမြို့တွေမှာနေထိုင်သူတွေအနေနဲ့ အပြင်ကိုမထွက်ကြဖို့ ဩဂုတ် ၂၅ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ် ၁၉ ရောဂါပိုးပြန့်ပွားကူးစက်နေမှုနဲ့ပတ်သက်လို့ အသွားအလာကန့်သတ်ခံထားရတဲ့ မြို့နယ် ငါးမြို့နယ်အထိ ရှိလာနေပြီဖြစ်ပါတယ်။