တစ်ရက်တည်းအတည်ပြုလူနာသစ် နှစ်ရာကျော် တွေ့ရှိ၊ သေဆုံးသူ ၁၄ ဦးထိရှိလာ

၂၄ နာရီအတွင်း ပိုးတွေ့လူနာတွေ့ရှိမှုနှုန်းဟာ စက်တင်ဘာ ၉ ရက်မှာ ၂၀၂ ဦးနဲ့ အမြင့်ဆုံးဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

၂၄ နာရီအတွင်း ပိုးတွေ့လူနာတွေ့ရှိမှုနှုန်းဟာ စက်တင်ဘာ ၉ ရက်မှာ ၂၀၂ ဦးနဲ့ အမြင့်ဆုံးဖြစ်လာပါတယ်။

စက်တင်ဘာ ၉ ရက်အတွက် ဒုတိယသုတ် ဓာတ်ခွဲနမူနာနှစ်ထောင်ကျော်ကို စစ်ဆေးခဲ့ရာမှာ ကိုဗစ်အတည်ပြုလူနာသစ် ၁၂၀ ကိုတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၉ ရက်အတွက် ပထမသုတ် ဓာတ်ခွဲနမူနာ တစ်ထောင်ကျော်ကို စစ်ဆေးခဲ့တဲ့အနက် အတည်ပြုလူနာ ၈၂ ဦးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၉ ရက်တစ်ရက်တည်း အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း သုံးထောင်ကျော်စစ်ဆေးခဲ့တဲ့အထဲက လူနာသစ် စုစုပေါင်း ၂၀၂ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အတည်ပြုလူနာတွေထဲက ဆီးချိုနဲ့သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး လူနာနံပါတ် ၁၅၉၀ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်းကြောင့် စက်တင်ဘာ ၉ ရက်ညပိုင်းမှာ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဆီးချိုရောဂါအခံရှိသူ လူနာနံပါတ် ၁၄၉၁ ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နှလုံးကြွက်သားရောင်ရမ်းခြင်းကြောင့် စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်မနက် ထုတ်ပြန်တဲ့အတည်ပြုလူနာသစ် ၁၂၀ ထဲမှာ ရန်ကုန်က ၅၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေမြို့က ၃၁ ဦး၊ ကျောက်ဖြူက ၁၂ ဦး၊ ကျောက်တော်က ၃ ဦး၊ နေပြည်တော်က ၄ ဦး၊ မန္တလေးတိုင်း ပုသိမ်ကြီးနဲ့ မိထ္ထီလာတို့က တစ်ဦးစီ၊ ကလေးမြို့က တစ်ဦး၊ ဖျာပုံက ၅ ဦး၊ မအူပင်က ၃ ဦး၊ ဘိုကလေးက တစ်ဦး၊ နတ်မောက်က ၂ ဦးနဲ့ မြိုင်မြို့နယ်က တစ်ဦး၊ ဗန်းမော်၊ မော်လမြိုင်၊ ကျိုက်ထိုနဲ့ မုဒုံတို့က တစ်ဦးစီဖြစ်ပါတယ်။

အတည်ပြုလူနာ ၂,၀၀၀ ကျော်အနက် ရန်ကုန်က အများဆုံးဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့တွင်း ၂၈ မြို့နယ်ကို stay at home နေအိမ်တွင်သာ နေထိုင်ရေး သတ်မှတ်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။

မြန်မာမှာအတည်ပြုလူနာပေါင်းဟာ ၂,၁၈၉ ဦးရှိပြီး အတည်ပြုလူနာတွေထဲက ၅၅၃ ဦးကိုဆေးရုံက ဆင်းခွင့်ပြုပြီးဖြစ်ပါတယ်။

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာဟာ ၃၇၄ ဦးကနေ ၂,၀၀၀ ကျော်ကို တစ်လမပြည့်ခင် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၁၆ ရက် ပြည်တွင်းကူးစက်သူတစ်ဦး စတင်တွေ့ရှိရာကနေ သုံးပတ်ကျော်အတွင်း နေ့စဉ် ပိုးတွေ့လူနာဦးရေ ရာဂဏန်းနီးပါး တွေ့လာရတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းထိ မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိတဲ့နေရာဆိုလို့ ကယားပြည်နယ်တစ်ခုသာကျန်ရှိပါတော့တယ်။