ပြည်ထောင်စုလွှတ်တော် သက်တမ်း ၁၀ နှစ်အတွင်း အပြောင်းအလဲ

၂၀၂၀ မြန်မာရွေးကောက်ပွဲ

ဒုတိယအကြိမ် လွှတ်တော် သက်တမ်းရဲ့နောက်ဆုံး အစည်းအဝေးတွေ သြဂုတ်လအတွင်းက ပြီးဆုံးသွားခဲ့ပြီး လာမယ့် နိုဝင်ဘာလ မှာ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပါတယ်။

လွှတ်တော် ပထမအကြိမ် စခေါ်ခဲ့တဲ့၂၀၁၀ ဇန်နဝါရီလကနေ ရေတွက်ရင် လာမယ့် ဇန်နဝါရီလ ကုန်ရင် လွှတ်တော် သက်တမ်းဟာ ၁၀ နှစ်ခန့် ရှိလာပါပြီ။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် အထွေထွေရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်ရဲ့ ပထမဆုံးလွှတ်တော် သက်တမ်းမှာ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ သူပါတီရဲ့ ကိုယ်စားပြု အစိမ်းရောင် ဖြစ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ရွေးကောက်ခံ ထိုင်ခုံနေရာ ၇၆ ရာခိုင်နှုန်းကျော် ကို အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ မှာ တော့ အန်အယ်လ်ဒီပါတီ ကနေရာ ရွေးကောက်ခံ နေရာ အများစု ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီကိုတော့ အနီရောင် ကိုယ်စားပြုတဲ့ပါတီ ဆိုပြီး လူသိများကြပါတယ်။

ပြည်ထောင်စုလွှတ်တော်

=====================

ပြည်ထောင်စုလွှတ်တော်ဆိုတာ ၂၀၀၈ အခြေခံဥပဒေ အရ အမျိုးသားလွှတ်တော် နဲ့ပြည်သူလွှတ်တော် နှစ်ရပ်ပေါင်းကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် က ကိုယ်စားလှယ် ၄၄၀ နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ် ၂၂၄ တို့ပေါင်းစည်းပြီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ နေ ရာဖြစ်ပါတယ်။ ဒီတော့ လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကိုယ်စားလှယ် အများဆုံးနေရာရတဲ့ပါတီက အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ အစိုးရဖွဲ့နိုင်ဖို့ လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၆၄ မှာ တစ်ဝက်ကျော် ၃၃၂ နေရာ အနည်းဆုံးရတဲ့ ပါတီက အစိုးရဖွဲ့ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတကို ရွေးနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဌာန်းချက်အရ လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၆၄မှာ တပ်မတော် က တိုက်ရိုက်ခန့်ကိုယ်စားလှယ် ၁၆၆ ဦးက တိုက်ရိုက် ဝင်နေတာ ဖြစ်ပါတယ်။ ဒီတော့တကယ်တမ်း ရွေးကောက်ပွဲမှာ ပြိုင်ရမယ့်နေရာက တိုက်ရိုက်ခန့်ကိုယ်စားလှယ် ၁၆၆ ဦးကို နုတ်ရင် ပြည်သူလွှတ်တော် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ ၄၉၈ နေရာပဲ ရှိပါတယ်။နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြတွေရှိရင်တော့ ဒီထက်ပိုပြီးနည်းနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဟာ လွှတ်တော် နှစ်ရပ် ပေါင်းကိုယ်စားလှယ်နေရာ ၃၉၀ အနိုင်ရခဲ့ပြီး ၂၀၁၀ တုန်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ၃၈၈နေရာ အနိုင် ရရှိခဲ့ပါတယ် ။

အမျိုးသားလွှတ်တော် ၁၀ နှစ်အတွင်းအပြောင်းအလဲ

======================================

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ် တစ်ခုစီက ၁၂ နေရာနဲ့ တစ်နိုင်ငံလုံး စုစုပေါင်း၁၄ နေရာ အတွက် ၁၆၈ နေရာ အရွေးခံရမှာ ဖြစ်ပါတယ် ။ ရွေးကောက်ပွဲဝင်စရာမလိုတဲ့ တိုက်ရိုက်ခန့် တပ်မတော်သားကိုယ်စားလှယ်က လေးပုံတစ်ပုံ ၅၆ ဦးပါဝင်ပြီး စုစုပေါင်း ၂၂၄ နေရာ ဖြစ်ပါတယ် ။

၂၀၁၀ တုန်းက ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ၁၂၉ နေရာ အနိုင်ရခဲ့ပြီး ရာခိုင်နှုန်း ၇၀ ကျော် အနိင်ရခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ်သွားတဲ့ အစိုးရ အဖွဲ့ဝင်တွေ နေရာအတွက် အမျိုးသားလွှတ်တော်က ၆ နေရာ အပါအဝင် ပြည်သူ့လွှတ်တော်ကနေရာ ၄၀ နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အတွက် ၂ နေရာ ကျင်းပခဲ့ပါတယ် ။

အဲဒီတုန်းက အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေက ပါဝင်ယှဥ်ပြိုင်ခဲ့ရာမှာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ ကလွဲလို့ ၄၃ နေရာကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး အန်အယ်လ်ဒီပါတီ က ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့ပြီးလွှတ်တော်ထဲကို သူတို့ရဲ့ ပါတီကိုယ်စားပြု အနီရောင်တွေ စတင်ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၅ မှာ တော့ အန်အယ်လ်ဒီ ပါတီ က ကိုယ်စားလှယ် နေရာစုစုပေါင်း ၁၃၅ နေရာ အနိုင်ရသွားပြီး လွှတ်တော် တွင်းမှာ နေရာ အများစုရတဲ့ပါတီဖြစ်လာပါတယ်။

၂၀၁၂ မှာ အန်အယ်ဒီဘက်က ပြည်သူ့လွှတ်တော် နေရာ ၃၀ ကျော်ဝင်ရောက်လာ

=====================================================

ပြည်သူ့လွှတ်တော်က မြန်မာနိုင်ငံမှာ ရှိတဲ့ မြို့နယ်တစ်မြို့နယ်စီက ကိုယ်စားပြုကိုယ်စားလှယ် တစ်ဦးစီရွေးတာဖြစ်ပါတယ် မြန်မာနိုင်ငံမှာ မြို့နယ် ပေါင်း၃၃၀ ရှိလို့ ကိုယ်စားလှယ်နေရာ ၃၃၀ အတွက် ယှဥ်ပြိုင်ကြမှာပါ။ လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်းက ၄၄၀ နေရာဖြစ်ပြီး တပ်မတော်က ကိုယ်စားလှယ်က လေးပုံတစ်ပုံ ၁၁၀ ပါဝင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ၂၅၉ နေရာအနိုင်ရခဲ့ ပါတယ်။

၂၀၁၂ ကြားဖြတ်မှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ အနိုင်ရပြီး စဝင်လာခဲ့ပါတယ် ။

၂၀၁၅ မှာ တော့ အန်အယ်လ်ဒီပါတီက ၃၃၀ မှာ ၂၅၅ နေရာ အနိုင်ရ ရှိခဲ့ပါတယ် ။

လွှတ်တော်က နိုင်ငံတော်သမ္မတကိုဘယ်လိုရွေးသလဲ

==================================

မြန်မာနိုင်ငံ အစိုးရ ဖွဲ့စည်းပုံက အစိုးရအဖွဲ့ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတ ကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ပါတယ် ။

အမျိုးသားလွှတ်တော်က သမ္မတလောင်း တစ်ဦး ကိုယ်စားလှယ်တွေက အဆိုပြုနိုင်သလို ပြည်သူ့လွှတ်တော်က သမ္မတလောင်း တစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ်က သမ္မတလောင်းတစ်ဦး၊ ပေါင်း ၃ ဦးထဲက တစ်ဦး ရွေးတာ ဖြစ်ပါတယ်။ ဒီလို သမ္မတ ရွေးဖို့ရာမှာ ပြည်ထောင်စုလွှတ်တော်က တပ်မတော်သားကိုယ်စားလှယ် ၂၂၄ အပါအဝင် လွှတ်တော် နှစ်ရပ်ပေါင်းက ကိုယ်စားလှယ် ၆၆၄ ဦးမဲနဲ့ မဲပေးကြတာ ဖြစ်ပါတယ်။