အမတ်လောင်းတွေကို အွန်လိုင်းက တစ်ဆင့် လိုအပ်ချက်တွေ ပြောနိုင်မယ့် အစီအစဉ် စတင်

ကိုဗစ်ကာလမို့ မဲဆွယ်စည်းရုံးရေးတွေမှာ နိုင်ငံရေးပါတီတွေဟာ အကန့်အသတ်တွေကြုံနေရပါတယ်။
ဓာတ်ပုံ ပုံစာ,

ကိုဗစ်ကာလမို့ မဲဆွယ်စည်းရုံးရေးတွေမှာ နိုင်ငံရေးပါတီတွေဟာ အကန့်အသတ်တွေကြုံနေရပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်မြို့နယ်မှာ ဖြစ်စေချင်တဲ့ ကဏ္ဍတွေကို ကိုယ်စားလှယ်လောင်းတွေကို ပြောပြနိုင်တဲ့ 'ပြည်သူ့အသည်းကြားက ရွေးကောက်ပွဲကတိများ' အစီအစဉ် ကို မြန်မာ့ပဉ္စမ မဏ္ဍိုင်က စက်တင်ဘာ ၁၅ ရက်မှာ စတင်လိုက်ပါတယ်။

အဲ့ဒီအစီအစဉ်ကို https://campaignpromise.info/township လင့်ခ် ကတစ်ဆင့် ဝင်ရောက်နိုင်ပြီး မြို့နယ်အလိုက် လိုအပ်ချက်တွေကို တောင်းဆိုနိုင်တာကြောင့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကိုယ်ဝင်ပြိုင်မယ့် မဲဆန္ဒနယ်ကပြည်သူတွေအတွက် ဘာလုပ်ပေးရမလဲ ဆိုတာကို ဒီအချက်အလက်တွေကနေ အလွယ်တကူ သိရှိနိုင်မှာဖြစ်ပါတယ်။

တောင်းဆိုချင်သူတွေအနေနဲ့ အဲဒီလင့်ခ်ကို ဝင်လိုက်ရင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြေအသုံးချမှု၊ လျှပ်စစ်မီး၊ သန့်ရှင်းသောရေရရှိရေး၊ လုံခြုံရေးနဲ့သန့်ရှင်းသာယာရေး စတဲ့ကဏ္ဍ တွေထဲက ကိုယ့်မြို့နယ်အတွက် လိုအပ်တဲ့ ၃ ခုကို ရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။

အဲဒီလို မြို့နယ်အလိုက် တက်လာတဲ့တောင်းဆိုချက်တွေကို တော့ https://campaignpromise.info/township/requests မှာ စုစည်းဖော်ပြထားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီတောင်းဆိုချက်တွေနဲ့အတူ သက်ဆိုင်ရာမြို့နယ်တွေဆီက ကိုယ်စားလှယ်လောင်းတွေရဲ့ ကတိကဝတ်တွေကိုပါ စုစည်းထားမှာဖြစ်ပါတယ်။

'ကိုယ်ရွေးလိုက်တဲ့အမတ်တွေအနေနဲ့ ရွေးကောက်ပွဲကတိဘယ်လောက်တည်လဲဆိုတာကို ပြန်ကြည့်လို့ရအောင် စီစဉ်သွားမှာပါ' လို့ မြန်မာ့ပဉ္စမ မဏ္ဍိုင် အမှုဆောင်ဒါရိုက်တာ ကိုစိုးလင်းထွဋ်ကပြောပါတယ်။

'ပြည်သူ့အသည်းကြားက ရွေးကောက်ပွဲကတိများ' ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပါဝင်လို့ရမယ့်ဒီအစီအစဉ်ကို ဖေ့စ်ဘွတ်သုံးစွဲတဲ့ပြည်သူ တစ်သိန်းကျော်က အသုံးပြုလိမ့်မယ်လို့ စီစဉ်သူတွေက ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ ပုံစာ,

နိုဝင်ဘာရွေးကောက်ပွဲမှာ အမတ်လောင်း ခုနစ်ထောင်ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ရှိပါတယ်။

ဒါ့အပြင် ဒီအစီအစဉ်ကို ဖေ့စ်ဘွတ်ခ် သုံးတဲ့အမတ်လောင်းတွေဆီ ပေးပို့သွားမှာဖြစ်တယ်လို့ ကိုစိုးလင်းထွဋ်ကပြောပါတယ်။

ဒီအစီအစဉ်မှာ မြို့နယ်အလိုက်တောင်းဆိုချက်တွေအပြင် မူဝါဒရေးရာတောင်းဆိုချက်တွေကိုပါ မကြာခင်ရွေးချယ်လာနိုင်အောင် စီစဉ်နေကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ထိထိရောက်ရောက်မဲမဆွယ်နိုင်တဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ အမတ်လောင်းတွေနဲ့ မဲဆန္ဒရှင်တွေကြားမှာ သူတို့အစီအစဉ်က အထောက်အကူပြုလိမ့်မယ်လို့ စီစဉ်သူတွေက ယုံကြည်နေကြပါတယ်။

မန္တလေးက အောင်မြေသာဇံ(၂) အမတ် ဒေါက်တာ ခွန်ကျော်ဦးကတော့ ဒီအစီအစဉ် ဟာ ပြည်သူတွေရော ကိုယ်စားလှယ်တွေအတွက်ပါ နှစ်ဘက်အကျိုး ရှိလို့ ကြိုဆိုတယ်လို့ ပြောပါတယ်။

'ပြည်သူတွေလည်း ကိုယ့်လိုအပ်ချက်တွေကို ရေးနိုင်သလို အမတ်တွေကလည်း ကိုယ့်မဲဆန္ဒရှင်တွေ ဘာဖြစ်ချင်လဲသိရလို့ တန်ဖိုးရှိတယ်' လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်တွေ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးဖြစ်အောင် ဆက်ကြိုးစားသင့်တယ်လို့ သူက အကြံပြုပါတယ်။

ဗီဒီယို ပုံစာ,

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ စတင်ပြီ