ရသေ့တောင်မှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

No caption

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း ၉ နာရီခွဲလောက်က ကျေးရွာအတွင်းလက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ လက်နက်ကြီးပစ်ခတ်သံတွေကြားရပြီး မိုးစဲကျွန်းဒေသ ရွှေလောင်းတင် ကျေးရွာအလယ်ကို ပထမတစ်လုံးကျရောက် ပေါက်ကွဲတဲ့အခါမှာ တစ်ဦးသေဆုံးပြီးတော့ တစ်ဦးဒဏ်ရာရရှိခဲ့ကာ နောက်ထပ် တစ်လုံး ကျရောက်ပေါက်ကွဲတဲ့ အခါမှာတော့ တစ်ဦးဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မေယုမြစ်အောက်ဘက်ကနေ လက်နက်ငယ်တွေပစ်ခတ်ပြီး တပ်မတော်ရေယာဉ်တွေ ဆန်တက်လာခဲ့တဲ့ အချိန်မှာ ရသေ့တောင်မြို့အခြေစိုက် ခမရ ၅၃၈ တပ်ရင်းဘက်ကနေ လက်နက်ကြီးတွေ စတင် ပစ်ခတ်ခဲ့တာကို ကြားခဲ့ရပြီး ရွှေလောင်းတင်ရွာ ကိုကျရောက်တဲ့ လက်နက်ကြီးကျည်တွေဟာ တပ်ရင်းတွေတည်ရှိတဲ့နေရာအနီး တောင်ကုန်းပေါ်မှာ ရှိတဲ့ အမြောက်စခန်းက ပစ်ခတ်ခဲ့တဲ့ကျည်တွေဖြစ်တယ်လို့ ရသေ့တောင်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေက အခုလိုပြောပေမဲ့ အဲဒီ့အမြောက်စခန်းတွေဘက်က ပစ်ခတ်တယ်ဆိုပြီး ပြောဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမျိုးတော့မရှိပါဘူး ။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

လက်နက်ကြီးကျည်ဟာ ရွာလယ်က လမ်းမမှာ ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၈၅ နှစ်အရွယ် ဒေါ်လှစောနုမှာ ညာဘက်ဒူးဆစ် ကျည်စထိမှန်ဒဏ်ရာ၊ အသက် ၆၀ ကျော်အရွယ် ဦးလှထွန်းမောင်မှာ ရင်ဘတ် ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ဦးမောင်မောင်ချေမှာ ဗိုက်ကိုထိမှန်ကာ အူတွေထွက်သွားပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့နေရာနဲ့ အနီးဝန်းကျင်မှာရှိနေတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

" ကျွန်တော်တို့ ရွာလယ်တည့်တည့်မှာ ကျတယ်။ သူက ထမင်းစားနေတယ်။ ကျွန်တော်လည်း သူ့အိမ်နားမှာပဲ။ ကျွန်တော်ရယ်၊ နောက်တစ်ယောက်ရယ်၊ သူရယ် သုံးယောက်ရှိတယ်။ အဲ့ဒီပတ်ဝန်းကျင်မှာ ပေါ့။ တစ်ယောက်တော့ ပွဲချင်းပြီးသေတယ်။ နောက်တစ်ယောက်က အသေးစား ဒဏ်ရာရတယ်။ နောက်တစ်နေရာမှာတော့ အိမ်တစ်လုံးပျက်စီးသွားတယ်။ အသက် ၈၅ နှစ်အရွယ် အဘွားကြီးတစ်ဦး ဒဏ်ရာရတယ်"လို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာပတ်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိသူ နှစ်ဦးဖြစ်တဲ့ ဒေါ်လှစောနုနဲ့ ဦးလှထွန်းမောင်တို့ နှစ်ဦးကိုတော့ ကူတောင် တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားပြီး ကျေးရွာအတွင်းမှာ လူမရှိတော့တဲ့အတွက် သေဆုံးသူ ဦးမောင်မောင်ချေရဲ့ ရုပ်အလောင်းကိုတော့ စက်တင်ဘာ၁၇ ရက်နေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့ ကျေးရွာတာဝန်ရှိသူက ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း မရှိသလို မိုးစဲကျွန်းဒေသမှာ ယခင်ကလည်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘူးလို့ ကျေးရွာတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အဲ့ဒီအနီးဝန်းကျင်ကို တပ်မတော်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ရွာသားအများစုတို့ဟာ ရွာကနေ စွန့်ခွာသွားခဲ့ကြတာကြောင့် အမျိုးသားအနည်းငယ်ပဲ ကျန်ရှိနေခဲ့တာ ဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောကြပါတယ်။

လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ရွာသားတွေ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့တဲ့အတွက် ကျန်တဲ့ ကျေးရွာသားတွေအားလုံးဟာလည်း ရွာကနေ စွန့်ခွာလာခဲ့ကြပြီ ဖြစ်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ဒါ့ပြင် စက်တင်ဘာ ၁၆ ရက်နေ့က ညနေပိုင်း ၃ နာရီနီးပါးလောက်မှာလည်း ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာ အတွင်းကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

ဒေသခံ အရပ်သားထိခိုက်ဒဏ်ရာ ရသူတွေများလာ

စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ တပ်မတော်ရေယာဉ်ကို ရက္ခိုင့်တပ်တော် အေအေဘက်ကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြတာတွေရှိခဲ့တယ်လို့ ရသေ့တောင် ဒေသခံတွေက ပြောဆိုကြပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်မှာလည်း လက်နက်ကြီးကျည် တစ်လုံး ကျောက်တော်မြို့နယ် ဂုပ္ပီထောင့် မွတ်ဆလင်ကျေးရွာကို ကျရောက်ခဲ့ကာ လင်မယားနှစ်ယောက် ဒဏ်ရာရရှိပြီးကျောက်တော် အပေါက်ဝဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း လက်နက်ကြီးကျည်တစ်လုံးဟာ ရသေ့တောင်မြို့နယ် အောင်စည်ကုန်း ကျေးရွာအတွင်းက နေအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်အောက်မှာ ကစားနေစဉ် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်တွေဆေးရုံကိုပို့ဆောင်ထားရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက် ဒီနေ့အထိ တစ်ပတ်အတွင်းရခိုင်ပြည်နယ် ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ် အတွင်းမှာ လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူပေါင်း ၁၀ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိခဲ့ ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား ဖြစ်ပွားနေတဲ့ နှစ်နှစ်ကျော်အကြာ တိုက်ပွဲတွေ အတွင်း အရပ်သားသေဆုံးမှုတွေလဲ မြင့်တက်လာနေသလို ထိခိုက်ဒဏ်ရာရရှိမှုတွေလဲ နေ့စဉ်လိုလိုကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးမလုပ်ဖို့ နေအိမ်အပြင်မထွက်ကြဖို့နဲ့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားတဲ့အချိန်မှာ တပ်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ မြင့်မားလာနေသလို ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်မှုကြောင့် လူနဲ့တိရိစ္ဆာန် ထိခိုက်သေဆုံးမှုတွေလဲ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။