ကိုဗစ်ပျောက်ကင်းတဲ့ သံဃာတွေ အင်းစိန်ရွာမကျောင်းပြန်ဖို့ ပြင်ဆင်နေ

ပိုးတွေ့တဲ့ ကျောင်းက သံဃာတွေထဲက သုံးပုံတစ်ပုံလောက်ပဲ အနံပျောက်တာဖြစ်ပြီး ဖျားနာမှုမရှိဘူး၊ ကျန်းမာတယ်လို့ဆို။

ဓာတ်ပုံ ရင်းမြစ်, ရွာမကျောင်းတိုက်

ဓာတ်ပုံ ပုံစာ,

ပိုးတွေ့တဲ့ ကျောင်းက သံဃာတွေထဲက သုံးပုံတစ်ပုံလောက်ပဲ အနံ့ပျောက်တာဖြစ်ပြီး ဖျားနာမှုမရှိဘူး၊ ကျန်းမာတယ်လို့ဆို။

အင်းစိန်ရွာမကျောင်းက ကိုဗစ်လူနာ သံဃာတွေ ကျန်းမာရေးပြန်ကောင်းလာပြီး ကျောင်းကို ပြန်လည် ပို့ဆောင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ကျောင်းတိုက်ရဲ့ စာချနာယကဆရာတော် အရှင်ဂန္ဓာသာရာ လင်္ကာရက ဘီဘီစီကို မိန့်ပါတယ်။

အဲဒီလိုပြန်ပို့မယ့် အစီအစဉ်ထဲမှာတော့ အရင်ဆုံးအနေနဲ့ ကျောင်းတွင်းမှာရှိနေတဲ့ သံဃာ ၁၅၆ ပါးနဲ့ လူပုဂ္ဂိုလ် ၅၀ တို့မှာ ကိုဗစ်ရှိမရှိ ဒီကနေ့မှာ စစ်ဆေးမှုပြုလုပ်နေပြီး အဲဒီလိုပြုလုပ်ပြီးနောက် ပိုးမတွေ့မှသာ ပြန်ကောင်းလာတဲ့သံဃာတွေကို ကျောင်းကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရွာမကျောင်းတိုက်က သံဃာ ၃၇၁ ပါးကို မှော်ဘီက တပ်မတော် ဆေးသင်တန်းကျောင်းနဲ့ အင်းစိန်က သာသနဓမ္မဗိမာန်မှာ ထားရှိပြီး ကုသမှုတွေ ပေးနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာမှ ပထမဆုံးကုသမှုပေးခဲ့ရတဲ့ ၇၅ ပါးက ၁၄ရက်ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့အပြင် ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်တဲ့အတွက် အခုလို ပြန်ပို့မယ့်အခြေအနေကို ပြင်ဆင်ရတာလို့လည်း အရှင် ဂန္ဓာသာရာလင်္ကာရက ဘီဘီစီကို မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အင်းစိန်ရွာမကျောင်း

ဓာတ်ပုံ ပုံစာ,

ပထမဆုံးကုသမှုပေးခဲ့ရတဲ့ ၇၅ပါးက ကျန်းမာရေး ကောင်းမွန်လို့ ပြန်ဖို့ ပြင်ဆင်တာဖြစ်

ပြန်ပို့လို့ရတဲ့ အရေအတွက် အတိအကျကိုတော့ ဘုန်းကြီးကျောင်းကို အခုချိန်ထိ အသိပေးတာ မရှိသေးပေမယ့် ပြန်ပို့ဖြစ်ရင်လည်း အသုတ်လိုက်ခွဲပြီး ပြန်ပို့ဖို့စီစဉ်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

"ပိုးတွေ့တဲ့ ကျောင်းကသံဃာတွေထဲက သုံးပုံတစ်ပုံလောက်ပဲ အနံ့ပျောက်တာ ဖျားတောင်မဖျားပါဘူး။ ကျန်တဲ့သံဃာတွေဆိုရင် ပုံမှန်အတိုင်းပါပဲ။ အားလုံးက ကျန်းမာရေး ကောင်းပါတယ်။ အင်းစိန်ဆရာတော်ကြီးလည်း အခုဒုတိယအကြိမ် ထပ်စစ်တယ်။ ကျန်းမာရေးလည်း ကောင်းတယ်" လို့ အရှင် ဂန္ဓာသာရာလင်္ကာရက မိန့်ပါတယ်။

အင်းစိန်ကျောင်းတိုက်က သံဃာတွေ စတင်ပိုးတွေ့ချိန် လွန်ခဲ့တဲ့ ၁၄ ရက် ကတည်းက တစ်ကျောင်းလုံးက သံဃာနဲ့ လူအားလုံးကို ပထမအကြိမ် ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

တပ်မတော်ကလည်း သံဃာတော် စုစုပေါင်း ၃၉၀ ကို မှော်ဘီ၊ လှည်းကူးနဲ့ အင်းစိန်သာသနာ့ဗိမာန်တော်တို့ မှာကုသပေးနေတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီသံဃာ ၃၉၀က ရွာမကျောင်းက ၃၇၁ ပါးနဲ့ သင်္ဃကျွန်းက ၁၉ ပါးတို့ ဖြစ်ပါတယ်။