အေအေကို အကြမ်းဖက်က ပယ်ဖျက်ဖို့ လွှတ်တော်မှာ ဘယ်လို အတည်ပြုခဲ့သလဲ

ရခိုင်ပြည်နယ်လွှတ်တော်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အစိုးရကိုတိုက်တွန်းတဲ့အဆို တင်သွင်းခဲ့ပြီးနောက် အဆိုကိုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ဒုတိယ အကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ ဦးထွန်းသာစိန်က အဆိုကိုတင်သွင်းခဲ့တာပါ။

အဲ့ဒီအဆိုနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးတို့က ဇန်နဝါရီ ၁၄ ရက် လွှတ်တော်တတိယနေ့မှာ ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးနဲ့ ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဘက်က တစ်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရဘက်ကရော တပ်မတော်ဘက်ကပါ တစ်စုံတစ်ရာ ကန့်ကွက်တာမျိုးမရှိဘဲ အားလုံးကသဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ အဆိုတင်သွင်းသူ ဦးထွန်းသာစိန်က ပြောပါတယ်။

"ကိုယ်စားလှယ် ခုနစ်ဦးဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ကန့်ကွက်မယ့်သူမရှိဘဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ တကယ်လို့များ ဒီအဆိုကို အစိုးရအနေနဲ့ အကောင်အထည်မဖော်ခဲ့လို့ရှိရင်ပေါ့နော်၊ မြေပြင်အခြေအနေမှာ ပိုပြီးဆိုးဝါးလာနိုင်တဲ့အနေအထား တွေဖြစ်လာနိုင်သလို တိုက်ပွဲတွေလည်းပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့"ဦးထွန်းသာစိန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တပ်မတော်က အေအေကို အကြမ်းဖက်လို့ သုံးနှုန်းတာ မတွေ့ရတော့

လက်ရှိမှာ တိုက်ပွဲတွေ မရှိတော့သလို ဒေသခံပြည်သူတွေလည်း လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်ရရှိနေကြတာကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီး အစိုးရအနေနဲ့လည်း ဒီမိုကရေစီစနစ်ကိုသွားနေတဲ့အချနိန်မှာ အခုအဆိုနဲ့ပတ်သက်လို့ အကောင်အထည်ဖော်ဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ချက်နေပယ်ဖျက်ပေးဖို့အဆိုက အခုအချိန်မှာ အမှန်တကယ်လိုအပ်တဲ့အဆို တစ်ခုဖြစ်တဲ့အတွက် သူ့အနေနဲ့ထောက်ခံဆွေးနွေးခဲ့တာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဇော်မြင့်က ပြောပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေ ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ရပ်စဲထားတဲ့အချိန်မှာ လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိဘူးဆိုပြီး ချန်လှပ်ထားခဲ့တဲ့မြို့နယ် ၉ မြို့နယ်ကိုရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့အတွက် အေအေဘက် က တောင်းဆိုမှုတွေပြုလုပ်ခဲ့သလို တပ်မတော်ဘက်ကလည်း အဲ့ဒီထုတ်ပြန်ချက်ကို ထောက်ခံတာတွေပြုလုပ်ခဲ့ပြီး ဖြစ်ပေမဲ့ အစိုးရဘက်က အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အခုအဆိုအပေါ်မှာလည်း အစိုးရကဘာတွေတုံ့ပြန် မလဲဆိုတာကိုစောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ဒေါက်တာဇော်ဇော်မြင့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

"ဥပေဒေကြောင်းအရဆိုလို့ရှိရင်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာတယ်ဆိုတာ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်။ ဒါကိုပြန်ရုပ်သိမ်းဖို့ကလည်း သူ့မှာပဲအဓိကတာဝန်ရှိတယ်။ …ငြိမ်းချမ်းရေးရဲ့ တန်ဖိုးနဲ့ အရသာကိုလည်း အားလုံးသိသင့်ကြပြီ။ သိလောက်ကြပြီလို့ ယူဆတယ်"လို့ ဒေါက်တာဇော်ဇော်မြင့်က ပြောပါတယ်။

အေအေကိုအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပေမယ့် ပယ်ဖျက်ဖို့မပယ်ဖျက်ဖို့ဆိုတာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲမှာမရှိဘဲ ပြည်ထောင်စုအစိုးရရဲ့လုပ်ပိုင်ခွင့်သာဖြစ်တဲ့အတွက် အဆိုပေါ်မှာ ပြည်နယ်အစိုးရကမှတ်ချက်ပြု ပြောဆိုမှုတွေ မလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ ဦးဇော်ဇော်မြင့်က ပြောပါတယ်။

လက်ရှိမှာ ဒေသတွင်းတိုက်ပွဲတွေရပ်တန့်နေသလို နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက် ဆောင်ရွက်နိုင်ရေး ကြိုးစားနေကြတဲ့အချိန်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုချင်တယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးစကား ပြောရမှာဖြစ်တယ်လို့ ထောက်ခံဆွေးနွေးခဲ့သူနောက်တစ်ဦးဖြစ်တဲ့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဒေသတွင်းစစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အရပ်သားအများအပြားထိခိုက်သေဆုံးခဲ့ကြရသလို ကျေးရွာတွေ ပျက်စီးခဲ့ရမှုတွေလည်းရှိနေပြီး နေရပ်စွန့်ခွာခဲ့ကြရတာတွေလည်းရှိနေတဲ့အချိန်မှာ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ် ကြေညာ လိုက်တဲ့ကိစ္စကြောင့် ပိုမိုဆိုးရွားခဲ့ရတယ်လို့ ဦးဖိုးစံကပြောပါတယ်။

အခုရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်တဲ့ အဆိုနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မပေးလို့ရှိရင် ရခိုင်ဒေသတွင်းတိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်တဲ့အနေအထားတွေကို တွေ့နေရတယ်လို့ ဦးဖိုးစံက ပြောဆိုပါတယ်။