တပ်မတော် အာဏာသိမ်းတာဟာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သမိုင်းကို ညစ်နွမ်းစေတဲ့ ဆောင်ရွက်မှု ဖြစ်တယ်လို့ NLD ကြေညာချက်ထုတ်ပြန်

ဆန္ဒမဲပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Reuters

တပ်မတော်က နိုင်ငံတော် အာဏာ သိမ်းလိုက်အပြီး တစ်ရက်အကြာ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက် ထွက်လာပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ဆောင်ရွက်လိုက်တာ ဖြစ်ပြီး နိုင်ငံသားတွေရဲ့ အချုပ်အခြာ အာဏာကို မျက်ကွယ်ပြုလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်ဟာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ သမိုင်းကို ညစ်နွမ်းစေတဲ့ ဆောင်ရွက်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိ အမှတ်ပြုဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တတိယအကြိမ် လွှတ်တော် ခေါ်ယူတာကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စတဲ့ အချက် ၃ ချက်ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ရင်းမြစ်, NLD

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်တဲ့ နေ့မှာပဲ နေပြည်တော် စည်ပင်ရိပ်သာဝင်းထဲမှာ ပိတ်ဆို့ ထိန်းသိမ်း ခံထားရတဲ့ ကျန်တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ စုဝေးတိုင်ပင်ပြီး ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာလို့ အဲဒီမှာ ရှိနေတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအင်ထုံးခါးနော်ဆမ်က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်က အာဏာ သိမ်းယူအပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းမှာပဲ NLD အစိုးရ ဖွဲ့စည်းထားတဲ့ ဝန်ကြီးတွေကို နုတ်ထွက်စေခဲ့ပြီး တပ်မတော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အရပ်ဘက်က လူပုဂ္ဂိုလ် ၁၁ ဦးကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် အသီးသီး ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

"၁၉၆၂ ခုနှစ်ကရော၊ ၁၉၈၈ ခုနှစ်ကရော ဒါမျိုးလုပ်ခဲ့တယ်။ အခုလည်း သူတို့ အာဏာ သိမ်းတဲ့ သဘောမျိုး လုပ်လိုက်တယ်။ ဒီလို သိမ်းပြီးပြီ ဆိုရင် နိုင်ငံတော်ကို ဆက်လက် အုပ်ချုပ်ဖို့က အဖွဲ့အစည်းတစ်ရပ် လိုလာပြီ။ အဲဒါကြောင့် ဒီအဖွဲ့အစည်းတွေကို ဝန်ကြီးဌာနတွေမှာ ချက်ချင်း လက်ငင်း ပြန်ဖွဲ့တဲ့ သဘောပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း လုပ်စရာ ရှိတာ၊ ပြောစရာ ရှိတာကို ဒီကနေ့ ကြေညာချက် ထုတ်လိုက်တာပါ" လို့ ဦးအင်ထုံးခါးနော်ဆမ်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက အများစု အနိုင်ရခဲ့ပေမဲ့ မဲစာရင်း ကွာဟမှုတွေကြောင့် မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ တပ်မတော်ဘက်က အဆင့်ဆင့် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နေပြည်တော် လွှတ်တော် အဆောက်အအုံ အနီးမှာ တပ်မတော် တင့်ကားတွေ နေရာယူထား

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းယူလိုက်ပြီး ယာယီ သမ္မတအဖြစ် ခန့်အပ်လိုက်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေက ကာလုံအစည်းအဝေး ခေါ်ယူကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာ ၃ ရပ်ကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ရဲ့ အာဏာသိမ်းယူမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လုံးဝ မညီဘူးဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

"သမ္မတက ငုတ်တုတ်ကြီး ရှိနေပါလျက်နဲ့ ဒုသမ္မတက သမ္မတ တက်လုပ်ပြီး ကြေညာချက်တွေ ထုတ်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုံးဝ မှားယွင်းတယ်။ ဒါ့ကြောင့် အာဏာသိမ်းခြင်းဟာ လုံးဝ အတည်မပြုဘူး" လို့ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။

တပ်မတော်က အသစ် ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ဝင် အမည်စာရင်းကို ထုတ်ပြန် ကြေညာအပြီး နောက်တစ်ရက်မှာပဲ ကျန်းမာရေးဝန်ထမ်း တချို့ နှုတ်ထွက်သွားခဲ့သလို ထိုင်း၊ ဂျပန်နဲ့ ကိုရီးယား စတဲ့ ပြည်ပရောက် မြန်မာတွေက ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။