ကုလက မြန်မာသံအမတ် စစ်ကောင်စီကို ဆန့်ကျင်ပြီး CRPH ကို ကိုယ်စားပြု တက်ရောက်

အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကုလမှာပြခဲ့တဲ့ မြန်မာသံအမတ်

ဓာတ်ပုံ ရင်းမြစ်, UM

ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ သံအမတ်က စစ်ကောင်စီကို ကိုယ်စားမပြုဘဲ လူထုက ရွေးကောက်ထားတဲ့ NLD အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်မှာ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ကုလ အထွေထွေညီလာခံမှာ မြန်မာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မထင်မှတ်ထားဘဲ CRPH ကို ကိုယ်စားပြု တက်ရောက်ခဲ့တာပါ။

ဒီလို လက်ရှိ အာဏာရယူ ထားသူကို ဆန့်ကျင်ပြီး ကုလသမဂ္ဂမှာ တက်ရောက် ပြောကြားခဲ့တာဟာ မြန်မာ သံတမန်ရေး ဖြစ်စဥ်မှာ အရင်က မကြားဖူးခဲ့တဲ့ ဖြစ်ရပ်မျိုးပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် က အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီရှိနေသလို ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း စစ်ကောင်စီဟာ တရားမဝင်ကြောင်းနဲ့ CRPH က သာ တရားဝင်ကြောင်း တောက်လျှောက် ပြောဆိုနေတာမို့ အစိုးရနှစ်ရပ်သဖွယ် ရှိနေချိန်ဖြစ်လို့ မြန်မာသံအမတ်က ဘာတွေ ပြောကြားမလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။

ပြီးခဲ့တဲ့ ဂျီနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ သံအမတ် ဦးမြင့်သူက စစ်ကောင်စီက ဒီမိုကရေစီကို ဖျက်ဆီးပစ်မှာ မဟုတ်ဘူးလို့ ကာကွယ်ပြောကြားခဲ့တာ ရှိခဲ့ပေမဲ့ အခု မြန်မာသံအမတ်ကတော့ သူစတင် မပြောကြားခင်မှာပဲ သူဟာ လူထုက ရွေးကောက်ထားတဲ့ NLD အစိုးရနဲ့ CRPH ကို ကိုယ်စားပြု ပြောကြားမှာ ဖြစ်တဲ့ အကြောင်း ရှင်းရှင်းလင်းလင်း အသိပေးသွားပြီးမှ သူရဲ့ ဆွေးနွေးပြောဆိုချက်ကို ပြောကြားခဲ့ပါတယ်။

သူရဲ့ ဆွေးနွေးတင်ပြချက်ထဲမှာ မြန်မာစစ်တပ်ကို ဆန့်ကျင်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေး တတ်နိုင်သမျှနည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးဖို့ကို ပြောကြားခဲ့ပါတယ်။

ကုလမှာ ပြောကြားချက်

ဓာတ်ပုံ ရင်းမြစ်, UN

ဦးကျော်မိုးထွန်းက နိုင်ငံတကာက သံတမန်တွေကို မြန်မာပြည်သူတွေဟာ ကူရာကယ်ရာမဲ့သလို ခံစားနေရပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းထားတာချက်ချင်းရပ်ဆိုင်းဖို့၊ အပြစ်မရှိတဲ့သူတွေကို ဖိနှိပ်နေတာကို ရပ်ဖို့၊ နိုင်ငံတော်အာဏာကို ပြည်သူတွေကို ပြန်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ရဖို့တွေ ဆောင်ရွက်ပေးကြဖို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခုလက်ရှိပေးနေတဲ့ အကူအညီတွေအပြင် အဖြစ်နိုင်ဆုံး အပြတ်သားဆုံးသော အရေးယူဆောင်ရွက်မှုတွေကို ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ ကုလသမဂ္ဂကို အောက်ပါအချက်တွေကို ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သူတင်ပြခဲ့တဲ့ အချက်တွေကတော့ -

၁။ စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချကြောင်း လူသိထင်ရှား ထုတ်ပြန်ကြေညာချက်တွေ လုပ်ဖို့

၂။ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီနဲ့ စစ်အစိုးရကို မည်သည့်နည်းနှင့်မျှ အသိအမှတ်ပြုတာတွေ မလုပ်ဖို့

၃။ လွတ်လပ်ပြီးတရားမျှတစွာကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်တွေကို အသိအမှတ်ပြုအောင် စစ်အစိုးရကို တိုက်တွန်းဖို့

၄။ ရွေးကောက်ခံအစိုးရကတဆင့် နိုင်ငံတော်အာဏာကို ပြည်သူ့ထံ ပြန်လည်မအပ်နှံမချင်း စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေမလုပ်ဖို့

၅။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ရက်စက်မှုတွေ ကျူးလွန်နေတာတွေကို ရပ်တန့်အောင်နဲ့ စစ်အာဏာသိမ်းထားမှုကို ချက်ချင်းရပ်ဆိုင်းအောင် အဖြစ်နိုင်ဆုံးသော အပြင်းထန်ဆုံးအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့နဲ့

၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH ကို ထောက်ခံကြဖို့ တို့ဖြစ်ပါတယ်။

သူဟာ ပြောဆိုမှု အဆုံးသတ်ပိုင်းမှာ စိတ်လှုပ်ရှားပြီး အသံတွေတုန်ယင်လာတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဆွေးနွေးပြောဆိုချက် အဆုံးသတ်ပိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်း ဆန့်ကျင်နေကြသူတွေကိုလည်း စည်းစည်းလုံလုံးနဲ့ ဆက်လက် ဆောင်ရွက်ဖို့ မေတ္တာရပ်ခံတိုက်တွန်းကြောင်းနဲ့ ဒီအရေးတော်ပုံ မုချ အောင်မြင်ရမယ်လို့ မြန်မာလို ပြောဆို အဆုံးသတ်ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သင်္ကေတ လက်သုံးချောင်းထောင်ပြ နှုတ်ဆက်ခဲ့ပါတယ်။

ဦးကျော်မိုးထွန်း အစည်းအဝေးကနေ ပြန်လည်ထွက်ခွာလာချိန်မှာတော့ ကုလရုံး အပြင်မှာ စောင့်ကြိုနေတဲ့ မြန်မာတွေက ကျေးဇူးတင်ကြောင်း ပန်းစည်းတွေနဲ့အတူ ဝိုင်းဝန်းနှုတ်ဆက် ပြောကြားကြပါတယ်။

ကုလအစည်းအဝေးကို မြန်မာနိုင်ငံက စောင့်ကြည့်နေကြသူတွေကလည်း အခုလို ရပ်တည်ပြောကြားပေးလို့ ကျေးဇူးတင်ကြောင်းနဲ့ ဝမ်းသာစွာ မျက်ရည်ကျရကြောင်းတွေကို ဖေ့စ်ဘွတ်ခ်မှာ ရေးသားကြတာတွေကို တွေ့ရပါတယ်။

ကုလအထွေထွေညီလာခံ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာ ကလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်တပ်ရဲ့ အာဏာလွှဲယူမှုဟာ တည်ငြိမ်မှု မရှိတဲ့အပြင် လူထုက ပယ်ချနေလို့ နိုင်ငံတကာ အသိုက်အဝန်းက အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ ပြောကြားပြီး CRPH ကို အသိအမှတ်ပြု ပြောဆိုခွင့်ပေးဖို့ ပြောကြားခဲ့ပါတယ်။

တစ်နေ့တည်းမှာပဲ အာဏာသိမ်းယူမှု တစ်လနီးပါးရှိတဲ့အထိ အာဏာဖီဆန်ရေး လုပ်ရှားမှုတွေ အရှိန်မြင့်တက်နေချိန်မှာ စစ်ကောင်စီက အခုအချိန်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းနဲ့ အဲဒီ အမိန့်ကို ချိုးဖောက်ပြီး လက်နက်နဲ့ ဆန္ဒပြတာ၊ ဝန်ထမ်းက အာဏာဖီဆန်တာ၊ နိုင်ငံ ငြိမ်ဝပ်ပိပြားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ဆောင်ရွက်မှု နှောင့်နှေး ပျက်ပြားအောင်ဆောင်ရွက်မှုတွေ စတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ရင် အဲဒီချိုးဖောက်သူတွေကို နိုင်ငံတည်ငြိမ်ရေးကို ရှေးရှုပြီး အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။

အာဏာရှင်ကို ဆန့်ကျင်တဲ့သံ

ဓာတ်ပုံ ရင်းမြစ်, UN

ဦးကျော်မိုးထွန်းဟာ ၁၉၉၃ ခုနှစ်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တတိယ အတွင်းဝန်ဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

သူဟာ နယူးယောက်မြို့ ကုလ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် ၂၀၂၀ စက်တင်ဘာလကမှ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ်ကနေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ရန်ကုန်တက္ကသိုလ်ကနေ နိုင်ငံတကာ ဆက်ဆံရေး ဘွဲရရှိခဲ့သူ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ နိုင်ငံခြားရေးရုံးက လွှတ်တဲ့ ပညာတော်သင် အဖြစ် စီးပွားရေး စီမံခန့်ခွဲမှု ပညာ မဟာဘွဲ့ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်အပ်မခံရခင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဌာနမှာ ညွှန်ချုပ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်ခဲ့ပါတယ်။

သူက အနေအေးပေမဲ့ အလုပ်လုပ်တာ သိပ်တော်တယ်၊ အမှန်အတိုင်း လုပ်တတ်သူတစ်ယောက် ဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။

သူဟာ စိတ်နေသဘောထား အလွန်ကောင်းပြီး မျှတအောင် စဉ်းစား လုပ်ဆောင်တတ်သူ၊ လက်အောက်ငယ်သားတွေကို အမြဲညှာတာပြီ နွေးနွေထွေးထွေးဆက်ဆံတတ်သူ၊ လက်အောက်ဝန်ထမ်းတွေထက် ပိုအလုပ်လုပ်သူလို့လည်း ဆိုပါတယ်။

တချို့မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ မြင်ရပေမဲ့ သူနဲ့ ပတ်သက်လို့ ဘာမှ ကြိုတင်သိမြင် ခန့်မှန်းမိကြတာ မရှိဘဲ အခုလို သူ့ရဲ့ ရပ်တည်ချက်ကို သိလိုက်တဲ့ အချိန်မှာ အံ့သြသွားမိတယ်လို့ သူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

သူရဲ့ ပထမဆုံး သံတမန်တာဝန်က မြန်မာ သံရုံး ဂျာကာတာဖြစ်ပြီး အဲဒီနောက် နယူးယောက်၊ စင်္ကာပူ၊ ဂျီနီဗာမှာ သံရုံး တာဝန်ကျခဲ့ပါတယ်။ နောက် မြန်မာနိုင်ငံပြန်လာပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဌာနမှာ ဒုညွှန်ချုပ်နဲ့ ညွှန်ချုပ်ဖြစ်လာပြီး အဲဒီကနေ တခါ ဂျီနီဗာမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ ဆွစ်ဇာလန်ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် နယူးယောက်ကို ၂၀၂၀ အောက်တိုဘာလမှာ ရောက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ ကျူးဘား၊ မက္ကဆီကို၊ ဂျမေကာ နိုင်ငံများ ဆိုင်ရာ သံအမတ်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။