အာဏာသိမ်းလမ်းကြောင်းကို ရှောင်လွှဲနိုင်သလား

အာဏာသိမ်းလမ်းကြောင်းကို ရှောင်လွှဲနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

တပ်မတော်ဘက်က သူတို့ အာဏာသိမ်းရတဲ့ အကြောင်းရင်းက မဲစာရင်း ဆယ်သန်းကျော် အမှားအယွင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် လမ်းကြောင်းတွေကပါ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတဲ့အတွက် ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ တပ်မတော်က အာဏာမသိမ်းခင် NLD အစိုးရနဲ့ တပ်မတော်အကြား ဆွေးနွေးမှုတွေမှာ တောင်းဆိုချက်တွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

တပ်မတော် အာဏာသိမ်းရတာဟာ အချက်နှစ်ချက်ကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းအပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှာ NLD ပါတီဝင်တချို့က ပြောလာသလို လူမှုကွန်ရက်မှာ ရေးသားတာတွေ ရှိလာခဲ့ပါတယ်။

အဲဒီနှစ်ချက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်က နှစ်ကြိမ် လာရောက် ညှိနှိုင်းခဲ့တာကို အငြင်းခံရတာကြောင့်လို့ ဖော်ပြထားပါတယ်။

ပထမအကြိမ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးသက်တမ်းကို နောက်ငါးနှစ် သက်တမ်းတိုးပေးဖို့နဲ့ ဒုတိယအကြိမ်ကတော့ အာဏာမသိမ်းခင် ဇန်နဝါရီလကုန်မှာ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတရာထူးပေးဖို့ ဆိုတဲ့ အချက် နှစ်ချက် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဲဒီနှစ်ချက်စလုံးကို ငြင်းဆိုခဲ့ကြောင်း နှစ်ဖက်တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ခဲ့တဲ့ပုဂ္ဂိုလ်တွေထံကနေ ပြန်သိရတယ်လို့ NLD ပါတီဝင်တချို့က ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ဒီညှိနှိုင်းမှုထဲမှာ ပါဝင်ခဲ့တဲ့ NLD အစိုးရဘက်က ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးနဲ့ အဆင့်မြင့် အရာရှိကြီးတစ်ဦးတို့ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတာကြောင့် ကာကယံရှင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်မေးမြန်းခွင့် မရသေးသလို တပ်ဘက်က ညှိနှိုင်းရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးကိုလည်း ဘီဘီစီက ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ လက်ရှိ အာဏာသိမ်းယူထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ဘက်က အစိုးရထံ အပြန်အလှန် စာပေးစာယူတွေနဲ့ လူလွှတ်ပြီး တောင်းဆိုခဲ့တာ စုစုပေါင်း အချက်လေးချက်သာ ရှိပြီး တပ်ချုပ်ရဲ့ ရာထူးသက်တမ်း တိုးဖို့နဲ့ သမ္မတရာထူး တောင်းဆိုခဲ့တာမျိုး လုံးဝမရှိဘူးလို့ ပြောပါတယ်။

တပ်မတော် အနေနဲ့ ညှိနှိုင်း ဆွေးနွေး အဖြေရှာရေး လမ်းစဉ်အတိုင်း သွားခဲ့ပြီး ပြည်သူလူထုကို တရားဝင် အသိပေးပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ညှိနှိုင်း ဆွေးနွေး အဖြေရှာရေးလမ်းစဉ် ပျောက်သွားအပြီးမှာ ဒီလို အခြေအနေ ဖြစ်လာခဲ့တာ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ဇန်နဝါရီလ ၂၈ ရက်နေ့မှာ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ၂ ဦးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ စာကို သွားပို့ပါတယ်။ ၂၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး အဆင့် ရှိသူတစ်ဦးနဲ့ အဆင့်မြင့်အရာရှိ တစ်ဦးတို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လာရောက် တွေ့ဆုံခဲ့ပြီး ဒီကိစ္စတွေနဲ့ ပတ်သက်လို့ UEC နဲ့ပဲ ရှင်းပါ။ သမ္မတမှာ လုပ်ပိုင်ခွင့် မရှိဘူးဆိုပြီး ငြင်းပယ်ခဲ့တယ်။ ၂၉ ရက်နေ့မှာ ဒါဆိုရင် နောက်ဆုံး ကျန်တဲ့ နည်းလမ်းအနေနဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ပြီး မဲစာရင်း မှားယွင်းနေမှုတွေကို စုပေါင်း ဖြေရှင်းကြမယ် ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ၃၁ ရက်နေ့မှာတော့ ဒါကိုလည်း မလုပ်နိုင်ဘူး ဆိုပြီး သမ္မတက ထပ်ပြီး ငြင်းခဲ့တယ်။ ၃၁ ရက် ညနေပိုင်းမှာ လွှတ်တော်ကို ပုံမှန်အတိုင်း ခေါ်ယူမယ် ဆိုပြီး လွှတ်တော်နဲ့ ပတ်သက်တဲ့ အစီအစဉ် ထွက်လာပါတယ်။ ဘယ်လိုမှ ညှိနှိုင်းလို့ မဖြစ်တော့တဲ့ အခြေအနေမျိုးမှာ နိုင်ငံတော်အာဏာကို အရေးပေါ် အခြေအနေနဲ့ ရယူခဲ့ရတာ ဖြစ်ပါတယ်"

ဓာတ်ပုံ ပုံစာ,

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

တပ်မတော်ဘက်က တောင်းဆိုခဲ့တယ် ဆိုတဲ့ အချက် ၄ ချက်

  • မဲစာရင်းမှားယွင်းမှု ၁၀.၄ သန်း ကျော်ကို ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးဖို့
  • ဒီလို စစ်ဆေးတဲ့အခါ အစိုးရ၊ တပ်မတော် ညှိနှိုင်းပြီး သမာသမတ် ကျတဲ့ လူတွေပါတဲ့ ရွေးကောက်ပွဲ ကော်မရှင်အသစ် ဖွဲ့ပြီး စစ်ဆေးပေးဖို့
  • စစ်ဆေးနေချိန်ကာလအတွင်း တတိယအကြိမ် လွှတ်တော် ခေါ်ယူမှုကို သမ္မတရဲ့ အခွင့်အာဏာနဲ့ ဆိုင်းငံ့ပေးဖို့
  • အဲဒီကိစ္စတွေ ဆောင်ရွက်မပေးရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တပ်မတော်က ဆက်လက် ဆောင်ရွက်သွားမယ်။

မဲစာရင်းမှားယွင်းတဲ့ကိစ္စက အာဏာသိမ်းရလောက်တဲ့အထိဖြစ်စရာ အကြောင်းရှိခဲ့တာပါလား

၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ ခုနှစ်တွေမှာ စစ်အာဏာသိမ်းတာကို သုံးကြိမ်တိတိ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်က ပြိုင်ဘက်ပါတီတွေကို ဘယ်လို သဘောထားသလဲ ဆိုတာ ကြည့်ဖို့ လိုတယ်လို့ နိုင်ငံရေး သုတေသီ ဦးတင်မောင်သန်းက ဆိုပါတယ်။ တချို့ဟာတွေက လက်ငင်း အကြောင်းအနေနဲ့တော့ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် သူ့ရဲ့ ဦးတည်နေတဲ့ လားရာက အဲဒီလို မဟုတ်ဘူးဆိုတာကို သမိုင်းကြောင်းအရ တွေ့ရကြောင်း၊ ဒါ့ကြောင့် အာဏာသိမ်းရေးကို ရှေ့ရှုတာလို့ သုံးသပ်ပါတယ်။

တပ်မတော်ဘက်ကတော့ တစ်နှစ် အာဏာ ယူထားပြီးရင် ရွေးကောက်ပွဲ ကျင်းပပြီး အာဏာပြန်လွှဲပေးမယ်လို့ ကတိပြုထားတာပါ။ဒါပေမဲ့လည်း အာဏာသိမ်းတိုင်း ယာယီ ခဏလို့ ပြောခဲ့ကြပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံကို အုပ်ချုပ်လာခဲ့တာ သမိုင်းကြောင်းအရ တွေ့နိုင်ပါတယ်။

တပ်မတော်ဟာ Institution အရ ပြောင်းလာသလား ဆိုတဲ့ ရှုဒေါင့်က ကြည့်ရင်လည်း ပြိုင်ဘက်ကို ချေမှုန်းဖို့ပဲ ပိုများပြီး အခုလုပ်ဆောင်နေပုံကို ကြည့်ရင်လည်း NLD ပါတီကို ချေမှုန်းမယ့် လမ်းကြောင်းကို သွားနေတယ်လို့ ဦးတင်မောင်သန်းက သုံးသပ်ပါတယ်။

ဒီလို ချေမှုန်းတာမျိုးနဲ့ ကြုံလာခဲ့ရင် NLD ပါတီအနေနဲ့ တောင်အာဖရိကမှာ M Plan ဆိုတဲ့ မန်ဒဲလား စီမံကိန်းလိုမျိုး ပြင်ဆင် ဆောင်ရွက်သင့်တယ်လို့ သူက ဥပမာပေး အကြံပြုထားပါတယ်။

"တောင်အာဖရိကမှာ ရွေးကောက်ပွဲ ဝင်ဖို့ ပါတီတစ်ခု ဖွဲ့ထားသလို ဥပဒေပြင်ပကနေ လှုပ်ရှားဖို့ ပါတီတစ်ခု ဖွဲ့ထားတယ်၊ လက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့လည်း လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်း ရှိတယ်။ လူထုလှုပ်ရှားမှုတွေ လုပ်ဖို့ အရပ်ဖက် အဖွဲ့အစည်းတွေမှာပါ ဒီလို ခွဲဖြန့်ထားတဲ့ Plan ကြီး တစ်ခုလုံး ချထားတယ်။ NLD ပါတီမှာ ဒီလို အစီအစဉ်မျိုး ရှိပုံမရဘူး"

NLD ခေါင်းဆောင်တွေဘက်က ပြင်ပြင်ဆင်ဆင်နဲ့ တုံ့ပြန်တာမျိုး မတွေ့ရတဲ့အတွက် အာဏာသိမ်းမှာ မဟုတ်ဘူး ဆိုပြီး သုံးသပ်ခဲ့ကြပုံ ရတယ်လို့လည်း သူက ပြောပါတယ်။

တခါ အာဏာသိမ်းနိုင်ချေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်မျိုး ရှိလာခဲ့ရင် ဒါကို နိုင်ငံရေး အကဲဖြတ်ချက်အဖြစ် မှတ်ယူဖို့နဲ့ ဒီအကဲဖြတ်ချက်ပေါ် မူတည်ပြီး ဘာတွေ လုပ်မလဲ ဆိုတာ စဉ်းစားရတဲ့ စဉ်းစားပုံမျိုးတွေ မြန်မာ့နိုင်ငံရေးမှာ အလွန် အားနည်းနေသေးတယ်လို့လည်း နိုင်ငံရေး သုတေသီ ဦးတင်မောင်သန်းက သုံးသပ်ပါတယ်။

အခု လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ညှိနှိုင်းပေးခဲ့တဲ့သူတွေ ဘာတွေ ဆွေးနွေးခဲ့တယ်၊ ဘယ်လောက်ထိ သဘောတူနိုင်ခဲ့ပြီး ဘာတွေကတော့ သဘောမတူနိုင်ခဲ့ဘူးလဲ ဆိုတာကတော့ အဲဒီကာယကံရှင်တွေကိုယ်တိုင် ထုတ်ဖော်ပြောလာမှသာ သိနိုင်မှာပါ။ လက်ရှိမှာတော့ နေ့ဖက်မှာ လမ်းပေါ်အပြည့် စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုတွေ၊ ညဖက်မှာ နာရီပိုင်းအလိုက် အင်တာနက် ဖြတ်တောက်မှုတွေ၊ လူဖမ်းပွဲတွေနဲ့အတူ ကိုဗစ်ကပ်ရောဂါအကြား မတည်ငြိမ်နိုင်တဲ့ နိုင်ငံရေးခရီးလမ်း ဆက်ရှည်နေဦးမယ့် သဘောမှာ ရှိနေပါတယ်။