ငွေထုတ်မှုတွေ ကန့်သတ်လာတဲ့ ဗဟိုဘဏ်နဲ့ အကျိုးဆက်တွေ

ငွေထုတ်မှုတွေ ကန့်သတ်လာတဲ့ ဗဟိုဘဏ်နဲ့ အကျိုးဆက်တွေ

ဓာတ်ပုံ ရင်းမြစ်, MPA

လူပုဂ္ဂိုလ်တွေ ကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူတဲ့အခါ ATM ကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံးကျပ် ၅ သိန်းနဲ့ ၊ ဘဏ်ကိုသွားပြီး ကိုယ့်ရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တပတ် အများဆုံး ကျပ် သိန်း ၂၀ အထိသာ ထုတ်ခွင့်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ကနေ မတ်လ ၁ ရက်နေ့က စတင်ပြီး ကန့်သတ် လိုက်ပါတယ်။

စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေကိုတော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ကြောင်း ကန့်သတ်ပါတယ်။

ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့အတွက် ဘဏ်တွေအနေနဲ့ မတ်လ ၁ ရက်နေ့က စတင်ပြီး လိုက်နာဆောင်ရွက်သွားဖို့ ဗဟိုဘဏ်ကနေ ညွှန်ကြားချက်ထုတ်တဲ့အထဲမှာ ပါဝင်တဲ့ အချက်တချို့ပါ။

ဘာ့ကြောင့် ဒီလိုကန့်သတ်ရတယ် ဆိုတယ့် အကြောင်းရင်းကိုတော့ မသိနိုင်ပေမယ့် ဒီလို ကန့်သတ်မှုတွေကြောင့် အခက်အခဲကြုံရမယ့် ကုမ္ပဏီတွေ ရှိလာနိုင်တယ်လို့ ဘဏ်ငွေကြေးဆိုင်ရာ စီးပွားရေးပညာရှင် ဦးဖေမြင့်က အခုလို ဘီဘီစီကို ပြောပါတယ်။

"အတော်များများကုမ္ပဏီတွေက ငွေကို ဘဏ်မှာအပ်ထားကြတာ။…တစ်ပတ်ကို သိန်း ၂၀၀ ဆိုရင် တစ်လကို သိန်း ၈၀၀ ပဲထုတ်နိုင်မယ်၊ ဆိုတော့ သူတို့ အလုပ်လုပ်နေတာတွေ အကန့်အသတ် ဖြစ်မယ်"။

ဘဏ်မှာငွေစာရင်းဖွင့်ထားတဲ့ သာမန်လူတွေလည်း အခုကာလမှာ တစ်ရက်ကို ကျပ် ၅ သိန်းပဲ ATM က ထုတ်နိုင်တယ်လို့ ကန့်သတ်ခံရပါတယ်။ အဲဒီ ငွေပမာဏကန့်သတ်တာက သိတ်အခက်အခဲမရှိပေမယ့် တခြားအခက်အခဲက အများကြီးပဲလို့ ရန်ကုန်က အိမ်ရှင်မ တစ်ယောက်က ဆိုပါတယ်။

"ATM ဆီကို သွားဖို့နေရာမှာ အများအားဖြင့် လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်နေတော့ ကိုယ့်လုံခြုံရေးကို စိုးရိမ်ရလို့ မသွားရဲဘူး။ နောက်ပြီး ATM ထဲမှာ ငွေမရှိတာ၊ Out of Service ဖြစ်နေတာတွေ ကြုံရတယ် ။"

ငွေသားသုံးစွဲမှု လျှော့ချရေးကို အဓိက ဦးစားပေး ဆောင်ရွက်ဖို့နဲ့ အစိုးရဌာနတွေရဲ့ ငွေပေးချေမှုတွေကို CBM-NET System ကိုသုံးပြီး ဘဏ်ရှိစာရင်းတွေကနေတဆင့် ငွေပေးချေတဲ့နည်းလမ်းတွေ၊ အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းတွေ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းတွေ၊ Cheque/PO တွေကို ဦးစားပေး ဆောင်ရွက်ဖို့ လည်း ဗဟိုဘဏ်က ညွှန်ကြားထားတာကို တွေ့ရပါတယ်။

ထုတ်ပြန်ထားသလို အီလက်ထရောနစ် ငွေပေးချေမှုနဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ဆိုတာ ဆိုက်ဘာ လုံခြုံရေးကို အဆင့်မြှင့်ဖို့နဲ့ အင်တာနက် အမြဲမပြတ်ရဖို့ လိုကြောင်း ဦးဖေမြင့်က ပြောပါတယ်။

အစိုးရဌာနတွေနဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုတော့ လကုန်ရက်မှာ လုပ်ခ၊ လစာပေးချေမှုတွေ အတွက် လိုအပ်ချက်တွေအပေါ်မူတည်ပြီး ဘဏ်တွေအနေနဲ့ မိမိရဲ့ ငွေကြေးလက်ကျန် အခြေအနေအရ စိစစ်ထုတ်ပေးဖို့နဲ့ လိုအပ်ပါက ဗဟိုဘဏ်ကို တင်ပြဆောင်ရွက်ဖို့လည်း အဲဒီ ညွှန်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘဏ်တွေက ပင်စင်ထုတ်ယူကြသူတွေကို တစ်ရက်တည်းမှာ ထုတ်ဖို့မလိုအပ်ဘဲ သတ်မှတ်ရက်နောက်ပိုင်း တခြားနေ့တွေမှာလည်း ထုတ်နိုင်ကြောင်းနဲ့ မိုဘိုင်းလ် ငွေကြေးစနစ်နဲ့လည်း ထုတ်ယူနိုင်ကြောင်း၊ ဒါ့အပြင် ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေတယ်ဆိုပြီး မြန်မာ့စီးပွားရေးဘဏ်က ကြေညာထားပါတယ်။

လက်ရှိမှာတော့ ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းတွေပါ CDM လုပ်ကိုင်နေတာကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါးဖြစ်ပြီး ပြည်တွင်းစက်သုံးဆီအတွက် အဓိက အားထားနေရတဲ့ ပြည်ပက စက်သုံးဆီတင်သွင်းမှုပါ အခက်အခဲ ရှိခဲ့တယ်လို့ စက်သုံးဆီ လုပ်ငန်းက သတင်းရင်းမြစ်တွေက ပြောထားပါတယ်။