ခုခံကာကွယ်ရေးလုပ်ငန်းစဥ် လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင်

ဆန္ဒပြသူတွေရဲ့လုံခြုံရေးအတားအဆီးအဟန့်အတားများမီးရှို့ဖျက်ဆီးခံရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဆန္ဒပြသူတွေရဲ့လုံခြုံရေးအတားအဆီးအဟန့်အတားများမီးရှို့ဖျက်ဆီးခံရစဥ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ CRYH ကလူထုအနေနဲ့ ရဲနဲ့တပ်မတော်သားတွေကို ပြန်လည် ခုခံကာကွယ်ကြဖို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီက CRPH က ပြည်သူလူထုအနေနဲ့ "မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိ ကြောင်း ရဲနဲ့စစ်သားတွေဟာ ပြည်သူကို အကြမ်းဖက်တိုက်ခိုက်တာနဲ့တစ်ပြိုင်နက် ပြည်သူ့ဝန်ထမ်းအဖြစ်က အလိုလိုပျက်ပြယ်ပြီး အကြမ်းဖက်အုပ်စုရဲ့ သစ္စာခံလက်နက်ကိုင်အဖွဲ့တွေသာဖြစ်သွားပြီ"လို့ မနေ့က ကြေညာခဲ့ပါတယ်။ အဲသလိုကြေညာပြီးနောက် ပိုမိုအသေးစိတ်တဲ့ ခုခံကာကွယ်ရေးလုပ်ငန်းစဥ်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ CRYH က ဒီနေ့ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

အထွေထွေသပိတ်ကော်မတီ GSC ၊ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ GSCC တို့ကလည်း ပြည်သူလူထုက ခုခံကာကွယ်ဖို့ ပြန်လည်တိုက်ခိုက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားကြပါတယ်။

ဒီလို အခြေအနေ ဖြစ်ပေါ်လာတာနဲ့ပတ်သက်ပြီး GSC ရဲ့ စည်းရုံးရေးကော်မတီဝင် ကိုကျော်ကိုကိုက "ပြည်သူလူထုကို စစ်အုပ်စုက အကြမ်းဖက်သတ်ဖြတ်မှုတွေ သိပ်များလာတဲ့အခါ ပုံမှန်ပြရိုးပြစဥ်ဆန္ဒပြပွဲတွေထက်စာရင် ပြည်သူလူထုဟာ ကိုယ့်ရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရတဲ့ နောက်တစ်ဆင့်ကိုတက်သွားတယ်လို့မြင်ပါတယ်။ ပထမတောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးတွေကို တောင်းဆိုတယ်။ အဲသလိုတောင်းဆိုတဲ့အချိန်မှာ နိုင်ငံရေးတောင်းဆိုချက်တွေကို ညှိနှိုင်းမှုလိုက်လျောမှုမရှိရုံသာမက ပြည်သူလူထုကို ကိုယ်ထိလက်ရောက်ကျူးလွန်လာ၊ သတ်ဖြတ်လာတဲ့အခါမှာ ပြည်သူတွေဟာ ကိုယ့်အသက်ကိုယ် ကာကွယ်ရင်းနဲ့ တစ်ဖက်မှာ နိုင်ငံရေးရည်မှန်းချက်ကိုရောက်အောင် သွားရတဲ့အခြေအနေဖြစ်လာတာ တွေ့ရပါတယ်။ ဒီတော့ ပြည်သူလူထုဟာ နိုင်ငံရေးရည်မှန်းချက်ကိုရောက်ဖို့ဆိုရင် ကိုယ့်အသက်ကိုယ်အရင်ကာကွယ်ရတဲ့ အခြေအနေ ဖြစ်လာတာကိုတွေ့ရပါတယ်။" လို့ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ကိုယ့်အသက်ကိုယ် ကာကွယ်ရင်းနဲ့ နိုင်ငံရေးရည်မှန်းချက်ကိုရောက်အောင် သွားရတဲ့အခြေအနေဖြစ်လာနေတယ်

CRYH ရဲ့ကြေညာချက်မှာ မိမိကိုယ်ကိုယ်ကာကွယ်ခုခံပိုင်ခွင့်ကို လုပ်ငန်းစဥ် ၅ ရပ်ခွဲခြားဖော်ပြထားပါတယ်။ အဲဒီအထဲမှာ လူငယ်တွေကို ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားဖို့ဆိုတဲ့အချက်ပါဝင်ပါတယ်။ ခုခံကာကွယ်ရေးပစ္စည်း တွေ ရှာဖွေစုဆောင်းဖို့၊ တီထွင်ဖန်တီးပြုလုပ်ဖို့ ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

အင်တာနက်စာမျက်နှာပေါ်မှာလည်း နည်းလမ်းအမျိုးမျိုးကို ဆန္ဒပြသူတွေက ကြံဆထုတ်ဖော်ကြတာတွေ ရှာဖွေမျှဝေကြတာတွေကို တွေ့နေရပါတယ်။ CRYH ကအဟန့်အတားတွေ အခိုင်အမာပြုလုပ်ဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။ အဲသလိုမတိုက်တွန်းခင်ကတည်းက ဆန္ဒပြသူတွေဟာ လမ်းပေါ်မှာ အတားအဆီးအမျိုးမျိုးကို ပြုလုပ်ခဲ့ကြပြီးဖြစ်သလို ယူကရိန်းနိုင်ငံမှာ ဆန္ဒပြပွဲအတွင်းပြုလုပ်ခဲ့ကြတဲ့ ခံတပ်လို အကာအဆီးကြီးတွေကိုတောင် သတင်းမျှဝေခဲ့တာကိုလည်း တွေ့ရပါတယ်။

ခုခံကာကွယ်ရေးပစ္စည်းတွေ ရှာဖွေစုဆောင်း၊ တီထွင်ဖန်တီးပြီး စနစ်တကျ အသုံးပြုနိုင်အောင် လေ့လာသင်ယူဖို့ကိုလည်း CRYH ကတိုက်တွန်းထားပါတယ်။ ဆန္ဒပြပွဲဖြစ်စဥ်တွေအတွင်းမှာ ဆန္ဒပြသူတွေဟာ ဓာတ်ဆီပုလင်းလိုပစ္စည်းမျိုး အသုံးပြုတာကို တချို့နေရာမှာ တွေ့ရပါတယ်။ ရဲအဖွဲ့ကရော ဆန္ဒပြသူတွေကပါ လေးခွတွေ အသုံးပြုတာကိုလည်း တွေ့ရပါတယ်။ ယူကရိန်းမှာအသုံးပြုကြတဲ့ ဧရာမ လောက်လေးခွကြီးတွေ အသုံးပြုဖို့ကြံဆပြောဆိုကြတာတွေကိုလည်း လူမှုကွန်ရက်မှာ အနှံ့အပြားတွေ့နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒါပေမဲ့ ရဲအဖွဲ့နဲ့ စစ်တပ်ဟာ ခေတ်မီမောင်းပြန်သေနတ်တွေ ကိုင်တွယ် အသုံးပြုနေတာပါ။ ကျည်အစစ်အသုံးပြု နှိမ်နင်းနေတာလည်းဖြစ်ပါတယ်။ ထားဝယ်မှာနှိမ်နင်းပစ်ခတ်ခဲ့ပုံ၊ မြိုင်မြို့မှာ ပစ်ခတ်နှိမ်နင်းမှု၊ မတ်လ ၁၃ ရက်မန္တလေး နှိမ်နင်းမှု၊ မြိုင်မြို့မှာ ပစ်ခတ်နှိမ်နင်းမှု၊ မြင်းခြံမှာ မတ်လ ၁၄ ရက်နေ့ ပစ်ခတ်နှိမ်နင်းမှု၊ လှိုင်သာယာမှာ မတ်လ ၁၄ ရက်နေ့က တနေ့တည်းနဲ့ လူပေါင်း ၃၀ နဲ့ ၅၀ အကြားသေဆုံးအောင် ပစ်ခတ်နှိမ်နင်းမှုတွေကိုကြည့်ရင် အင်အားကို အတိုင်းအဆမဲ့ အလွန်အကျွံအသုံးပြုနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီနေ့မတ်လ ၁၅ ရက်နေ့မှာလည်း လှိုင်သာယာကို စစ်ကားအစီး ၅၀ လောက်မောင်းနှင်သွားတာကို တံတားဘေးက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ တွေ့မြင်ရပါတယ်။ ဆက်တိုက်ပစ်ခတ်မှုတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ကျည်စစ်ကျည်မှန် အသုံးမပြုဖို့ လုံခြုံရေးအဖွဲ့တွေကို အမိန့်ပေးထားကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုပါတယ်။ ခါးအောက်ပိုင်းကိုသာပစ်ဖို့၊ အင်အားအလွန်အကျွံမသုံးဖို့၊ လုပ်ထုံးလုပ်နည်းနဲ့အညီ မပစ်ခတ်ခင် သတိပေးဖို့တွေကိုလည်း ပြောထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူတွေကြုံတွေ့နေရတာ၊ ဗီဒီယိုတွေထဲမှာ မြင်တွေ့နေရတာတွေနဲ့က အလွန်ကွာခြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

လှိုင်သာယာ မတ်လ ၁၄ ရက်နေ့ ဖြိုခွင်းမှု

CRYH ရဲ့တိုက်တွန်းချက်ထဲမှာ မိမိရပ်ရွာဒေသနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ခုခံကာကွယ်ရေး နည်းဗျူဟာ နည်းပရိယာယ်တွေကိုချမှတ်ပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေလုပ်ဖို့ ဆိုတဲ့ တိုက်တွန်းချက်ပါဝင်ပါတယ်။ ဒါပေမဲ့ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စဆိုတာ သာမန်ပြည်သူတွေနဲ့ မနီးစပ်တဲ့ ဆောင်ရွက်မှုတွေဖြစ်ပါတယ်။

"လူမျိုးစုလက်နက်ကိုင်ဒေသတွေမှာ စစ်ပညာတတ်တဲ့ပြည်သူတွေ အများအပြားရှိပါတယ်။ သူတို့ဟာ သူတို့ရဲ့ဒေသတွေကို ထိုးစစ်ဆင်တာတွေ အကြိမ်ကြိမ်အပြုလုပ်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အတွက် စစ်ပညာသင်ယူထားရတာတွေ ရှိပါတယ်။ ကျွန်တော်တို့မှီခိုရမှာကတော့ လက်နက်ကိုင်အတတ်ပညာတွေကို သင်ကြားပေးနိုင်တဲ့ လူမျိုးစုတိုင်းရင်းသားအဖွဲ့အစည်းတွေကို အကူအညီတောင်းသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဥပမာ KNU ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောထားတာ ရှိတယ်ပေါ့နော်။ လာခဲ့ရင်သင်ကြားပို့ချပေးမယ်လို့ ဖိတ်ခေါ်ထားတာရှိပါတယ်။" လို့ ကိုကျော်ကိုကိုက ဆိုပါတယ်။

ဒါပေမဲ့တိုင်းရင်းသားလူမျိုးစုတွေဆီက စစ်ပညာသင်ကြားရေးအကူအညီတွေကိုသာ တောင်းခံပြီး မိမိဘာသာ သီးခြား လွတ်လွတ်လပ်လပ် ရပ်တည်သင့်တယ်လို့ ကိုကျော်ကိုကိုက ဆိုပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒပြမှုဟာ ငြိမ်းချမ်းစွာဆန္ဒပြတာမျိုးပဲဖြစ်သင့်တယ်လို့ အခုထိယုံကြည်နေကြသူတွေလည်း ရှိကြပါတယ်။ အခု CRPP ၊ CRYH နဲ့ GSC ၊ GSCC တို့ရဲ့ မိမိကိုယ်ကိုယ်ခုခံကာကွယ်ရေးဟာ ငြိမ်းချမ်းစွာ ဆန္ဒပြရေး လမ်းစဥ်နဲ့ ဝိရောဓိဖြစ်လာပြီလို့ ဆိုနိုင်ပါသလား။ ပြည်သူလူထုက လောက်လေးခွအသုံးပြုတာ၊ ဓာတ်ဆီပုလင်းအသုံးပြုတာမျိုးကို ငြိမ်းချမ်းစွာဆန္ဒပြတဲ့နည်းလို့ သာမန်အခြေအနေမှာ မယူဆကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မတ်လ ၁၅ ရက် နေ့က ဆန္ဒပြပွဲ တစ်ခုကို ဖြိုခွင်းစဥ်

"ငြိမ်းချမ်းစွာဆန္ဒပြသင့်တယ်ဆိုတာက အချိန်ကာလတခုအထိတော့မှန်တယ်။ ဒါပေမဲ့ တကယ့်အခြေအနေအရ၊ လက်တွေ့အခြေအနေအရ သူတို့ဟာ လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ ငြိမ်းချမ်းစွာဆန္ဒပြလို့မရတော့ဘူး။ ကျွန်တော်တို့ ပကတိ အခြေအနေကို သုံးသပ်ပြီးပြောနေတာဖြစ်တယ်။ ငြိမ်းချမ်းစွာဆန္ဒပြစေချင်တယ်ဆိုတဲ့သူတွေ ဒီအခြေအနေမှန်ကို သိသင့်တယ်လို့ကျွန်တော်ထင်တယ်။ ကျွန်တော်တို့တတွေက ဆန္ဒစွဲအမှားကို မကျူးလွန်သင့်ဘူး။ ဆန္ဒစွဲအရကတော့ ငြိမ်းချမ်းစွာဆန္ဒပြမယ်။ အကြမ်းမဖက်ဆန္ဒပြမယ်။ ဒီလိုနည်းနဲ့ ကမ္ဘာမှာ ပြယုဂ်ကောင်းအောင်တည်ဆောက်ချင်တာ ပေါ့။ ဒါပေမဲ့ လက်တွေ့မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ ကူညီမှုဆိုတာ မသေချာဘူး။ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကိုပဲ အားထားရမှာပါ။ ဒီလိုအချိန်မျိုးမှာမှ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ရင် ဒီ့ထက်ပိုနာဖို့ပဲရှိတယ်။ ဒီတော့ လက်တွေ့ကျဖို့လိုတယ်လို့ဆိုချင်ပါတယ်။" လို့ဘီဘီစီကိုပြောပါတယ်။

ပြည်သူလူထုဘက်က သူတို့ရဲ့နိုင်ငံရေးတောင်းဆိုချက်တွေကို မစွန့်လွှတ်မချင်း အာဏာသိမ်းစစ်ကောင်စီက နှိမ်နင်း ပစ်ခတ်မှုတွေကို ဆက်လက်ဆောင်ရွက်မယ့်အလားအလာရှိနေပါတယ်။ ပြည်သူလူထုအနေနဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို စွန့်လွှတ်အလျှော့ပေးမလား၊ အသက်နဲ့ရင်းပြီး ဆက်လက်စွန့်စား တောင်းဆိုမလားဆိုတာဟာ အရွေးရခက်တဲ့ အကျပ်အတည်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိအခြေအနေဟာ နိုင်ငံရေးအရ အလွန်တင်းမာပြင်းထန်နေပါတယ်။ အာဏာသိမ်းစစ်ကောင်စီက သူတို့သာအစိုးရလို့ဆိုပြီး CRPH ဟာတရားမဝင်အဖွဲ့အစည်းလို့ဆိုနေပါတယ်။ ဖမ်းဆီးဖို့ ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။ CRPH ကလည်း သူတို့သာ ပြည်သူလူထုရဲ့ အရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားပါတယ်။

အများပြည်သူအနေနဲ့ ကိုယ့်အိမ်မှာကိုယ် ထိုင်နေတဲ့သူကအစ ကြားနေဖို့ အလွန်ခက်ခဲပြီး နိုင်ငံရေးဖိအားကို အကြီးအကျယ်ခံစားနေကြရတဲ့အချိန်ကာလဖြစ်ပါတယ်။