Open Society Myanmar ကို အရေးယူမယ်လို့ စစ်ကောင်စီကကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ သြဇာကြီးမားလှသူ ဂျော့ဆိုးရော့စ်
ဂျော့ဆိုးရော့စ် George Soros ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မြန်မာ Open Society Myanmar ကို အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းဖောက်ဖျက်မှုနဲ့ အရေးယူမယ်လို့ မြန်မာနိုင်ငံ အာဏာသိမ်း စစ်ကောင်စီက ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာရဲ့ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေပြီး အမှုဆောင်ဒါရိုက်တာ ဒေါက်တာမျိုးမြင့်အောင်ကတော့ ကျပ်ငွေသိန်းပေါင်း ၁၃၉၉၉ သိန်းနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မတ်လ ၁၅ ရက်နေ့မှာ မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။
ဒေါက်တာမျိုးမြင့်အောင် အပါအဝင်ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာရဲ့ဝန်ထမ်း ၁၁ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့နေတယ်ဆိုပြီး မသင်္ကာတဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ဖမ်းဝရမ်းထုတ်ထားတာလို့ ဆိုပါတယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာရဲ့ ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော်ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့က အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် SMED Bank ကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂ သန်းကို မြန်မာငွေနဲ့ လဲလှယ်တန်ဖိုးသင့်ပြီး ကျပ်ငွေ သိန်းပေါင်း ၁၉၉၉၉ သိန်းထုတ်ယူသွားတယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။ အဲဒီအထဲက ကျပ်ငွေ သိန်းပေါင်း ၁၃၉၉၉ ကိုဒေါက်တာမျိုးမြင့်အောင်က ယူဆောင်သွားတယ်လို့ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
CDM လှုပ်ရှားမှုများကို အာဏာသိမ်းအစိုးရက နည်းအမျိုးမျိုးဖြင့် ရပ်တန့်အောင်ဆောင်ရွက်နေ
ဒေါ်ဖြူပပသော်ကို စစ်ဆေးချက်အရ နေပြည်တော်မှာ CDM လှုပ်ရှားသူတွေကို ဒေါက်တာမျိုးမြင့်အောင်က ငွေကြေးထောက်ပံ့တယ်လို့ ဒေါ်ဖြူပပသော်ဆီကသတင်းကြားတဲ့အတွက် ရဲက သံသယဝင်ပြီး စစ်ဆေးမေးမြန်းဖို့လိုက်လံ ရှာဖွေရာမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ဆိုပါတယ်။
Open Society Foundations အဖွဲ့ကတော့ ပွင့်လင်းလူ့အဖွဲ့အစည်း မြန်မာ OSM (Open Society Myanmar) အဖွဲ့ရဲ့ ဝန်ထမ်း တစ်ဦး အထိန်းသိမ်းခံထားရတဲ့ သတင်းတွေကြောင့် အကြီးအကျယ် စိုးရိမ်ပူပန်မိတယ်လို့ဆိုပြီး သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တခြားOSM ဝန်ထမ်းတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးမေးမြန်းဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေကြောင့်လည်း အကြီးအကျယ် စိုးရိမ်ထိတ်လန့်မိတယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
စစ်တပ်က အာဏာသိမ်းလိုက်အပြီး မီဒီယာနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ၊ ဘဏ်လုပ်ငန်းစနစ်တွေ ကန့်သတ်ခံခဲ့ရချိန်မှာ OSM အဖွဲ့က လုပ်ငန်း ဆက်လည်ပတ်ဖို့ လိုအပ်တဲ့ ရံပုံငွေတွေကို လက်ထဲမှာထားနိုင်ဖို့ အမြန်လုပ်ခဲ့ရပါတယ်။ OSM အဖွဲ့ဟာ သူတို့ပိုင် ကျပ်ငွေတွေကို SMID ဘဏ်ကနေ တရားမဝင် ထုတ်ယူခဲ့တယ် ဆိုတဲ့ အချက်အပါအဝင် ငွေကြေးဆိုင်ရာ မလျော်မကန် လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝ မှားယွင်းပါတယ်။ ဒီငွေတွေကို OSM က ဥပဒေနဲ့ မလျော်ကန်တဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေက မှားယွင်းပါတယ်။ ဒီငွေတွေကို OSM အဖွဲ့ရဲ့ ရည်ရွယ်ချက် အစီအစဉ်တွေအတိုင်း အပြည့်အဝ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒီစွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး လိုလားသူတွေအပေါ် တိုက်ခိုက်ဖို့ ကြိုးစားမှုအဖြစ် ယူဆစရာဖြစ်နေပါတယ် လို့ Open Society Foundations ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Open Society Foundation ရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ ဂျော့ဆိုးရော့စ်နဲ့ သားဖြစ်သူ အလက်ဇန္ဒားဆိုးရော့စ်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပြီး Open Society Myanmar ရုံး မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခဲ့တာကို ရုပ်မြင်သံကြားသတင်းက ဇောင်းပေးကြေညာသွားခဲ့ပါတယ်။
Open Society Myanmar ရုံးကို ၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ လွတ်လပ်တဲ့ဖောင်ဒေးရှင်းတခု အဖြစ် မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Open Society မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်ဖို့ သဘောတူစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာကတော့ ၂၀၁၂ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းကဖြစ်ပါတယ်။
Open Society ဟာပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးပေါ်လစီပြုပြင်ပြောင်းလဲရေး၊ လူနည်းစုလူမျိုးတွေရဲ့အရေးနဲ့ လူနည်းစုဘာသာဝင်တွေကို အကာအကွယ်ပေးဖို့အတွက် ဆောင်ရွက်တယ်လို့ သူ့ရဲ့ တရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို အာမခံချက်ပေးနိုင်မဲ့ မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်တွေကို ထောက်ပံ့ကူညီပေးသွားမယ်လို့လည်း ဆိုထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, SME facebook
SME center ကလှူဒါန်းရန်ပြင်ဆင်ထားစဥ်
George Soros ဟာကမ္ဘာနိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ သြဇာကြီးမားသူတစ်ယောက်ဖြစ်သလို ချစ်သူရော၊ မုန်းသူပါ ပေါများတဲ့ အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ George Soros ကိုဒီမိုကရေစီအရေး အတွက် အလွန်ရက်ရောတဲ့ စေတနာရှင်ပုဂ္ဂိုလ်တစ်ဦးအဖြစ်မြင်သူတွေရှိကြသလို နိုင်ငံငယ်တွေရဲ့ နိုင်ငံရေးကို စွက်ဖက်ချယ်လှယ်သူအဖြစ်မြင်ကြသူတွေလည်း ရှိပါတယ်။ အရင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရကာလ ကဆိုရင် George Soros ကိုဝေဖန်တဲ့ဆောင်းပါးတွေ အစိုးရပိုင်သတင်းစာမှာ အခန်းဆက်ဖော်ပြခဲ့ဖူးတာတွေ ရှိပါတယ်။
အခုအခါမှာ Open Society ရဲ့မြန်မာနိုင်ငံဘဏ်တွေမှာ စာရင်းထားရှိတဲ့ ငွေကြေးမှန်သမျှကို အာဏာသိမ်းအစိုးရက ထိန်းချုပ်ထားလိုက်ပြီး ဖြစ်ပါတယ်။
Open Society Myanmar ရဲ့အဓိကဘဏ်စာရင်းဖွင့်လှစ်ထားရာဖြစ်တဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် SMED Bank ကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ကြေညာသွားပါတယ်။ Open Society Myanmar ကဒေါ်လာ ၅ သန်း အပ်နှံရာမှာနဲ့ ဒေါ်လာ ၁ ဒသမ ၄၂ သန်းကို မြန်မာငွေနဲ့ပြောင်းလဲထုတ်ယူတဲ့ကိစ္စတွေမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီလိုအပ်တဲ့ ဆောင်ရွက်ချက်တွေကို မပြုလုပ်ခဲ့လို့ အရေးယူမှာလို့ဆိုပါတယ်။
အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် SMED Bank ရဲ့နာယက ဦးခင်ရွှေဟာ စစ်အအစိုးရထိပ်ပိုင်းခေါင်း ဆောင်တွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ နီးစပ်သူတဦးဖြစ်ပါတယ်။