KNU ပိတ်ဆို့မှုကြောင့် မြန်မာတပ်အတွက် ရိက္ခာတွေ ထိုင်းဘက်ကပတ်ပြီး သွင်းခဲ့တဲ့သတင်းတွေ ထွက်ပေါ်

ဆန်အိတ် ၇၀၀ ပါ၀င်

ဓာတ်ပုံ ရင်းမြစ်, KNU Handout

ဓာတ်ပုံ ပုံစာ,

ဆန်အိတ် ၇၀၀ ပါ၀င်

မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ သံလွင်မြစ်တလျှောက် လှုပ်ရှားနေတဲ့ သူတို့ရဲ့ တပ်တွေအတွက် စားနပ်ရိက္ခာတွေကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေကနေ ဖြတ်ပြီး သယ်လို့မရတဲ့အတွက် ထိုင်းနိုင်ငံဘက်ခြမ်းကနေ ကွေ့ပတ်ပြီး သယ်ခဲ့ရတယ်လို့ KNU သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

မြန်မာစစ်ကောင်စီ အတွက် ရိက္ခာတွေကို KNU က သူတို့ ထိန်းချုပ်တဲ့ ဖာပွန် ခရိုင်ထဲကနေ ဖြတ်သယ်ခွင့် မပေးပဲ ပိတ်ဆို့ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မြ၀တီကနေ တစ်ဘက်ကမ်း မဲဆောက်၊ တပ်ခရိုင်ဘက်ကိုပို့၊ အဲဒီကနေမှ မယ်ဟောင်ဆောင်နယ်ထဲကိုသယ်၊ မြစ်ကိုပြန်ကူးပြီး၊ မြန်မာဘက်ခြမ်းထဲ ရိက္ခာသယ်ရတာမျိုး အဆင့်ဆင့် လုပ်ဆောင်ခဲ့တယ်လို့ KNU ထိပ်တန်းအရာရှိ တချို့ရဲ့ ပြောပြချက်တွေကို ကိုးကားပြီး ဘီဘီစီ ထိုင်းဘာသာစကား သတင်းဌာနက ရေးပါတယ်။

ပို့ဆောင်တဲ့ ရိက္ခာတွေကတော့ ဆန်အိတ် ၇၀၀ အပါအ၀င် အသားစည်သွပ်ဗူးတွေ၊ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ လက်ဖက်ခြောက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ စခန်းချရာ လမ်းကြောင်းတွေကို KNU က ပိတ်ဆို့ထားပြီး၊ အကြောင်းကတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါ၀င်တဲ့ ကရင်လူမျိုးတွေကို စစ်ကောင်စီတပ်တွေက ရန်ရှာမှာ စိုးလို့ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNU Handout

ဓာတ်ပုံ ပုံစာ,

KNU က သူတို့ ထိန်းချုပ်တဲ့ ဖာပွန် ခရိုင်ထဲကနေ ဖြတ်သယ်ခွင့် မပေး

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ထိုင်းစစ်တပ်ကငြင်းဆို

ထိုင်းဘက်ခြမ်းကနေ ဆန်အိတ်တွေ အပါအ၀င် စားနပ်ရိက္ခာတွေ မြန်မာဘက်ခြမ်းထဲ ၀င်နေတာကို ထိုင်းဒေသတွင်း မီဒီယာတွေက သတိထားမိပြီး သတင်းရေးတဲ့အခါ ထိုင်း-မြန်မာနယ်စပ်မှာ တာ၀န်ယူ လှုပ်ရှားတဲ့ "နရဲစွမ်" လို့ ခေါ်တဲ့ နယ်စပ်လုံခြုံရေး ထိုင်း အထူးတပ်ဖွဲ့က တာ၀န်ရှိသူက စစ်ကောင်စီတပ်တွေ အတွက် ရိက္ခာတွေ ဆိုတာကို ငြင်းပယ်ပြီး ပုံမှန် နယ်စပ်ကုန်သွယ်ရေး လို့ ပြောဆိုခဲ့ပါတယ်။

(နရဲစွမ်ဆိုတာ ပဲခူး ဟံသာ၀တီ နန်းတွင်းမှာ ကြီးပြင်းပြီး နောင် အယုဒ္ဓယကို မြန်မာ တောင်ငူအင်ပါယာအောက်က လွတ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ထိုင်းဘုရင်ရဲ့ နာမည်ဖြစ်ပြီး၊ မြန်မာသမိုင်းမှာ ဗြနရာဇ်လို့လည်း ခေါ်ပါတယ်။ ထိုင်းက မြန်မာနဲ့နယ်စပ် လုံခြုံရေးတပ်ကို နရဲစွမ်တပ် ဆိုပြီး နာမည်ပေးထားတာပါ။)

နရဲစွမ်တပ်မှူး ဗိုလ်မှူးချုပ် အမ်နတ် ဆရီမတ်က ထိုင်းစစ်တပ်က မြန်မာတပ်ကို ရိက္ခာတွေ ထောက်ပံ့ပေးနေတယ် ဆိုတာ မဟုတ်ဘူးဆိုပြီး ဒေသတွင်း ထိုင်းမီဒီယာတွေရဲ့ ရေးသားချက်တွေကို ငြင်းပယ်ထားပါတယ်။

"တကယ်လို့ ကုန်စည်စီးဆင်းမှု ရှိခဲ့တယ်ဆိုရင်လည်း အဲဒါ ပုံမှန် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ဖြစ်လိမ့်မယ်" ဆိုပြီး အဲဒီ ထိုင်းဗိုလ်ချုပ်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNU Handout

ဓာတ်ပုံ ပုံစာ,

ပုံမှန် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ဆိုပြီး ထိုင်းဗိုလ်ချုပ်ပြော

KNU ဘက်က သတင်းရင်းမြစ်တွေကတော့ အဲဒီ ကုန်စည်တွေဟာ မြန်မာတပ်အတွက် ရိက္ခာတွေဆိုတာ ထိုင်းစစ်တပ်က သိထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်ကိုယ်တိုင် အဲဒီလို ရိက္ခာ ဖြတ်သယ်ဖို့ ထိုင်းစစ်တပ်နဲ့ ညှိနှိုင်း လုပ်ဆောင်ခဲ့ပေမယ့် ထိုင်းစစ်တပ်ဘက်က လုံခြုံရေး အာမခံချက် မပေးခဲ့ဘူးလို့လည်း KNU သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ဟာ ထိုင်းဘက်ခြမ်းက ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းတစ်ခုကို ငှားပြီး ရိက္ခာတွေ သွင်းခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘီဘီစီ ထိုင်းဘာသာစကား ဌာနက ထိုင်းစစ်တပ် ပြောခွင့်ရကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ပြောခွင့်ရ ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်တီဖောင် ထမ်ပီယားက မီဒီယာတွေမှာ ဖော်ပြနေတာ ဓာတ်ပုံဟောင်းတွေ၊ အဲဒီလို အဖြစ်အပျက် မရှိခဲ့ဘူးဆိုပြီး တုံ့ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဒုက္ခသည် စခန်းတွေ ပြင်ဆင်ထား

လက်ရှိ ထိုင်း-မြန်မာ နယ်စပ် အခြေအနေ

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲ ပါ၀င်ပြီး စစ်ကောင်စီရဲ့ ရန်က လွတ်အောင် ရှောင်လာသူတချို့ ထိုင်းဘက်ခြမ်းထဲထိ ရောက်လာကြပြီလို့ ထိုင်းစစ်တပ်က လောလောလတ်လတ်မှာပဲ ပြောထားပါတယ်။

ခေတ်အဆက်ဆက် အတွေ့အကြုံတွေအရ မြန်မာဘက်ခြမ်းမှာ စစ်ရေး၊ နိုင်ငံရေး တင်းမာတဲ့ အခါတွေမှာ ထိုင်းဘက်ကို အစုလိုက် ခို၀င်လာလေ့ ရှိတာကြောင့် မြန်မာစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မဲဆောက်နယ်ထဲမှာ ဒုက္ခသည် စခန်းတွေ ပြင်ဆင်ထားတယ်လို့ ထိုင်းစစ်တပ်က အစောပိုင်းမှာ ကတည်းက ပြောထားပါတယ်။

အခု နောက်ဆုံး ထိုင်းစစ်တပ်ရဲ့ မတ်လ ၂၀ ရက် ထုတ်ပြန်ချက်အရ မယ်ဟောင်ဆောင်နယ်ထဲမှာ မြန်မာဘက်ကနေ နိုင်ငံရေးအရ ထွက်ပြေး ခိုလှုံလာတဲ့သူ ၅ ယောက်ကို လက်ခံထားတယ်လို့ ဆိုပါတယ်။ အသက်အကြီးဆုံး ၄၀ ကျော်ကနေ ၁၀ နှစ် အထိ ငယ်တဲ့ ကလေးလည်း ပါတဲ့ အဲဒီသူတွေကို ကိုဗစ်ကာလ ဖြစ်တာကြောင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးတာတွေ ပြုလုပ်ပြီး ယာယီ နေရာချပေးထားတယ်လို့ ပြောပါတယ်။

KNU နိုင်ငံခြားရေး တာ၀န်ခံ ပဒိုစောတော်နီးကလည်း KNU ထိန်းချုပ်နယ်ထဲ ရောက်လာတဲ့သူတွေ တစ်ထောင်နီးနီး ရှိနေပြီလို့ ဆိုပါတယ်။

နိုင်ငံတ၀န်းက ပြေးလာကြသူတွေ ဖြစ်ပြီး၊ သပိတ်ခေါင်းဆောင်တွေ၊ CDM လှုပ်ရှားကြသူတွေ အပါအ၀င် လွှတ်တော်အမတ် တချို့ပါ ပါ၀င်တယ်လို့ ပဒို စောတော်နီးက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

KNU နိုင်ငံခြားရေး တာ၀န်ခံ ပဒိုစောတော်နီး

စစ်ရေး အခြေအနေကိုကြည့်ရင် စစ်ကောင်စီတပ်တွေနဲ့ KNU ကြား အခုရက်ပိုင်းတွေမှာ ထိတွေ့တိုက်ပွဲတွေ အကြိမ်ရေ ခပ်စိတ်စိတ် ဖြစ်လာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ တောင်ငူခရိုင်နဲ့ တပ်မဟာ ၅ ဖာပွန်ခရိုင်တို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

မတ်လ ၁၀ ရက်နေ့တုန်းကဆိုရင် KNU တပ်မဟာ ၁ အခြေစိုက်ရာ သထုံခရိုင်ထဲက ညောင်ကုန်းရွာသစ်နား စစ်ကောင်စီရဲ့ ခမရ ၁၁၈၊ ခလရ ၂၀၄၊ ခလရ ၂၀၅ ပူးပေါင်းတပ်တွေနဲ့ ထိတွေ့မှု ၄ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီ ဘက်က ၅ ယောက် သေဆုံးတယ်လို့ KNU က ပြောပါတယ်။

နောက်ပိုင်းရက်တွေမှာလည်း အထက်မှာ ပြောထားတဲ့ နယ်တွေထဲ ထိတွေ့ ပစ်ခတ်တာတွေ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ရှိပြီး၊ ဒေသခံ ရွာသူရွာသားတွေ ထွက်ပြေးရတာမျိုးတွေ ဖြစ်ခဲ့ပေမယ့် အသေအပျောက် သတင်းတော့ မကြားရပါဘူး။