မြန်မာစစ်သင်္ဘောတွေနဲ့ လာခေါ်တာကို လက်မခံဖို့ မလေးအစိုးရဆုံးဖြတ်

မြန်မာစစ်သင်္ဘောတွေ စောင့်နေတဲ့ ရေတပ်စခန်းဆီ ခေါ်သွားစဥ်၊ ၂၃.၂.၂၀၂၁။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မြန်မာစစ်သင်္ဘောတွေ စောင့်နေတဲ့ ရေတပ်စခန်းဆီ ခေါ်သွားစဥ်၊ ၂၃.၂.၂၀၂၁။

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေး ပြန်လွှတ်တာကို လောလောဆယ် ဆိုင်းငံ့ထားဖို့ မလေးရှား အစိုးရက မတ်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းခံရတဲ့အပေါ် ဒေသတွင်း အာဆီယံအဖွဲ့ အနေနဲ့ အရေးပေါ် အစည်းအ၀ေးလုပ် ဆွေးနွေးတာ ဖြစ်မြောက်မလာမချင်း ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ မလေးရှား လူ၀င်မှု ဆိုင်ရာ အရေး ကိစ္စတွေနဲ့ ကျွမ်း၀င်သူ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်၀ါရီတုန်းကတော့ မလေးရှား တရားရုံးက တားမိန့်ထုတ်ထားတဲ့ ကြားကပဲ မလေး အာဏာပိုင်တွေဟာ မြန်မာနိုင်ငံသား ထောင်ကျော်ကို မြန်မာ စစ်သင်္ဘောတွေ သုံးပြီး ပြန်ပို့ခဲ့ပါတယ်။

အာဏာသိမ်းပြီး မကြာခင် လူတစ်ထောင်ကျော် ပြန်ပို့ခဲ့

ဖေဖေါ်၀ါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ လူ၀င်မှုဆိုင်ရာ စည်းမျဥ်းတွေနဲ့ ငြိစွန်းနေတယ် ဆိုတဲ့ မြန်မာနိုင်ငံသား ၁၀၈၆ ယောက်ကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာရေတပ်သင်္ဘောတွေပေါ် တင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖေဖေါ်၀ါရီ တတိယပတ်ထဲတုန်းက မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရဲ့ အပြင်ဘက် လူမွတ် ရေတပ်စခန်းရဲ့ ဆိပ်ကမ်းမှာ မြန်မာ ရေတပ်ပိုင် သင်္ဘာ ၃ စီးကို တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မြန်မာရေတပ်သုံး ပင်လယ်ပြင် ရွေ့လျားဆေးရုံ သံလွင် (ညာ) နဲ့ ဖရီဂိတ်စစ်သင်္ဘော ဆင်ဖြူရှင်တို့ကို ကွာလာလမ်ပူမြို့ အပြင်ဘက် လူမွတ် ဆိပ်ကမ်းမှာတွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လူမွတ်ဆိပ်ကမ်းမှာ ကပ်ထားတဲ့ မြန်မာ့ပထမဆုံး ကမ်းတက် စစ်ရေယာဥ် မုတ္တမ

မြန်မာရေတပ်သုံး ပင်လယ်ပြင် ရွေ့လျားဆေးရုံ သံလွင်ရေယာဥ်၊ ဖရီဂိတ်စစ်သင်္ဘော ဆင်ဖြူရှင်နဲ့ မြန်မာ့ပထမဆုံး ကမ်းတက် စစ်ရေယာဥ် မုတ္တမတို့ ဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဖမ်းဆီးနှိပ်စက်ခံရမှာ စိုးလို့ မြန်မာပြည်ကနေ ထွက်ပြေးလာခဲ့ပြီး ခိုလှုံခွင့် တောင်းခံထားသူတွေ၊ ကလေးသူငယ်တွေလည်း အဲဒီလို မြန်မာစစ်တပ်လက်ထဲ ပြန်ထည့်ပေး ခံရသူတွေထဲ ပါ၀င်နေတယ်လို့ လူ့ အခွင့်အရေး အဖွဲ့တွေက ထောက်ပြ ၀ေဖန်ခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ အာဏာသိမ်း စစ်ကောင်စီကို တရား၀င် အစိုးရ သဖွယ် လက်ခံ ဆက်ဆံတဲ့ သဘောမျိုး သက်ရောက်နေတယ်လို့လည်း ၀ေဖန်သူတွေ ပြောကြပါတယ်။

ပြန်ပို့ရေး အစီအစဥ်တွေ ရပ်ထားဖို့ တရားရုံးက အမိန့် ထုတ်ထားတဲ့ကြားကပဲ အဲဒီလို လူ တစ်ထောင်ကျော်ကို သက်ဆိုင်ရာ မလေးအာဏာပိုင်တွေက မြန်မာ စစ်သင်္ဘာတွေပေါ် တင်ပေးခဲ့တာ ဖြစ်ပါတယ်။

မလေးရှား အစိုးရကတော့ သူတို့ ပြန်ပို့တဲ့ သူတွေထဲမှာ ခိုလှုံခွင့် တောင်းခံသူတွေ၊ ရိုဟင်ဂျာတွေ မပါ၀င်ဘူးလို့ ငြင်းဆိုထားပြီး၊ တရား၀င် နေထိုင်ကြောင်း အထောက်အထား သက်သေ စာရွက်စာတမ်း တစုံတရာ မရှိသူတွေကို ပြန်ပို့တာလို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အာဏာသိမ်း စစ်ကောင်စီနဲ့ တရား၀င် မဆက်ဆံဖို့ မလေးရှားမှာ ဆန္ဒပြ

အာဆီယံအရေးပေါ် အစည်းအ၀ေး မပြီးမချင်း ဆိုင်းငံ့ထားမယ်

အခုတော့ အဲဒီလို ပြန်လွှတ်တာမျိုးတွေ မလုပ်ဖို့၊ အာဆီယံ အရေးပေါ် အစည်းအ၀ေး ကျင်းပပြီးချိန်ထိ စောင့်ဖို့ မလေးရှား အစိုးရ ကက်ဘိနက် အစည်းအ၀ေးအတွင်း မတ်လ ၂၄ ရက်နေ့က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မလေးရှားက ပြည်နှင်ဒဏ် ပေးမယ့် သူတွေကို အခုလထဲမှာလည်း စစ်သင်္ဘော ၃ စီး ထပ်လွှတ်ပြီး လာခေါ်မယ်လို့ မြန်မာဘက်က ကမ်းလှမ်းထားကြောင်း မလေးရှား သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်း မြန်မာစစ်တပ်လက်ထဲ မြန်မာ နိုင်ငံသားတွေကို ဒုတိယအသုတ်ထည့်ပေးတာမျိုး မဖြစ်အောင် မလေးရှား အစိုးရက ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

မတ်လထဲမှာလည်း စစ်သင်္ဘော ၃ စီး ထပ်လွှတ်ပြီး လာခေါ်မယ်လို့ မြန်မာစစ်တပ်က ကမ်းလှမ်းထား

အာဆီယံအရေးပေါ် အစည်းအ၀ေး ဘယ်တော့ ဖြစ်မြောက်မလဲ

မြန်မာပြည်မှာ စစ်အာဏာသိမ်းခံရတာနဲ့ ပတ်သက်ပြီး အာဆီယံ အရေးပေါ် အစည်းအ၀ေးလုပ်ဖို့ ဆော်ဩနေတဲ့ နိုင်ငံတွေထဲ မလေးရှားလည်း ပါ၀င်ပါတယ်။

မြန်မာရဲ့ လက်ရှိ အကျပ်အတည်း ပြဿနာကို ဆွေးနွေးကြဖို့ အရေးပေါ် အစည်းအ၀ေး ခေါ်ယူပေးပါ ဆိုပြီး အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဘရူနိုင်းကို အင်ဒိုနီးရှားက ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ တောင်းဆိုထားပြီ ဖြစ်ပါတယ်။

မလေးရှားကလည်း အင်ဒိုရဲ့ တောင်းဆိုမှုကို ထောက်ခံပါတယ်။

ဒါပေမယ့် မြန်မာအရေးနဲ့ ပတ်သက်ပြီး အဲဒီလို အာဆီယံ အရေးပေါ် အစည်းအ၀ေးတစ်ရပ် တကယ်တမ်း ဖြစ်မြောက်လာမလား၊ ဘယ်အချိန် ကျင်းပနိုင်မလဲ ဆိုတာတွေကတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ရပ်တည်မှုတွေ ဘယ်လိုရှိကြလဲ

နိုင်ငံခြားရေး ၀န်ကြီးတွေ အဆင့် အစည်းအ၀ေးမှာကတော့ မြန်မာ စစ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင်တဲ့ သဘောထားတွေကို ပြသကြသူတွေထဲ အင်ဒို၊ မလေးတို့ အပြင် စင်္ကာပူ၊ ဖိလစ်ပိုင်တို့လည်း ပါ၀င်ပါတယ်။

ထိုင်း အစိုးရကတော့ လက်ရှိမှာလည်း အာဏာသိမ်း စစ်အစိုးရကနေ အသွင်ပြောင်းထားတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းက ၀န်ကြီးချုပ် ရာထူး ယူထားပြီး၊ ပြည်တွင်းမှာလည်း ဒီမိုကရေစီ လိုလားသူတွေရဲ့ ဆန္ဒပြမှုတွေကို ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဗီယက်နမ် စစ်တပ်နဲ့ မြန်မာစစ်တပ်ကြား အကျိုးတူ စီးပွားတွေလည်း ရှိနေ

ဗီယက်နမ်ရဲ့ ရပ်တည်မှုကို ကြည့်ရင်လည်း လုံခြုံရေး ကောင်စီ အစည်းအ၀ေးအတွင်း မြန်မာအရေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စကားလုံးတွေ အချက်အလက်တွေကို လျှော့ပေါ့ ဖြတ်တောက်ဖို့ ပြောခဲ့သူတွေထဲ ဗီယက်နမ်လည်း ပါ၀င်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲ ဗီယက်နမ် စစ်တပ်နဲ့ မြန်မာစစ်တပ်ကြား အကျိုးတူပူးပေါင်း လုပ်ဆောင်တဲ့ "မိုင်တဲ" ဆက်သွယ်ရေး လုပ်ငန်းလိုမျိုး အကျိုးအမြတ် စီးပွားတွေလည်း ရှိနေတယ်လို့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဗီယက်နမ် အပါအ၀င် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာအရေး သဘောထား ထုတ်ပြန်ချက်ကို ကြည့်ရင်တော့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့် အပါအ၀င် အစိုးရ အဖွဲ့၀င်တွေ မတရား ဖမ်းဆီး ခံထားရတယ်လို့ ပြောထားပြီး ချက်ခြင်း ပြန်လွှတ်ဖို့ မြန်မာ စစ်တပ်ကို တောင်းဆိုထားသလို၊ မြန်မာအရေးကို အာဆီယံ အဖွဲ့က တက်တက်ကြွကြွ လုပ်ဆောင်တဲ့ အပေါ်လည်း ထောက်ခံ အားပေးတယ်လို့ ဆိုထားပါတယ်။