၂၀၂၁ စစ်အာဏာသိမ်း - ကလေးတွေပါ ကျည်ထိသေဆုံးနေတဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ

သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ၇ နှစ်သမီးအရွယ် မခင်မျိုးချစ်
ဓာတ်ပုံ ပုံစာ,

သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ၇ နှစ်သမီးအရွယ် မခင်မျိုးချစ်

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ဆန္ဒပြပွဲတွေကို မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ စစ်ကောင်စီက အင်အားသုံး ပစ်ခတ်ဖြိုခွဲခဲ့စဉ်အတွင်း ညနေပိုင်းအထိ ရရှိထားတဲ့စာရင်းတွေအရ လူ ၈၉ ဦးသေဆုံးခဲ့ပြီး အဲဒီသေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တွေ ပါဝင်ခဲ့ပါတယ်။

လူသေဆုံးမှု အရေအတွက်ကိုတော့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ကနဦး အချက်အလက်တွေအရ သိရှိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ အဲဒီကလေးငယ်တွေဟာ သူတို့အိမ်တွေ၊ ရပ်ကွက်တွေထဲမှာပဲ ရှိနေရာကနေ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီကနေ့ သေဆုံးခဲ့ကြရတဲ့ သူတွေထဲက အခုလတ်တလော သိရှရသမျှ အသက် ၁၈ နှစ်အောက် အရွယ် သေဆုံးသူ ၃ ဦးဟာ ရန်ကုန်၊ ရွှေဘိုနဲ့ မိတ္ထီလာတို့က ဖြစ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်တပ်က အာဏာသိမ်းပြီးချိန် ဖေဖော်ဝါရီ ၁ ရက်က စ ရေတွက်ရင် ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ် ဖြိုခွဲမှုတွေအတွင်း သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၂၀ ကျော် ရှိသွားပြီလို့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီကနေ့ ပစ်ခတ်မှုမှာ မိတ္ထီလာမြို့ ဒဟတ်တန်းမှာ သေဆုံးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မပန်းအိဖြူဟာအိမ်ထဲမှာ ရှိနေစဉ် ရဲတွေရဲ့သေနတ်ကျည်က ရင်ဘတ်နဲ့ နောက်ကျောကို ထိမှန်ခဲ့တာဖြစ်တယ်လို့ သူ့ကို ကယ်ဆယ်ကုသကူညီခဲ့တဲ့ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

မပန်းအိဖြူ

ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်က အသက် ၁၂ နှစ်အရွယ် မောင်ထူးမြတ်ဝင်း ဟာလည်း မှန်တံခါးကို ဖောက်ပြီး ဝင်လာတဲ့ကျည် ထိမှန်ပြီး ဝမ်းဗိုက်ပေါက်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မိခင်ဖြစ်သူ မယုယုထွန်းကတော့ ပြောပြပါတယ်။

အသက် ၁၃ နှစ် အရွယ် မောင်စိုင်းဝေယံကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်က မီးရထားအိမ်ရာဝင်းထဲက သူ့အိမ်အနီးအနားမှာ ပြေးလွှားဆော့ကစားနေရာက နောက်စေ့ကို ကျည်ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ မိခင်က ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

မောင်စိုင်းဝေယံရဲ့ ကျောင်းသားမှတ်ပုံတင်ကဒ်ပြား

ရဲနဲ့စစ်တပ်ရဲ့ ဒီကနေ့ ပစ်ခတ်မှုတွေအတွင်း ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး အဲဒီဒဏ်ရာရသူတွေထဲမှာလည်း ကလေးငယ်တွေ ပါဝင်ခဲ့ပါတယ်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် ၁ရပ်ကွက်က တစ်နှစ်အရွယ် ကလေးငယ်နဲ့ မန္တလေးမြို့က ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ကြပါတယ်။

အသက် ၂၀ နဲ့ ၂၁ နှစ်အရွယ် လူငယ်တွေထဲမှာဆိုရင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရွာသာရွာက အသက် ၂၀ အရွယ် လူငယ်တစ်ဦးနဲ့ အင်းစိန်မြို့နယ် ထဲက ဟံသာဝတီယူနိုက်တက် U 21 ဘောလုံးအသင်း ခေါင်းဆောင်တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြသူတွေကို လိုက်လံပစ်ခတ် နှိမ်နင်းမှုတွေကြောင့် သေဆုံးခဲ့သူ ကလေးငယ်တွေထဲမှာ မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်က အသက် ၇ နှစ်အရွယ်ကလေးငယ်ကတော့ အသက် အငယ်ဆုံး ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

မခင်မျိုးချစ်ရဲ့ မိသားစုဝင်များ နာရေးအခမ်းအနားပြုလုပ်

ဒီပစ်ခတ်မှုတွေမှာ ဆန္ဒပြသူတွေ သေဆုံးမှုအပြင် ဆန္ဒပြမှုတွေမှာ မပါဝင်တဲ့ ရပ်ကွက်တွေနဲ့ နေအိမ်ထဲ နေထိုင်သွားလာနေတဲ့ ကလေးတွေပါ သေဆုံးမှုတွေရှိလို့ မြန်မာနိုင်ငံက ကုလဌာနေအဖွဲ့တွေ အပါအဝင်ဥရောပသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နဲ့ဗြိတိသျှသံရုံးကသံအမတ်ကြီးတွေကလည်း ကြေညာချက်ထုတ် ပြင်းပြင်းထန်ထန် ရှုတ်ချထားကြပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၁ခုနှစ်ကတည်းက ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားသလို မြန်မာနိုင်ငံတွင်းမှာလည်း ၂၀၁၉ ခုနှစ်မှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေကို ပြဌာန်းထားတာကြောင့် အခုလုပ်ရပ်တွေဟာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။

လက်ရှိအခြေအနေမှာ အကြမ်းဖက်ဖြိုခွဲဖို့ အထက်က အမိန့်ပေးသူတွေမှာ တာဝန်ရှိသလို အောက်ခြေက ကိုယ်တိုင် ရက်ရက်စက်စက် ကျူးလွန်သူတွေ အကုန်လုံးမှာလည်း တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။