၂၀၂၁ မြန်မာ စစ်အာဏာသိမ်း - အသက် ၁၃ နှစ် လူငယ်လေး နောက်စေ့အပစ်ခံရပြီးသေဆုံး

မောင်စိုင်းဝေယံရဲ့ ကျောင်းသားမှတ်ပုံတင်ကဒ်ပြား
ဓာတ်ပုံ ပုံစာ,

မောင်စိုင်းဝေယံရဲ့ ကျောင်းသားမှတ်ပုံတင်ကဒ်ပြား

“ကျွန်မသားကို သူတို့ပစ်လို့ သေသွားပေမဲ့ ကျွန်မ အလောင်းသွားမကောက်ရဲခဲ့ဘူး” လို့ဒေါ်ခင်စုလှိုင်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒေါ်ခင်စုလှိုင်ရဲ့သား အသက် ၁၃ နှစ်အရွယ် မောင်စိုင်းဝေယံဟာ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသားတယောက်ပါ။ ဆဋ္ဌမတန်းအောင်မြင်ထားပြီး သတ္တမတန်းတက်ရောက်ဖို့ စောင့်ဆိုင်းနေသူဖြစ်ပါတယ်။

မတ်လ ၂၇ ရက် စနေနေ့မှာတော့ သူဟာ မင်္ဂလာတောင်ညွန့်မြို့နယ်က မီးရထားအိမ်ရာဝင်းထဲက သူ့အိမ်အနီးအနားမှာ အင်္ကျီမပါဘဲ ပြေးလွှားဆော့ကစားနေပါတယ်။ ရန်ကုန်မြို့ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက နေရာအနှံ့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အတွက် လမ်းပေါ်မထွက်ဘဲ သူတို့ရဲ့ မီးရထားအိမ်ရာဝင်းထဲမှာပဲ ဆော့ကစားနေတာပါ။

သူ့ရဲ့မိခင်က မောင်စိုင်းဝေယံ သေဆုံးရပုံကို အခုလို ပြောပြခဲ့ပါတယ်။

နေ့လယ် ၂ နာရီထိုးလောက်မှာတော့ ဘယ်သူမှမထင်မှတ်တဲ့အချိန်မှာ စစ်သားတွေဟာ ကားနဲ့ ရုတ်တရက် ရောက်လာပါတယ်။ ကားပေါ်ကဆင်းပြီး သေနတ် ၄ ချက်မိုးပေါ်ထောင်ပစ်ဖောက်ပါတယ်။ မီးရထားအိမ်ရာဝင်းထဲမှာ သွားလာနေတဲ့သူတွေ အိမ်ရှေ့ထွက်နေတဲ့သူတွေဟာ ကိုယ့်အိမ်ထဲကို ဝင်ပြေးကြပါတယ်။

မောင်စိုင်းဝေယံဟာ မီးရထားအိမ်ရာဝင်းထဲမှာ သူ့အိမ်နဲ့ ၃ လမ်းအကွာနေရာကို ရောက်နေတဲ့အတွက် အိမ်ဘက်ပြန်ပြေးသွားပါတယ်။

အဲသလိုပြန်ပြေးချိန်မှာ စစ်သားတယောက်က သေနတ်နဲ့လှမ်းပစ်လိုက်တဲ့အတွက် နောက်စေ့ကို ကျည်ဆန်ထိမှန်ပြီး မှောက်ခုံလဲကျသွားပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

“ကျွန်မသားလေးက နောက်စေ့ကိုထိပြီး မှောက်ခုံလေး လဲသွားတာ။ တခြားလူတွေက လာပြောတယ်။ဟဲ့ နင့်သားလေး ထိသွားပြီ၊ ထိသွားပြီဆိုတော့ ကျွန်မတို့ပြေးသွားတယ်။ ကလေးကိုခေါ်ဖို့သွားတာ။ အဲသလိုသွားတော့ အဲဒီနားမှာ စစ်သားတွေကရှိနေတယ်။ စစ်သားတွေဝိုင်းထားတယ်။ ကျွန်မတို့ကပ်လို့မရဘူး။ ကျွန်မတို့လည်း မခေါ်ရဲတော့ဘူးလေ။ ကိုယ့်သားတောင် အပစ်ခံထားရမှတော့ ကျွန်မတို့လည်း အနားသွားရင်ပစ်မှာပဲဆိုပြီး ကြောက်လို့ မသွားရဲတော့ဘူး။ ကလေးကို သွားမခေါ်တော့ဘူး။ မခေါ်ဘဲနဲ့ ကျွန်မတို့ အဲဒီနား တဝဲလည်လည် လုပ်နေတဲ့အချိန်မှာ စစ်သားတွေရော ရဲတွေရော လာပြီးတော့ ကလေးကို မြွေရေခွံအိတ်နဲ့ ပတ်ပြီးခေါ်သွားကြတယ်။ စစ်ကားပေါ်တင်သွားကြတယ်။ သူသေတဲ့နေရာက သွေးအိုင်ကိုကျ ရေဆေးပြီး ဘိလပ်မြေအမှုန့်တွေဖြန်းသွားတယ်။”

မောင်စိုင်းဝေယံရဲ့မိခင် ဒေါ်ခင်စုလှိုင်က ဘီဘီစီကို ပြောပြတာဖြစ်ပါတယ်။

မောင်စိုင်းဝေယံဟာ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ မိဘတွေဟာ မောင်စိုင်းဝေယံ သေဆုံးသွားတာကို လှမ်းမြင်ရပေမဲ့ အလောင်းကို တောင်းမယူရဲပါဘူး။ အနားတောင် ကပ်မကြည့်ရဲပါဘူး။ ခပ်လှမ်းလှမ်းကပဲ ချောင်းကြည့်နေခဲ့ရတယ်လို့ ဒေါ်ခင်စုလှိုင်ကပြောပါတယ်။

မောင်စိုင်းဝေယံကို ပစ်ပြီးနောက်မှာ “စစ်သားတွေဟာ အိမ်တံခါးပေါက်တွေကို ခြေထောက်နဲ့ ဆောင့်ကန်ကြပါတယ်။ ယောက်ျားတွေရှိရင်ထွက်၊ ယောက်ျားတွေရှိရင်ထွက် လို့လိုက်အော်ပါတယ်။ ယောက်ျားတွေက အိမ်နောက်ဘက်ပေါက်တွေကနေ အကုန်ထွက်ပြေးကြပါတယ်။” လို့ ဒေါ်ခင်စုလှိုင်ကဆိုပါတယ်။

မောင်စိုင်းဝေယံကို ပလပ်စတစ် မြွေရေခွံအိတ်နဲ့ပတ်ပြီးခေါ်သွားတဲ့အတွက် ဘယ်ရောက်လို့ ရောက်သွားမှန်းမသိပါဘူး။ ဘာလုပ်ရမှန်းလည်း မသိတဲ့အတွက် မိဘတွေဟာ လက်မှိုင်ချငိုယိုနေခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ဖုန်းဝင်လာပြီး ရဲစခန်းကိုလိုက်လာဖို့ ခေါ်တဲ့အတွက် မောင်စိုင်းဝေယံရဲ့ အဖေနဲ့အမေလိုက်သွားကြပါတယ်။

ဓာတ်ပုံ ပုံစာ,

အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ထုတ်ပြန်ကြေညာချက်

အဲသလိုလိုက်သွားတော့ မောင်စိုင်းဝေယံရဲ့ အလောင်းဟာ မင်္ဂလာဒုံ ခုတင် ၁၀၀၀ ဆန့် စစ်ဆေးရုံမှာရှိတယ်။ လိုက်သွားချင်ရင်လိုက်သွားနိုင်တယ်။ မလိုက်ချင်ရင်လည်း သူတို့ဘာသာ သင်္ဂြိုဟ်လိုက်မယ်လို့ ရဲစခန်းက အရာရှိကပြောကြောင်း ဒေါ်ခင်စုလှိုင်က ပြန်ရှင်းပြပါတယ်။

“ဒေါ်ခင်စုလှိုင်တို့ လိုက်သွားမှာပါလား၊ ဘယ်လိုစဥ်းစားထားပါသလဲ”လို့ ဘီဘီစီက မေးရာမှာတော့ “ကျွန်မတို့ကဆင်းရဲသားတွေပါ ဆရာရယ်၊ ဘာလုပ်လို့လုပ်ရမှန်းတောင်မသိတော့ပါဘူး”လို့ ဒေါ်ခင်စုလှိုင်က ဖြေပါတယ်။

ဘီဘီစီမေး။ ။စစ်သားတွေက ဘာလို့ဝင်လာတာလဲ။

ဒေါ်ခင်စုလှိုင်။ ။ ကျွန်မတို့လည်း မသိပါဘူးရှင်။

ဘီဘီစီမေး။ ။ မီးရထားအိမ်ရာဝင်းထဲမှာ ဆန္ဒပြနေသလား။

ဒေါ်ခင်စုလှိုင်။ ။ မပြပါဘူး။

ဘီဘီစီမေး။ ။ အနီးနားမှာ ဆန္ဒပြနေတာရော ရှိသလား။

ဒေါ်ခင်စုလှိုင်။ ။ မရှိပါဘူးရှင်။

ဘီဘီစီမေး။ ။ ဒေါ်ခင်စုလှိုင်တို့ မီးရထားဝန်ထမ်းတွေက ဘယ်နှယောက်များ CDM လုပ်နေကြသလဲ။

ဒေါ်ခင်စုလှိုင် ။ ။ အဲဒါတွေလည်း ကျွန်မနားမလည်ပါဘူးရှင်။

ဦးစံလှနဲ့ ဒေါ်ခင်စုလှိုင်တို့မှာ သားသမီး ၃ ယောက်ရှိပါတယ်။ အကြီးဆုံးသမီးက အိမ်ထောင်ခွဲပါ။ အငယ်ဆုံးသမီးက ၃ နှစ်သမီးပဲရှိပါသေးတယ်။ မောင်စိုင်းဝေယံက ဒုတိယသားလတ်ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်မာ့အသံရုပ်မြင်သံကြားကနေ မနေ့က မတ်လ ၂၆ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့ရာမှာ “နောက်စေ့နဲ့ နောက်ကျောကို ဖောက်မဲ့အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့ကမရှုမလှ သေခဲ့ရတာတွေကို သင်ခန်းစာယူစေလိုပါတယ်။ နားမယောင်လေနဲ့ သားတို့သမီးတို့။ မိဘများက နားဝင်အောင် ကြိုတင်တားဆီးပါ။ အချည်းနှီးမသေစေပါနှင့်” လို့ရေးသားထုတ်ပြန်ခဲ့ပါတယ်။ လူငယ်တွေလမ်းပေါ်ထွက် ဆန္ဒမပြအောင် မိဘတွေက ထိန်းသိမ်းကြပါလို့ ဆိုပါတယ်။ အဲဒါဟာ လမ်းပေါ်ထွက်ရင် နောက်စေ့နဲ့ နောက်ကျောကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်သတိပေးခဲ့တာ ဖြစ်တယ်လို့ လူအများက ယူဆနေကြပါတယ်။

အခုတော့ အသက် ၁၃ နှစ်အရွယ်လူငယ်လေးတဦးဟာ လမ်းပေါ်မထွက်ဘဲ ကိုယ့်အိမ်ရာဝင်းထဲမှာ ဆော့ကစားနေစဥ် စစ်သားတွေကဝင်ရောက်ပစ်ခတ်လို့ နောက်စေ့ကို ကျည်ဆန်ဖောက်ဝင် သေဆုံးခဲ့ရပါပြီ။

CDM လှုပ်ရှားမှုတွေကို တားဆီးတာတွေ အပြင်၊ လမ်းတွေ၊ ရပ်ကွက်တွေမှာ အတားအဆီး လုပ်ထားတာတွေကို ဖယ်ရှားထားဖို့ စစ်ကောင်စီတပ်တွေက လိုက်လံကြေညာထားပြီး ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းတာ၊ ဖမ်းဆီးမှုတွေလုပ်တာ၊ အတားအဆီးတွေကို ဖယ်ရှားရာက ရပ်ကွက်နေထိုင်သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုတွေ နေ့စဥ်နီးပါး ဖြစ်ပွားနေပါတယ်။