၂၀၂၁ စစ်အာဏာသိမ်း - စစ်ကိုင်းမှာ ၂ ဦးသေဆုံး၊ ဖမ်းဆီးဒဏ်ရာရသူတွေရှိ

စစ်ကိုင်းမြို့မှာ ဖြိုခွဲနှိမ်နင်းတဲ့အကြားက အကြိမ်ကြိမ်ဆက်လက်ဆန္ဒပြခဲ့
ဓာတ်ပုံ ပုံစာ,

စစ်ကိုင်းမြို့မှာ ဖြိုခွဲနှိမ်နင်းတဲ့အကြားက အကြိမ်ကြိမ်ဆက်လက်ဆန္ဒပြခဲ့

စစ်ကိုင်းခရိုင်ကျောင်းသားသမဂ္ဂများကွန်ရက်ဟာ မတ်လ ၂၇ ရက်နေ့က အရုဏ်ဦးသပိတ်စစ်ကြောင်း စတင်ထွက်ခဲ့ပါတယ်။

ရုံးတော်ကြီး ဘုရားအနီးမှာ မနက် ၆ နာရီအချိန် စုဝေးမိကြပါတယ်။ လူစုဝေးမိတဲ့အထိ အခြေအနေက အေးအေးဆေးဆေးပါ။ ဒါပေမဲ့ ရုံးတော်ကြီးဘုရားအနီးက ပြန်ထွက်ခွာပြီး အများပြည်သူရဲ့ ပင်မ သပိတ်စစ်ကြောင်းနဲ့ ပေါင်းဆုံမဲ့အချိန်မှာတော့ ကျောင်းသားသပိတ်စစ်ကြောင်း ပြန်မထွက်ခွာနိုင်အောင် စစ်ကား ၅ စီး အချုပ်ကား ၁ စီးနဲ့ လာရောက်ပိတ်ဆို့ပါတယ်။

ကျောင်းသားတွေက သပိတ်စစ်ကြောင်း အနေနဲ့ ခြေလျင်မချီတက်ဘဲ ဆိုင်ကယ်တွေနဲ့ လူစုခွဲထွက်ခွာပြီး ငါးထပ်ကြီးဘုရားနားက ပင်မသပိတ်စစ်ကြောင်းနဲ့ ရအောင်သွားပေါင်းပါတယ်။ မနက် ၈ နာရီဝန်းကျင်မှာ ပင်မသပိတ်စစ်ကြောင်းနဲ့ အောင်အောင်မြင်မြင် ပူးပေါင်းနိုင်ပါတယ်။ ငါးထပ်ကြီးဘုရားဘေးက အဘယစေတီအနီးမှာ သပိတ်စစ်ကြောင်းဟာ မြို့ထဲကို လှည့်လည်ဆန္ဒပြဖို့ ပြင်ဆင်နေကြပါတယ်။

အဲဒီအချိန်မှာ စစ်ကား ၃ စီး ရောက်လာပြီး သပိတ်စစ်ကြောင်း မထွက်ခွာနိုင်အောင် လာရောက်တားဆီးပါတယ်။ အသံဗုံးတွေ စတင်ဖောက်ခွဲပါတယ်။ ဒါ့အပြင် ကျည်ဆန်အစစ်တွေနဲ့ မိုးပေါ်ထောင်ပစ်ဖောက်ကြတယ်လို့ သပိတ်မှောက်ရာမှာ ပါဝင်ကြသူတွေက ပြောဆိုကြပါတယ်။ အဲဒီအချိန်မှာ လုံခြုံရေး အင်အားဟာ စစ်ကား ၃ စီးနဲ့လာပေမဲ့ အယောက် ၂၀ ကျော်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။

ကျောင်းသားလူငယ်တွေက လူစုမခွဲဘဲ သူတို့နဲ့ မလှမ်းမကမ်းမှာ ထိုင်သပိတ်ဆင်နွှဲနေကြတယ်လို့ စစ်ကိုင်းခရိုင် ကျောင်းသားသမဂ္ဂများကွန်ရက်ရဲ့ ကိုယ်စားလှယ်တဦးဖြစ်သူ ကိုငြိမ်းက ဘီဘီစီကို ပြောပါတယ်။ ပြည်သူတချို့လည်း မဆုတ်ခွာကြဘဲ ကျောင်းသားတွေနဲ့ အတူတူရှိနေကြပါတယ်။ အားလုံးပေါင်း လူထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

မနက် ၉ နာရီခွဲနဲ့ ၁၀ နာရီအကြားမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေ ထပ်ရောက်လာပါတယ်။ ရှေ့ဘက်မှာ အဘယစေတီရှေ့က ဇရပ်နားကနေ လုံခြုံရေးအဖွဲ့တွေက ပိတ်ဆို့ထားပြီး နောက်ဘက် ယုန်ဖြူသုသာန်ဘက်ကနေ လုံခြုံရေးတပ်ဖွဲ့တချို့ဟာ ခြေလျင်ရောက်လာပြီး စုစုပေါင်း အင်အားအယောက် ၁၀၀ လောက်ဖြစ်လာပါတယ်။ အင်အား အယောက် ၁၀၀ လောက်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ သပိတ်စစ်ကြောင်းကို ရှေ့နောက် နှစ်ဖက်ပိတ်ညှပ်ပြီးပစ်ခတ်ပါတယ်။

အသံဗုံး၊ မျက်ရည်ယိုဗုံးတွေနဲ့လည်း ပစ်ခတ်ပါတယ်။

သဲအိတ်ပိတ်ဆို့ထားတဲ့နေရာရဲ့နောက်ဘက် လူအုပ်အလယ်လောက်မှာရှိတဲ့ သဗြူးကျေးရွာသား အသက် ၂၄ နှစ်အရွယ် ကိုအာကာဟာ မျက်ရည်ယိုဗုံးအငွေ့ကြောင့် မျက်နှာကို ရေနဲ့ဆေးကြောသုတ်သင်နေပါတယ်။ အဲသလို မျက်နှာသစ်ပြီး အနားယူနေတဲ့အချိန်မှာပဲ ကိုအာကာရဲ့ မျက်လုံးကို သေနတ်ထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လုံခြုံရေးအဖွဲ့တွေက အလောင်းလုယူဖျောက်ဖျက်မှာစိုးတဲ့ အတွက် ကိုအာကာကို သဗြူးရွာမှာပဲ နေ့ချင်းအမြန် သင်္ဂြိုဟ်လိုက်တယ်လို့ ကိုငြိမ်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

စစ်ကိုင်းမြို့မှာ ပထမအကြိမ်ပစ်ခတ်ပြီးနောက် ထပ်မံစုဝေးဆန္ဒပြခဲ့

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

နောက်ထပ် တယောက်ကိုတော့ လည်ပင်းမှာ ကျည်ဆန်အစစ်နဲ့ ရှပ်ထိသွားပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ကိုငြိမ်းကပြောပါတယ်။ နောက်တယောက်ကတော့ နောက်ကျောနဲ့ခါးနေရာတွေမှာ ရော်ဘာကျည်ဆန်အထိမှန်ခံရပါတယ်။

နောက်ထပ် ကျောင်းသားအုပ်စုတစုက ချင်းစု ဘက်မှာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြဖို့ လူစုနေတဲ့အချိန်မှာပဲ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ကိုငြိမ်းက ဘီဘီစီက ပြောပါတယ်။ စက်သေနတ်နဲ့ ပစ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ ဇေယျာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ကိုဘော်ဘော်ဟာ ရင်ဘတ်မှာ ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

တခြားတယောက်ကတော့ ပေါင်မှာ ကျည်ဆန်ထိသွားတဲ့အတွက် နေအိမ်ထဲမှာ ခေါ်ယူပြုစုခဲ့ပါတယ်။ အဲသလို ပြုစုနေဆဲအချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက တံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဒဏ်ရာရနေတဲ့သူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကိုငြိမ်းက ဆိုပါတယ်။ အဖမ်းခံရသူရဲ့ နာမည်ကို မသိရသေးပါဘူး။

ရင်ဘတ်ကျည်ဆန်ထိမှန်သေဆုံးသွားတဲ့ ကိုဘော်ဘော်ရဲ့ အိမ်ကို လုံခြုံရေးအဖွဲ့တွေလိုက်လာပြီး အလောင်းကို လာတောင်းကြပါတယ်။ မိသားစုနဲ့ ရပ်ကွက်နေဒေသခံပြည်သူတွေက အလောင်းကိုပေးဖို့ ငြင်းဆိုကြတဲ့အခါ နာရေးအိမ်မှာရောက်နေတဲ့ လူငယ် ၁၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်ကိုင်းမြို့ တခြားတနေရာမှာ ဆိုင်ကယ်စီး သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဆိုင်ကယ်စီး သပိတ်မှောက်ကြသူတွေကိုတော့ လုံခြုံရေးအဖွဲ့က ကားနဲ့လိုက်တိုက်ရာမှာလည်း ဒဏ်ရာရသူ အဖမ်းခံရသူတွေ ရှိတယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။

ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းမှုတွေရှိပေမဲ့ ဆန္ဒပြသူတွေက လူစုခွဲမပေးဘဲ ညအချိန်အထိ ညသပိတ် ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက တပ်မတော်နေ့ အမည်နဲ့ အခမ်းအနားကျင်းပနေချိန်မှာပဲ နိုင်ငံတဝန်းမှာ ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့သလို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းမှုကြောင့် သေဆုံးသူအများအပြားရှိရာမှာ အခုထိ စုစုပေါင်းစာရင်းချုပ်ဖို့ ခက်ခဲလောက်အောင် များပြားနေပါတယ်။