နိုင်ငံတကာ ထိပ်သီး ညီလာခံလုပ်ပြီး စစ်ကောင်စီကို အရေးယူဖို့ လူ့အခွင့်အရေးသံတမန် ဆော်ဩ

နိုင်ငံတကာ ညီလာခံ ခေါ်ဖို့လမ်းကြောင်း တွမ်အင်ဒရူးစ်

ဓာတ်ပုံ ရင်းမြစ်, UN Web TV

ဓာတ်ပုံ ပုံစာ,

နိုင်ငံတကာ ညီလာခံ ခေါ်ဖို့လမ်းကြောင်း တွမ်အင်ဒရူးစ်ချပြ

မြန်မာအာဏာသိမ်း စစ်ကောင်စီ အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိရောက်တဲ့ အရေးယူ ဆောင်ရွက်တာမျိုး မလုပ်ဆောင်နိုင် ဖြစ်နေရင် နိုင်ငံတကာ အရေးပေါ် ထိပ်သီး ညီလာခံ တစ်ရပ် ပြုလုပ်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဆော်ဩနေပါတယ်။

လုံခြုံရေးကောင်စီ ဆိုတာ လက်ရှိ မြန်မာ စစ်ကောင်စီက ကျုးလွန်နေတဲ့ အတိုင်းအတာ ပမာဏမျိုး အပေါ် တုံ့ပြန် အရေးယူဖို့ ထားရှိတာ ဖြစ်ပြီး၊ သင့်လျော်တဲ့ အရေးယူမှုတွေကိုမှ လုံခြုံရေးကောင်စီကနေ မချမှတ်နိုင်ဘူး ဆိုရင် အရေးပေါ် နိုင်ငံတကာ ထိပ်သီး ညီလာခံတစ်ရပ် ချက်ခြင်း ပြုလုပ်သင့်တယ်လို့ မစ္စတာ အင်ဒရူးစ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ မတ်လ ၂၇ ရက် တစ်နိုင်ငံလုံး အနှံ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် တစ်ရက်တည်း လူတွေ ရာကျော် သေဆုံးခဲ့တယ်လို့လည်း မစ္စတာ အင်ဒရူးစ်ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လုံခြုံရေးကောင်စီ အဖွဲ့၀င် ၄ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေ ရှိနေတဲ့ နေပြည်တော် စစ်ရေးပြပွဲ၊ မတ် ၂၇

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့၀င် နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ရှိနေတဲ့ စစ်ရေးပြပွဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲဒီ သတ်ဖြတ်မှုတွေ ကျုးလွန်တဲ့ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ စစ်ရေးပြ အခမ်းအနားမှာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့၀င် ရုရှားနဲ့ တရုတ်အပြင်၊ လက်ရှိ အလှည့်ကျ အဖွဲ့၀င် အိန္ဒိယနဲ့ ဗီယက်နမ်တို့ရဲ့ စစ်သံကိုယ်စားလှယ်တွေ ရှိနေခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာသိမ်း ခံရမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီတွင်း ဆွေးနွေးမှုတွေ၊ သဘောထား ထုတ်ပြန်မှုတွေ ဖေဖေါ်ဝါရီနဲ့ မတ်လ အစောပိုင်း ရက်တွေအတွင်း ၂ ကြိမ် ရှိခဲ့တာမှာ အထက်ဖော်ပြပါ ၄ နိုင်ငံရဲ့ ကန့်ကွက်မှုတွေကြောင့် ကြန့်ကြာရတာတွေ၊ စကားလုံး အသုံးအနှုံး လေသံ လျှော့ချရတာတွေ၊ အချက်အလက်တချို့ကို ချန်ထားရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှာ အများသဘောတူမှုကို ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ အမြဲတမ်းအဖွဲ့၀င် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား ၅ နိုင်ငံနဲ့ အထွေထွေညီလာခံကနေ ရွေးချယ်ပေးတဲ့ ၂ နှစ်သက်တမ်း ရှိတဲ့ အဖွဲ့၀င် ၁၀ နိုင်ငံ ပါ၀င်ပါတယ်။

လုံခြုံရေးကောင်စီကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ စစ်ရေးအရ အရေးယူခွင့်ထိ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာထိ သက်ရောက်လာနိုင်တဲ့ ပြဿနာမျိုးကို ကိုင်တွယ်ဖို့လို့ ဆိုထားတဲ့ အတွက် တရုတ်၊ ရုရှားတို့က လက်ရှိ မြန်မာ့ အကျပ်အတည်းဟာ ပြည်တွင်းရေး ဆိုပြီး ရပ်တည် နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

စစ်ရေးပြပွဲနဲ့ တစ်ရက်တည်း လူတစ်ရာကျော်ကို စစ်ကောင်စီ သတ်ဖြတ်ကြောင်း ကုလအရာရှိပြော

စကားလုံးတွေဟာ မြန်မာပြည်သူတွေ အတွက် အဓိပ္ပာယ်မဲ့နေပြီ

မြန်မာပြည် စစ်အာဏာသိမ်းခံရမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကနေ ထွက်လာတဲ့ သတင်းထုတ်ပြန်ချက်၊ သဘောထားကြေညာချက်တွေထဲ ဖမ်းဆီးထားတဲ့ အစိုးရခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေ၊ သတ်ဖြတ်မှုတွေကို ရှုတ်ချကြောင်း ပြောဆိုတာတွေ ပါ၀င်ပါတယ်။

ဒါပေမဲ့ အစုလိုက် အပြုံလိုက် အသတ်ခံနေရတဲ့ ၊ စစ်ကောင်စီရဲ့ ရန်ပြုတိုက်ခိုက်တာ ကြုံနေရတဲ့ မြန်မာပြည်သူတွေ အတွက် အဲဒီ "ရှုတ်ချကြောင်း" "စိုးရိမ်ကြောင်း" စကားတွေဟာ ဘာအနှစ်သာရမှ မရှိတဲ့ စကားလုံးသက်သက်တွေပဲ ဖြစ်နေပြီလို့ မစ္စတာ အင်ဒရူးစ်က ဝေဖန်ပါတယ်။

"မြန်မာ့အရေးမှာ နိုင်ငံတကာက ဘယ်လိုရပ်တည်နေလဲ ဆိုတာ ပြန်ဆန်းစစ်ကြပါ။ တချို့က ကိုယ့်တိုင်းသူပြည်သားတွေ အပေါ် ပြန်စစ်ခင်းနေတဲ့ မြန်မာစစ်တပ်နဲ့အတူ ရပ်တည်နေပြီး၊ တချို့က 'ရှုတ်ချကြောင်း' 'စိုးရိမ်ကြောင်း' စကားလုံးတွေကို မိတ္တူကူး ပြောနေကြတယ်" လို့ မစ္စတာ အင်ဒရူးစ်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ သရဲဘောကြောင်လှတဲ့ လက်နက် အားကိုးမှု အပေါ် သတ္တိရှိတဲ့ မြန်မာပြည်သူတွေက CDM လှုပ်ရှားမှုလိုမျိုး အကြမ်းမဖက်တဲ့ နည်းနဲ့ ရင်ဆိုင် နေကြတာမှာ ကမ္ဘာကြီးကလည်း စာနာမှု အပြည့်နဲ့ တုံ့ပြန်ကူညီဖို့လိုတယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ ကုလအထူး သံတမန်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားပါတယ်။

"မြန်မာပြည်သူတွေဟာ ကမ္ဘာကြီးရဲ့ အကူအညီ လိုအပ်ပါတယ်။ စကားလုံးတွေအားဖြင့် မလုံလောက်ပါ။ ထိရောက်တဲ့ စုပေါင်းလုပ်ဆောင်မှုတွေ ရှိနေနှင့်ပြီး ဖြစ်သင့်ပါတယ်" လို့လည်း မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လက်နက်၀ယ်နိုင်တဲ့ ငွေရရာ လမ်းကြောင်းကို ဖြတ်တောက်ဖို့ မစ္စတာ အင်ဒရူးတိုက်တွန်း

ကမ္ဘာ့နိုင်ငံတွေ ဘာတွေ လက်တွေ့ ချက်ခြင်း လုပ်နိုင်လဲ

ကမ္ဘာ့နိုင်ငံတွေ စုပေါင်းပြီး လက်တွေ့လုပ်ဆောင်နိုင်တဲ့ အချက် နှစ်ချက်ကိုလည်း မစ္စတာ အင်ဒရူးစ်က ဥပမာပေး ထားပါတယ်။

၁- ရေနံနဲ့ သဘာဓာတ်ငွေ့ကနေ တဆင့် စစ်ကောင်စီလက်ထဲ ငွေကြေး တွေ စီးဆင်းတာမျိုး လုံး၀ မဖြစ်အောင် ဝိုင်း၀န်း ဖြတ်တောက်နိုင်တယ်။

၂။ စစ်လက်နက်တွေတင်မက၊ စစ်ရေးမှာ ဆွဲယူ အသုံးချနိုင်တဲ့ နည်းပညာမျိုးတွေကို မြန်မာစစ်တပ်လက်ထဲ လုံး၀ အရောက်မခံ ပိတ်ဆို့နိုင်တယ် ဆိုပြီး မစ္စတာ အင်ဒရူးစ်က အကြံပြုပါတယ်။

မတ်လ ၂၇ ရက် စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကြောင့် ကလေးသူငယ်တွေ အပါအ၀င် သေဆုံးသူ အနည်းဆုံး ၁၁၄ ယောက် ရှိတယ်လို့ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

မန္တလေးတိုင်း တစ်ခုတည်းမှာတင် ၁၃ နှစ် အရွယ် မိန်းကလေး အပါအ၀င် လူ အယောက် ၄၀ အနည်းဆုံး သေဆုံးခဲ့ပြီး၊ ရန်ကုန်မှာ ၂၇ ယောက်ထက် မနည်းသေဆုံးတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

ဗီဒီယို ပုံစာ,

စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လို့ သေဆုံးရတဲ့ အသက်အငယ်ဆုံးကလေး