နေ့ခင်းကြောင်တောင် တစ္ဆေခြောက်ခံရနိုင်တဲ့ကလေးမြို့

လမ်းပေါ်မှာ လူသူကင်းမဲ့ခြောက်သွေ့နေတဲ့ကလေးမြို့
ဓာတ်ပုံ ပုံစာ,

လမ်းပေါ်မှာ လူသူကင်းမဲ့ခြောက်သွေ့နေတဲ့ကလေးမြို့

မတ်လ ၃၀ ရက်နေ့မှာတော့ ကလေးမြို့အခြေအနေဟာ တိတ်ဆိတ်ခြောက်သွေ့နေပါတယ်။ လေပြင်းကျ၊ မိုးအုံ့နေသလို၊ လမ်းပေါ်မှာလည်း လူသွားလူလာ ကင်းမဲ့နေပါတယ်။ မသွားမဖြစ် မလွှဲမရှောင်သာတဲ့ အခြေအနေမှ တပါး ဘယ်သူမှ အသွားအလာ မလုပ်ကြပါဘူး။

စိန့်မေရီခရစ်ယာန်ဘုရားကျောင်းနဲ့ကပ်လျက် အထက်တန်းကျောင်းဝင်းထဲမှာတော့ စစ်ကားတွေ နေရာယူထားကြပါတယ်။

တာဟန်းလို့ခေါ်တဲ့ ချင်းလူမျိုးအများစုနေထိုင်ရာရပ်ကွက်နဲ့ ကလေးမြို့မတို့ ဆက်စပ်ထားရာတံတားဦး စံပြလမ်းထိပ်မှာလည်း စစ်သားအများအပြားရှိနေကြပါတယ်။ ဗိုလ်ချုပ်လမ်းတစ်လျှောက်နေရာ အနှံ့အပြားမှာရှိတဲ့ သစ်ပင်တွေရဲ့နောက်မှာလည်း စစ်သားတွေက ကင်းပုန်းဝပ်နေကြပါတယ်။

လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လမ်းပေါ်မှာ သစ်ရွက်ကြွေတွေ၊ သစ်ကိုင်းခြောက်တွေကို တွေ့မြင်ရတာကလွဲပြီး လူသွားလူလာကတော့ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ တိတ်ဆိတ်ပုံက ထူးခြားလွန်းတဲ့အတွက် တစပြင်တခုလို ဖြစ်နေတယ်လို့ ကလေးမြို့သားတစ်ဦးက မှတ်ချက်ချပါတယ်။

ဓာတ်ပုံ ပုံစာ,

တချိန်ကလူစည်းကားခဲ့တဲ့နေရာဟာ အခုတော့တစပြင်ပမာခြောက်သွေ့

မတ်လ ၂၈ ရက်၊ ၂၉ ရက်တွေမှာ ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက်မှာ မြို့ဟာ အခုလို တိတ်ဆိတ်နေတာဖြစ်ပါတယ်။

ကလေးမြို့ရဲ့ အဓိက လမ်းမကြီးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်လမ်းနဲ့ ဘုရင့်နောင်လမ်းမကြီးတွေပေါ်မှာရှိတဲ့ အိမ်တချို့ဟာ အိမ်မှာမနေရဲကြဘဲ ရွှေ့ပြောင်းကုန်ကြပါပြီ။ တချို့က ကလေးမြို့အတွင်းမှာရှိတဲ့ ပိုပြီးချောင်ကျ လုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းကြပါတယ်။ တချို့ကတော့ ကျေးရွာတွေဘက်ကို ရွှေ့ပြောင်းကြပါတယ်။ ဒါပေမဲ့ ကျေးရွာတွေဘက်မှာလည်း အခြေအနေက သိပ်ကောင်းတာမဟုတ်ပါဘူး။ ကလေးမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ စည်သာကျေးရွာနားမှာဆိုရင် တိုက်ပွဲဖြစ်နေသလိုမျိုး စစ်သားနဲ့ အရပ်သားပဋိပက္ခဟာ အလွန်ပြင်းထန်နေပါတယ်။

ကလေးမြို့ဗိုလ်ချုပ်လမ်းနဲ့ ဘုရင့်နောင်လမ်းတွေပေါ်မှာရှိတဲ့ အိမ်တွေရဲ့ စီစီတီဗီကင်မရာမှန်သမျှကို စစ်တပ်က လေးခွနဲ့ ပစ်သူကပစ်၊ သေနတ်နဲ့ပစ်သူကပစ်ခဲ့ကြပါတယ်။ အိမ်တချို့ရဲ့မှန်ပြတင်းတွေကွဲကုန်ပါတယ်။ အိမ်တချို့ရဲ့ အုတ်နံရံပေါ်မှာ ကျည်ရာတွေ ထင်ကျန်ရစ်ပါတယ်။ တချို့စစ်သားတွေကတော့ အိမ်ထဲကို ဝင်လာပြီး စီစီတီဗီကင်မရာကို ဖြုတ်ခိုင်းပါတယ်။

“ကျွန်မတို့အိမ်ထဲကို စစ်သားတွေကဝင်လာကြပါတယ်။ သေနတ်တွေနဲ့ချိန်ပြီးဝင်လာကြတာပါ။ ကျွန်မတူမလေးက ကြောက်ပြီး ငိုတော့ အဲဒီစစ်ဗိုလ်ကတော့ သမီးမငိုနဲ့မငိုနဲ့ သမီးကို ဘာမှမလုပ်ဘူး။ စီစီတီဗီကင်မရာကို ဖြုတ်ပေးလို့ ပြောပါတယ်။ တော်သေးတယ်ရှင့်။ ကျွန်မတို့ကံကောင်းလို့ သဘောကောင်းတဲ့ စစ်ဗိုလ်နဲ့တွေ့သွားတာ။ တချို့နေရာတွေမှာဆိုရင်ဒီလိုမဟုတ်ဘူး။” လို့ လမ်းမကြီးပေါ်က အိမ်တစ်အိမ်မှာ နေထိုင်တဲ့ ဒေါ်အေးအေးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ရောင်းမဲ့သူလည်းမရှိ၊ ဝယ်မဲ့သူလည်းမရှိ၊ ဆိုင်ခန်းအားလုံးလည်းပိတ်၊ သွားလာသူလည်းမတွေ့

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲသလို ပစ်ခတ်မှုတွေကြောင့် လမ်းမပေါ်က အိမ်တချို့ရွှေ့ပြောင်းကုန်ကြသလို လမ်းပေါ်မှာလည်း လူတွေ တိတ်ဆိတ်ကုန်ပါတယ်။

“သူတို့က လမ်းပေါ်မှာတွေ့ရင်လည်း မထင်ရင် မထင်သလိုပစ်ကြတာဆိုတော့ မထွက်ရဲကြဘူးဗျ။ မသွားမဖြစ်ကိစ္စမျိုးရှိတဲ့လူလောက်ကလွဲပြီး ဘယ်သူမှလမ်းပေါ်မထွက်ကြဘူးလို့” ကိုမောင်ကြီးက ဆိုပါတယ်။

ဗိုလ်ချုပ်လမ်းနဲ့ ဘုရင့်နောင်လမ်းတစ်လျှောက်မှာရှိတဲ့ စတိုးဆိုင်တွေ၊ စျေးဆိုင်တွေ အားလုံးလည်း ပိတ်ထားကြပါတယ်။ ကလေးမြို့ရဲ့ အဓိကစျေးကြီးနှစ်ခုဖြစ်တဲ့ ကလေးမြို့စျေးနဲ့၊ တာဟန်းစျေး နှစ်ခုစလုံးလည်း ပိတ်ထားကြပါတယ်။ ရောင်းမဲ့သူလည်း မရှိသလို ဝယ်သူကလည်း ကင်းမဲ့နေကြပါတယ်။ ရောင်းသူမရှိလို့ ဝယ်သူမလာ၊ ဝယ်သူမရှိလို့ ရောင်းသူမထွက်ဖြစ်နေပါတယ်။

“သုသာန်တစပြင်လိုခြောက်သွေ့သွားကြတယ်။ လူတွေက ဝမ်းနည်းစိတ်လည်းရှိတယ်။ မလုံခြုံစိုးရွံ့စိတ်တွေလည်း ရှိတယ်။ ဓာတ်ဆီဆိုင် ဆီဝင်ထည့်ချင်ရင်တောင် ရှာလို့မရတော့ပါဘူး။” လို့ ကိုမောင်ကြီးက ဘီဘီစီကိုပြောပါတယ်။

ဘုရင့်နောင်လမ်းပေါ်မှာနေတဲ့ ဒေါ်စန်းစန်းကတော့ လမ်းပေါ်မှာ လူတွေတိတ်ဆိတ်သွားပုံကဖြင့် ဝမ်းနည်းစရာတောင်ကောင်းပါတယ်။ နေ့ခင်းကြောင်တောင် တစ္ဆေခြောက်ခံရမှာကြောက်ရတဲ့မြို့ကြီးလိုပါပဲလို့ဆိုပါတယ်။

ရှားရှားပါးပါး ဗိုလ်ချုပ်လမ်းပေါ်က မီးခွက်စျေးတစ်ခုပဲထွက်လို့သာ စားစရာပြတ်ပြီး ငတ်မဲ့ဘဝက လွတ်မြောက်ကြရပါတယ်။ ဗိုလ်ချုပ်လမ်းပေါ်က မီးခွက်စျေးကတော့ တောကနေ ဟင်းသီးဟင်းရွက်တွေ အသားတွေကို ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့တင်ပြီး မနက်အရုဏ်မတက်ခင် ၃ နာရီလောက်ကတည်းက လာရောင်းချတတ်တဲ့စျေးဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ဒီစျေးလေးဟာ မနက်မလင်းခင် ရောင်းချတဲ့ စျေးမို့ မီးခွက်ကလေးတွေထွန်းပြီးရောင်းချကြပါတယ်။ ဒါ့ကြောင့် မီးခွက်စျေးနာမည်တွင်ပါတယ်။ အခုအခါ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေပြီမို့ မီးခွက်ထွန်းစရာမလိုတော့ပေမဲ့လည်း မီးခွက်စျေးလို့ပဲ ဆက်လက်အမည်တွင်ပါတယ်။ မနက် ၆ နာရီထိုးလောက်မှာ စျေးကွဲပါတယ်။

ဘဏ်တွေအားလုံးလည်း ပိတ်ထားကြပါပြီ။ ဘယ်သူမှ ဘဏ်ကငွေကို ထုတ်မရကြတော့ပါဘူး။ ရန်ကုန်မြို့ပေါ်မှာ ATM စက်တွေက ငွေထုတ်လို့ရသေးပေမဲ့ ကလေးမြို့ပေါ်မှာ ATM စက်တွေက ငွေမထွက်တော့ပါဘူး။

“မနေ့က ကျွန်တော်မသွားမဖြစ်လို့ သွားခဲ့ရတယ်။ လမ်းတော်တော်များများကျွန်တော်ရောက်တယ်။ မိန်းလမ်းမကြီးတွေရော အတွင်းလမ်းတွေရောပဲ ရောက်ခဲ့တယ်။ မရောက်ချင်လို့လည်း မရဘူး။ လမ်းတွေပိတ်ထားတာတွေရှိတယ်။ အတားအဆီးတွေလည်း ရှိတယ်။ မီးရှို့ထားတဲ့နေရာတွေရှိတယ်။ စစ်ကားတွေတွေ့ရင်လည်း ရှောင်သွားရတယ်။ သူတို့လုပ်ပုံလုပ်နည်းရှိတယ်ဗျ။ စစ်ကားရပ်ပြီး ကားပေါ်ကဆင်းပြီး လမ်းဘေးနှစ်ဘက်ကနေ လူတစ်ဝက်စီခွဲပြီး သူတို့က လျှောက်သွားကြတာဗျ။ ပြီးတော့ မထင်ရင်မထင်သလိုပစ်တာခတ်တာဗျ။ အဲဒါကြောင့် အကုန်ရှောင်ကြတာ။ ကျွန်တော်ကလမ်းကြိုလမ်းကြားကပါသွားရတော့ ကျွန်တော်လမ်းပေါ် ၁ နာရီလောက်သွားခဲ့ရတယ်။ ဒါပေမဲ့ လူ ၁၀ ယောက်ပြည့်အောင် မတွေ့ခဲ့ရဘူး။ ကားတစ်စီးပဲတွေ့ခဲ့ရတယ်။” လို့ ကိုမောင်ကြီးကပြောပြပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ ကျေးရွာအုပ်ချုပ်ရေးရုံးတွေလည်း မလည်ပတ်နိုင်ကြတော့ပါဘူး။ တချို့ရပ်ကွက်တွေမှာ အရင်အုပ်ချုပ်ရေးမှူးဟောင်းတွေဟာ ရပ်ကွက်ပြည်သူနဲ့ အဆင်ပြေကြတာမို့ အရင်လူတွေကိုပဲ ပြန်ခန့်ထားပါတယ်။ “ရပ်ကွက်နဲ့အဆင်ပြေတဲ့ အရင်လူတွေဖြစ်ပေမဲ့ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတာမို့ ပြည်သူတွေက အသိအမှတ်မပြုကြတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဘူး”လို့ ဒေါ်အေးအေးက ပြောပါတယ်။

ကလေးမြို့ကနေ တခြားမြို့တွေကို သွားလာကြတဲ့ ခရီးသည်တင်လိုင်းကားကြီးတွေ ပြေးဆွဲနေဆဲဖြစ်ပေမဲ့ အစီးအရေအတွက် သိပ်ကိုနည်းသွားတယ်လို့ မြို့ခံတွေကပြောကြပါတယ်။

ဒါပေမဲ့ အရင်ကထက်ပိုပြီး အစီးအရေအတွက် အများအပြားထွက်နေကြတဲ့ကားတွေရှိပါတယ်။ အဲဒါကတော့ ၁၂ ဘီးကားကြီးတွေပါ။ ကလေးမြို့အနီးအနားက ခုတ်လှဲခွင့်ပိတ်ပင်ထားတဲ့ သစ်ပင်သစ်တောတွေကို စိတ်ကြိုက်ခုတ်လှဲပြီး လိုင်စင်ရထားသလို တစ်ညလုံးမှာ အစီးရေများစွာသွားလာနေကြတယ်လို့မြို့ခံတွေကပြောကြပါတယ်။ ။

အရင်က သစ်ကားမှောင်ခို အနည်းငယ်ဟာ ကျောက်မီးသွေးတွေအောက်မှာ သစ်လုံးနည်းနည်းပါးပါးကို ခိုးဝှက်တင်ဆောင်ကြပေမဲ့ အခုအခါမှာတော့ အဖုံးအကာအထိမ်အဝှက်မရှိပြောင်ပြောင်တင်းတင်း ကားပေါ်တင်ပြီး စစ်တပ်မကြောက်၊ ရဲမကြောက်ဘဲ လွတ်လွပ်လပ်လပ်ကြီးသွားလာနေကြတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောဆိုကြပါတယ်။