ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတို့ရဲ့ အစောင့်တွေကြားက တွေ့ဆုံမှု

ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး ဖမ်းဆီးထိန်းသိမ်းထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး ဖမ်းဆီးထိန်းသိမ်းထား

စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် စတင်ဖမ်းဆီးခံရချိန်က စပြီး ပထမဆုံးအကြိမ် ရှေ့နေနဲ့ တွေ့ခွင့်ရခဲ့ချိန်မှာ အစောင့်တွေကြားက ဗီဒီယိုကတစ်ဆင့် ပြောခွင့်ရခဲ့ပြီး အဲဒီလို တွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေ မင်းမင်းစိုးက ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဖို့ တောင်းဆိုထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှေ့နေတွေနဲ့ လူကိုယ်တိုင် တွေ့ခွင့်ရရေး တောင်းဆိုခဲ့တယ်လို့ ဒီကနေ့ မတ်လ၃၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုက တစ်ဆင့် ပြောဆိုခွင့်ရသူ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီနေ့ဗီဒီယို ကွန်ဖရန်ကနေတစ်ဆင့် တွေ့ဆုံမှုဟာ ဟိုဘက် ဒီဘက် နှစ်ဖက်စလုံး ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်နေတဲ့ကြားက တွေ့ဆုံရတာ ဖြစ်ပြီး ဒီတွေ့ဆုံမှုဟာ ဥပဒေနဲ့ညီရဲ့လားလို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို အမှုပါဝါ တင်ထားတဲ့ကိစ္စပြောဖို့ ခေါ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှ ရဲတပ်ဖွဲ့မှူးရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတစ်ဆင့် ၁၅ မိနစ်ခန့် ကြာ စကားပြောခွင့်ရခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသင်တန်းကျောင်းဖွင့်ပွဲမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ သူက ဆိုပါတယ်။

"မျက်နှာက စိုစိုပြေပြေပါပဲ၊ စိတ်ဖိစီးမှုရှိပုံမရပါဘူး အားလုံးကျန်းမာကြပါစေလို့ သူက ဆုတောင်းပေးလိုက်ပါတယ်လို့ ပြောကြောင်း "သူကပြောပါတယ်။

ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဦးယုယချစ်တို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအဖြစ် လက်ခံသလို ဦးခင်မောင်ဇော်နဲ့ ဦးကြည်ဝင်းတို့အပါဝင် အခြား လိုက်ပါ ဆောင်ရွှက်ပေးနေတဲ့ ရှေ့နေ့အဖွဲ့တွေ ကိုလည်း သူရဲ့ရှေ့နေအဖြစ် လက်ခံခဲ့တယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချိန်းရက်မတိုင်မီ တစ်ရက်စောပြီး ရုတ်တရက် သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန် ဧပြီလ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုး‌အောင်တို့ အမှုရုံးချိန်း ရှိနေပါတယ်၊

ဓာတ်ပုံ ပုံစာ,

ရှေ့နေ ဦးခင်မောင်ဇော်

ဒီကနေ့ မတ်လ ၃၁ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ သက်တမ်း ကုန်ဆုံးတဲ့နေ့ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ဟာ အစိုးရသစ် တက်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။

အခုလိုရှေ့နေ့နဲ ဗီဒီယိုကတစ်ဆင့် တွေ့ခွင့်ရတာဟာ ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ဖြစ်ပါတယ်။

ပုဒ်မ ၅ ခု နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေနှစ်ဦးရဲ့ ကိုယ်စားလှယ်လွှဲစာကို မတ်လ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ဘက်က ပထမဆုံးအကြိမ် ထုတ်ပေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီဘက်က နေပြည်တော် ဇဗ္ဗူသီရိတရားရုံးမှာ ပုဒ်မ ၄ ခုနဲ့ တရားစွဲထားသလို ရန်ကုန်မှာလည်း နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထပ်တိုး တရားစွဲထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ စကားပြောစက်တွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ခွင့်ပြုချက်မရဘဲ တင်သွင်းခဲ့တယ်လို့ စွပ်စွဲပြီး သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ နဲ့ အရင်ဆုံး တရားစွဲခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ဇဗ္ဗူသီရိတရားရုံးမှာ အွန်လိုင်းကနေတစ်ဆင့် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ကြိုဆိုခဲ့မှုနဲ့ ကိုဗစ်ဆိုင်ရာ စည်းမျည်းစည်းကမ်းတွေ ချိုးဖောက်မှု သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၅ နဲ့ ထပ်တိုးအမှုဖွင့်ခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ ဒုတိယအကြိမ်ရုံးချိန်းမှာတော့ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေး ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့ ထပ်မံ တရားစွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေအဖြစ်ဘက်ပါဆောင်ရွက်ပေးဖို့ ကြိုးစားနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

မနက်ဖြန် ဧပြီလ ၁ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွေအားလုံးလိုက်ပါဆောင်ရွက်ဖို့အတွက် ရှေ့နေ့ကိုယ်စားလှယ်ရဖို့ တရားရုံးကိုတင်သွင်းမယ်လို့လည်းဒေါ်မင်းမင်းစိုးက ပြောပါတယ်။