CRPH က ကြားကာလအစိုးရ ဘယ်လိုဖွဲ့မလဲ

ဖက်ဒရယ်ပဋိညာဉ်ဟာ အာဏာရှင်အလွန် ဘယ်လိုနိုင်ငံမျိုး ပုံဖော်မလဲဆိုတာ ပေးထားတဲ့ ကတိကဝတ် ဖြစ်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

ဖက်ဒရယ်ပဋိညာဉ်ဟာ အာဏာရှင်အလွန် ဘယ်လိုနိုင်ငံမျိုး ပုံဖော်မလဲဆိုတာ ပေးထားတဲ့ ကတိကဝတ် ဖြစ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့ ကြေညာလိုက်ပြီး ဆယ်စုနှစ်တစ်ခုကြာ တပ်မတော်နဲ့ အာဏာခွဲဝေတဲ့ ကစားပွဲကနေ အပြီးသတ် နုတ်ထွက်လိုက်ပါတယ်။

ဒီလိုဖျက်သိမ်းမှုနဲ့ တပြိုင်နက်တည်းမှာပဲ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ့် 'ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်' ကိုပါ (CRPH) က ထုတ်ပြန်ပါတယ်။

ဒီပဋိညာဉ်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ CDM ဦးဆောင်သူတွေ၊ အထွေထွေသပိတ်အင်အားစုတွေ၊ အမျိုးသမီးနဲ့လူငယ်အင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ဆွေးနွေးအတည်ပြုထားတာလို့ (CRPH) က ထုတ်ပြန်ထားပါတယ်။

ဒီပဋိညာဉ်မှာ အပိုင်း ၂ ပိုင်းပါဝင်ပြီး အစိတ်အပိုင်း (၁) မှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို သွားမယ့် နိုင်ငံရေးလမ်းပြမြေပုံ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတွေ အဓိက ပါဝင်ပါတယ်။

အစိတ်အပိုင်း (၂) မှာတော့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ် ဖွဲ့စည်းဖို့နဲ့ ဒီအစိုးရဖွဲ့ စည်းဖို့အခြေခံရမယ့် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံတွေကို ဖော်ပြထားပါတယ်။

ဒါဟာ အာဏာရှင်စနစ်အောက်ကလွတ်မြောက်ရင် ဘယ်လိုနိုင်ငံမျိုးအဖြစ် ပုံဖော်မလဲဆိုတာကို ပေးထားတဲ့ ကတိကဝတ်လည်းဖြစ်ပါတယ်။

ပြည်ထောင်စု မျှော်ရည်ချက်နဲ့ စံတန်ဖိုး

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

ပြည်နယ်အားလုံးရဲ့ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးဖို့လိုတဲ့ အခွင့်အာဏာတွေကိုသာ ပြည်ထောင်စုကို အပ်နှင်းမှာဖြစ်

တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းတဲ့ပြည်ထောင်စုကို တည်ဆောက်မယ်လို့ မျှော်ရည်ထားပါတယ်။ ပြည်ထောင်စုရဲ့စံတန်ဖိုးတွေကတော့ ဒီမိုကရေစီအခွင့်အရေး၊ ကျားမတန်းတူရေး၊ အခြေခံလူ့အခွင့်အရေး တွေဖြစ်ပါတယ်။

တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ စုပေါင်းခေါင်းဆောင်ခြင်းတွေကိုလည်း စံတန်ဖိုးအဖြစ် သတ်မှတ်ပါတယ်။ ဒါ့အပြင် စုံလင်ကွဲပြားမှုကို လက်ခံခြင်းနဲ့ ခွဲခြားဆက်ဆံမှု မရှိခြင်း၊ လူနည်းစုအခွင့်အရေးကို ကာကွယ်ခြင်း တို့ကိုပါ စံတန်ဖိုးထဲ ထည့်သွင်းထားပါတယ်။

ပြည်နယ်တွေကို ကိုယ့်ပြည်နယ်အလိုက် အခြေခံဥပဒေရေးဆွဲဖို့လည်း ခွင့်ပြုထာပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိုပါ သီးခြားစီ ရရှိမှာဖြစ်ပါတယ်။

ပြည်နယ်အားလုံးရဲ့ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးဖို့လိုတဲ့ အခွင့်အာဏာတွေကိုသာ ပြည်ထောင်စုကို အပ်နှင်းမှာဖြစ်ပါတယ်။

ဗမာပြည်နယ်ဖြစ်လာမလား

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းမှာဖြစ်

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းမှာဖြစ်ပြီးတော့ နိုင်ငံရေးအရ တန်းတူ တယ်လို့ အခြေခံမူချထားပါတယ်။

ဒါကြောင့် လူမျိုးစုကိုအခြေခံတဲ့ ဗမာပြည်နယ်ဆိုတာမျိုး ဖြစ်လာမလားဆိုတာလည်း တွက်ဆကြည့်ရမှာဖြစ်ပါတယ်။

ဆူပူအကြမ်းဖက်မှုတွေကို ထိန်းနိုင်ဖို့နဲ့ တိုင်းပြည်လုံခြုံရေးအရ အာဏာခွဲဝေမှု၊သယံဇာတခွဲဝေမှုနဲ့ အခွန်ဘဏ္ဍာ ခွဲဝေမှု နဲ့ ဖက်ဒရယ်ဘဏ္ဍာ‌ရေးစနစ် ကိုကျင့်သုံးမှာဖြစ်ပါတယ်။

သယံဇာတအရင်းအမြစ်နဲ့ပတ်သက်လို့ ထွက်ရှိတဲ့ပြည်နယ်ကိုလွတ်လပ်စွာ စီမံခွင့်ပေးထားပြီး သယံဇာတက ရတဲ့ ဘဏ္ဍာငွေကိုလည်း ထွက်တဲ့ပြည်နယ် က အပြည့်အဝအကျိုးခံစားခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။

ထိုက်သင့်တဲ့အချိုးအစားတစ်ခုကိုပဲ ပြည်ထောင်စုထဲကို ထည့်ဝင်ရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အသင့်တော်ဆုံးတာဝန်ကို ပေးခွင့်ရနိုင်

ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်မှာ ဝန်ကြီးချုပ်စနစ်ဖြစ်ပြီး ပြည်ထောင်စုဦးသျှောင် (သို့မဟုတ်) ပြည်ထောင်စုသမ္မတ ထားရှိတဲ့စနစ်ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို CRPH က ဖျက်သိမ်းလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အသင့်တော်ဆုံးတာဝန်ကို ပေးခွင့်ရဖို့လည်း လမ်းပွင့်သွားတာပဲဖြစ်ပါတယ်။

၅၉(စ) ပိတ်ပင်မှုမရှိတော့လို့ သမ္မတရာထူးကို တောင်ပေးလို့ ရတဲ့အနေအထားဖြစ်သွားပါတယ်။

ဒါပေမဲ့ ကြားကာလ ညီညွတ်ရေးအစိုးရ အဖွဲ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရာထူးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဆက်လက် ထည့်သွင်းထားတာတွေ့ရပါတယ်။

ပြည်ထောင်စုဥပဒေပြုရေးမှာတော့ အာဏာတူတဲ့ ဖက်ဒရယ်အထက်လွှတ်တော်နဲ့ ဖက်ဒရယ်‌အောက်လွှတ်တော် ဆိုပြီး လွှတ်တော် ၂ ရပ် ထားရှိ သွားမှာပါ။

လုံခြုံရေးနဲ့ ကာကွယ်ရေးမူ

ဖက်ဒရယ်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာအခြေခံမူဝါဒတွေဟာ လူသားလုံခြုံရေးကို အခြေခံရမယ်လို့ ချမှတ်ထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်ပါတယ်။

' မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြဿနာက စစ်တပ်က နိုင်ငံရေးအာဏာကို ယူချင်နေတဲ့ပြဿနာပဲ။ ဒါကြောင့် ပဋိညာဉ်မှာ စစ်တပ်က အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံဖို့ တိတိလင်းလင်းပြဌာန်းထားတာပါ' လို့ ဦးလွင်ကိုလတ်ကပြောပါတယ်။

ပြည်ထောင်စုရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ကိုလည်း သီးခြားစီဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခွင့်ပြုထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကိုဖွဲ့စည်းမှာဖြစ်ပါတယ်။ ပြည်နယ်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတွေက အနည်းဆုံးတစ်ဦးစီ အဖွဲ့ဝင်အဖြစ်ပါဝင် ရမှာဖြစ်ပါတယ်။ ကောင်စီကို ၃၀ ရာခိုင်နှုန်းထက်မပိုတဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေနဲ့ ထည့်သွင်း ဖွဲ့စည်း ရမယ်လို့ ပါရှိပါတယ်။

ကြားကာလ အစိုးရအဖွဲ့ကို ဘယ်သူတွေနဲ့ဖွဲ့မှာလဲ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

လူမျိုးကြီးဝါဒစွန့်လွှတ်ဖို့ ဗမာတွေသာမက တိုင်းရင်းသားတွေကပါ ပါဝင်သင့်တယ်လို့ အကြံပြုတာတွေလည်းရှိ

ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုရက်ပိုင်းအတွင်း ဖွဲ့စည်းသွားဖို့ရှိနေတယ်လို့ ခေတ္တသမ္မတရုံးဝန်ကြီး ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။

CRPH က အဆိုတင်သွင်းသူတွေ၊ ပဋိညာဉ်ရေးဆွဲရာမှာပါတဲ့ နိုင်ငံရေးပါတီတွေက အဆိုတင်သွင်းသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အဆိုတင်သွင်းသူတွေ၊ တတ်သိပညာရှင်တွေနဲ့ NUG ကို ဖွဲ့စည်းမှာဖြစ်ပါတယ်။

NUG ရဲ့ တာဝန်တွေကတော့ အာဏာရှင်စနစ်ပပျောက်ရေးနဲ့ ပဋိညာဉ်မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံကို အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

'နံပါတ် တစ်ကတော့ စစ်အာဏာရှင်စနစ်ကျဆုံး‌‌ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်' လို့ ဦးလွင်ကိုလတ်က ပြောပါတယ်။

NUG ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နဲ့ညှိနှိုင်းပြီး ကြားကာလအုပ်ချုပ်ရေးစီမံချက်ကို ရေးဆွဲအတည်ပြုကျင့်သုံးရမှာဖြစ်ပါတယ်။

CRPH ရဲ့အကြီးဆုံးအားသာချက်က ပြည်သူအများစုရဲ့ အားပေးထောက်ခံမှုကို ရရှိထားတာပဲဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး ၂ လ အတွင်း ရပ်ကွက်ရုံးတွေစုံအောင်တောင်မဖွင့်နိုင်သေးတဲ့အပြင် CDM လှုပ်ရှားမှုကိုပါ မထိန်းချုပ်နိုင် သေးတဲ့အခြေအနေမှာ ရှိနေပါတယ်။

တိုင်းရင်းသားတွေရဲ့သဘောထား ဘယ်လိုရှိသလဲ

တိုင်းရင်းသားတွေကတော့ ဗမာတွေဟာ လူမျိုးကြီးဝါဒကို စွန့်လွှတ်ပြီး လူနည်းစုတွေရဲ့ခံစားချက်ကို အမှန်တကယ် နားလည် ကိုယ်ချင်းစာတတ်ပြီ လားဆိုတာကို စောင့်ကြည့်နေကြတယ်လို့ ဖက်ဒရယ်အရေးကျွမ်းကျင်သူတွေကပြောပါတယ်။

" ငါတို့က အများစုရွေးကောက်ခံဖြစ်တယ်။ အဲ့ဒီအတွက် ငါတို့ပြောတာထောက်ခံရမယ် ဆိုတာမျိုးက ဒီအချိန်မှာ မလုပ်သင့်တော့ဘူး။ ဒီပဋိညာဉ်ဆိုရင်လည်း အားလုံးစုပေါင်းရေးဆွဲပြီးမှ အတည်ပြုတာမျိုးဖြစ်သင့်တယ်။ CRPH က ရေးထားပြီးသားကို ထောက်ခံခိုင်းတာမျိုး မဖြစ်သင့်ဘူး။ အဲ့ဒီအချက်ကအရေးကြီးတယ်" ဖက်ဒရယ်အရေး ကျွမ်းကျင်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက တိုက်တွန်းပါတယ်။

လူမျိုးကြီးဝါဒစွန့်လွှတ်ဖို့ ဗမာတွေသာမက တိုင်းရင်းသားတွေကပါ ပါဝင်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။ အဓိပ္ပာယ်ကတော့ တိုင်းရင်းသားတွေကိုယ်တိုင်လည်း ကိုယ့်ပြည်နယ်ထဲက လူနည်းစုတိုင်းရင်းသားတွေအပေါ်မှာ လူမျိုးကြီးဝါဒဆန်တဲ့ အပြုအမူတွေ မလုပ်ကြဖို့ လို့ သူကပြောပါတယ်။

ဗီဒီယို ပုံစာ,

၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းခြင်း နဲ့ ချင်းအမျိုးသား တပ်ဦး