၂၀၂၁ မြန်မာစစ်အာဏာသိမ်း- စစ်တပ်ပစ်ခတ်မှုကြောင့် ရွှေဘိုနယ်ပလိုင်းရွာသားတဦး သေဆုံး

ညဘက်မှာဆီမီးခွက်ထွန်းဆုတောင်းတာပဲလုပ်ပါတယ်
ဓာတ်ပုံ ပုံစာ,

ညဘက်မှာဆီမီးခွက်ထွန်းဆုတောင်းတာပဲလုပ်ပါတယ်

“ငါးဆူကုန်းရွာကို စစ်တပ်ဝင်လို့ ပလိုင်းရွာသားတွေက သွားဝန်းရံတာပါ။ ရွာသားတွေကိုမြင်တာနဲ့ တခါတည်း တန်းပစ်တာပါပဲ။ ပထမ ၁ ချက်ပစ်တယ်။ အဲဒီနောက် ကျည်ကပ်တကပ်လုံးကုန်အောင် ဆက်တိုက်ဆွဲတာပါပဲ။ အဲဒီမှာ ပလိုင်းရွာက ကိုဂျမားကို ကျည်ဆန်ထိပြီးသေသွားတာပါဗျာ။”

ရွှေဘိုနယ်ဘက် ကျေးလက်တောရွာတွေကို စစ်တပ်က ဧပြီ ၇ ရက်က ဝင်ရောက်ပစ်ခတ်လို့ ရွာသားတဦးသေဆုံးတဲ့ အကြောင်း ဘီဘီစီကို ဒေသခံရွာသားတယောက်ဖြစ်တဲ့ ဦးမြက ပြောပြခဲ့ပါတယ်။

အခုပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ရွှေဘိုမြို့ရဲ့ အနောက်ဘက်တကြောမှာရှိတဲ့ ရွာငယ်လေးတွေ ဖြစ်ပါတယ်။

ပိုးပုဆိုးတွေထုတ်လုပ်ရောင်းချပြီး နာမည်ကြီးတဲ့ ဆိပ်ခွန်ရွာနဲ့ မလှမ်းမကမ်းမှာရှိပါတယ်။ နာမည်ကျော် ချီပါသား ပခန်းသား ဇာတ်လမ်းတွေထဲမှာပါတဲ့ ချီပါရွာနဲ့လည်း သိပ်မဝေးပါဘူး။

"ရွာငယ်လေးတွေမို့ ဆန္ဒပြပွဲတွေ ဘာတွေလည်း မရှိပါဘူး။ လက်နက်နဲ့ တိုက်ခိုက်တာတွေ ဘာတွေလည်း မရှိပါဘူး။ ညဘက်မှာ ဆီမီးခွက်လေးတွေထွန်းပြီး ဆုတောင်းတာလောက်ပဲရှိပါတယ်။ ဘာ့ကြောင့် ကျွန်တော်တို့ရွာတွေကို အငြိုးထားသလဲတော့ မသိပါဘူး"လို့ ရွာသားတဦးဖြစ်တဲ့ ဦးမြက ပြောပါတယ်။ ရွာသားတွေက ရွှေဘိုမြို့ပေါ်တက်ပြီး ဆန္ဒပြတာတော့ ရှိပါတယ်။

ဓာတ်ပုံ ပုံစာ,

ပလိုင်းရွာ လယ်ကွင်းပြင်မှာ ထွန်ယက်စိုက်ပျိုးနေကြစဥ်

“ဘာလို့ ဝင်ပစ်မှန်းကို မသိပါဘူးဗျာ။ စဥ်းကို မစဥ်းစားတတ်ဘူး။ ကျွန်တော်ထင်တာတော့ မြို့ပေါ်တက်ပြီး ဆန္ဒမပြရဲအောင် ခြောက်တာလားတော့ မသိဘူး။ ခြောက်တာဆိုရင်လည်း ကျွန်တော်တို့က တောသားတွေပါဗျာ။ အကြောက်တရားနဲ့ နေရတဲ့သူတွေပါ။ လက်နက်ဆိုလို့ နွားကျောင်းတဲ့အခါ နွားကိုပစ်တဲ့ ဘတ်ခွပဲ ရှိတာပါ။ ခြောက်တယ်ဆိုရင် မိုးပေါ်ထောင်ပစ်လည်း ကြောက်ပါတယ်။ အခုလို လူကိုပစ်တာတော့ မလုပ်သင့်တဲ့အရာပါဗျာ။ လွန်လွန်းပါတယ်။”

လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက ရွှေဘိုနယ်ဘက်မှာ မြို့ပေါ်သာမက ရွာတွေကိုပါ စစ်တပ်က ဝင်ရောက်မွှေနှောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က ပိုးတွဲလုံချည်ထုတ်လုပ်မှုမှာ နာမည်ကြီးတဲ့ ဆိပ်ခွန်ရွာကို စစ်တပ်က ဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ဆိပ်ခွန်ရွာရဲ့ အနောက်ဘက်က ပုဏ္ဏားကုန်းကိုလည်း ဝင်ရောက်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆိပ်ခွန်ရွာရဲ့တောင်ဘက်မှာရှိတဲ့ တက်တူရွာကိုလည်း အလားတူဝင်ရောက်ခဲ့ပါတယ်။ တက်တူရွာရဲ့ တောင်ဘက်ကို စစ်ကားတွေ ဆက်မောင်းလာပြီး ပလိုင်းရွာထဲကို ဝင်ဖို့ကြိုးစားရာမှာတော့ လမ်းပေါ်မှာ သစ်ပင်တွေခုတ်လှဲပိတ်ဆို့ထားလို့ မဝင်နိုင်ခဲ့ပါဘူး။

ဧပြီလ ၇ ရက်နေ့မှာ ပလိုင်းနဲ့ ငါးဆူကုန်းရွာတွေဘက်ကို စစ်ကားတွေထပ်လာမယ်လို့ သတင်းကြားတဲ့အတွက် ရွာတွေက သတိနဲ့ ကြိုတင် တပ်လှန့်ထားခဲ့ကြပါတယ်။ ညနေ ၃ နာရီအချိန်လောက်မှာ ပလိုင်းရွာဘက်သွားတဲ့လမ်းပေါ်ကို စစ်ကား ၈ စီးလောက် ရောက်လာခဲ့ပါတယ်။ ပလိုင်းရွာနဲ့ ၂ မိုင်လောက်အကွာမှာ သစ်ပင်တွေခုတ်လှဲပြီး လမ်းပိတ်ဆို့ထားတဲ့အတွက် စစ်ကားတွေဟာ ပလိုင်းရွာအထိရောက်မလာဘဲ နောက်ပြန်လှည့်သွားခဲ့ပါတယ်။ ဆိပ်ခွန်ရွာဘက်အထိပြန်လှည့်သွားပြီးမှ မြောင်းဘောင်အတိုင်း ငါးဆူကုန်းရွာဘက်ကို ပတ်ဝင်ပါတယ်။ ပလိုင်းရွာကလူတွေက ဖြတ်လမ်းကနေ ငါးဆူကုန်းရွာဘက်ကို သွားရောက်ဝန်းရံကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ပလိုင်းရွာအဝင်လမ်းမြင်ကွင်း

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အနီးအနားရွာကလူတွေ လာရောက်မဝန်းရံနိုင်ခင် စစ်ကားတွေက ငါးဆူကုန်းကို အရင်ဝင်ရောက်သွားတဲ့အတွက် ငါးဆူကုန်းရွာသားအားလုံး ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ စစ်ကားတွေက ရွာထဲအိမ်တွေထဲကို ဝင်ရောက်ပြီး မွှေနှောက်ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘာကိုရှာဖွေကြသလဲဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာမသိပါဘူး။ ရွာသားတွေမရှိတဲ့ရွာထဲမှာ စစ်သားတချို့က အေးအေးဆေးဆေး ရေတောင်ချိုးနေခဲ့ကြသေးတယ်လို့လည်း အနီးအနားကရွာသားတဦးဖြစ်တဲ့ ကိုဇော်က ဆိုပါတယ်။

ညနေ ၄ နာရီအချိန်လောက်မှာ အနီးအနားရွာကလူတွေ ဝန်းရံလာတဲ့အချိန်မှာ စစ်တပ်က လူတွေကို မြင်တာနဲ့ ရွာထဲက ထွက်ပြီး သေနတ်နဲ့ပစ်တယ်လို့ဆိုပါတယ်။

“ပလိုင်းရွာက ရွာသားက ၅၀၊ ၆၀ လောက်ရှိမှာပေါ့ဗျာ။ ရွာနီးနကတွေလည်း လာကြတာဆိုတော့ အားလုံးလူပေါင်း ၈၀၀ ကနေ ၁၀၀၀ လောက်အထိစုဝေးပြီး ဝန်းရံလာတော့ စစ်တပ်က ရွာထဲက ထွက်လာပြီး လူတွေကိုမြင်တာနဲ့ တန်းပစ်တော့တာပါပဲ။ ကျွန်တော်ကတော့ နောက်နားမှာရောက်နေလို့ ပစ်သံကြားမှ သိတာပါ။ ရှေ့ပိုင်းမှာနေတဲ့လူတွေကို ထိသွားတာပါ” လို့ အနီးနားရွာတရွာက ကိုဇော်က ဘီဘီစီကို ပြောပါတယ်။ ရွာနီးနက ဆိုတာ ရွှေဘိုနယ်က ဒေသအသုံးအနှုန်းပါ။ အနီးအနားတခြားရွာကလူတွေလို့ ဆိုလိုတာပါ။

ပစ်ခတ်မှုကြောင့် ပလိုင်းရွာသား ကိုဂျမား သေဆုံးသွားပါတယ်။ ငါးဆူကုန်းရွာက ရွာသားတဦး ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။

စစ်ကားကပစ်ခတ်ပြီးနောက် ပလိုင်းရွာသား ၄ ယောက်နဲ့ ငါးဆူကုန်းရွာသား ၃ ယောက်ကို ဖမ်းဆီးခေါ်ယူပြီး ထွက်ခွာသွားပါတယ်။

“ရွာသား ၇ ယောက်ကို သူတို့ဖမ်းပြီးခေါ်သွားတယ်ဗျ။ ရွှေဘိုမဝင်ခင် ချီပါမူးထိပ်နားရောက်တော့မှ အဲဒီနားမှာ လွှတ်ထားပေးခဲ့တယ်။” လို့ အနီးနားရွာတရွာမှာ နေထိုင်သူ ဦးမြက ပြောပါတယ်။ မူးဆိုတာက ဆည်ကနေ လယ်တွေ ယာတွေထဲကို ရေလွှတ်တဲ့မြောင်းကို ဒေသကခေါ်တဲ့အခေါ်အဝေါ်ပါ။ ချီပါရွာနားက ဆည်ရေသွင်းမြောင်းထိပ်နားမှာ ရွာသားတွေကို ပြန်လွှတ်ပေးတယ်လို့ ပြောတာ ဖြစ်ပါတယ်။

သေနတ်ကျည်ဆန်ထိမှန်သေဆုံးသူ ကိုဂျမားဟာ အသက် ၃၀ ရှိပါပြီ။ ကိုဂျမားမှာ ဇနီးမဥမ္မာနဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။ သမီးက ၅ တန်းကျောင်းသူဖြစ်ပြီး သားက ၂ တန်းကျောင်းသားအရွယ်ပဲရှိပါသေးတယ်။ ကိုဂျမားဟာ လက်လုပ်လက်စား တယောက်ဖြစ်ပြီး ယက်ကန်းစင်တွေကို ပြင်တဲ့အလုပ်လုပ်လေ့ရှိပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူကိုဂျမားကို ဒီနေ့ ဧပြီလ ၈ ရက် မွန်းတည့်အချိန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။