မုဆိုးခြေထောက်ဆူးမကြောက်တတ်ပေ

တောတောင်ထူထပ်တဲ့မင်းတပ်မြို့
ဓာတ်ပုံ ပုံစာ,

တောတောင်ထူထပ်တဲ့မင်းတပ်မြို့

“ကျွန်တော်တို့ရဲ့ လူနေမှုစနစ်ကိုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် ၃၀၀ ကုန်းဘောင်ခေတ်ကနဲ့ သိပ်အများကြီး မကွာသေးဘူး။ အများကြီးပြောင်းလဲမလာဘူး။ မြန်မာတနိုင်ငံလုံးပြောင်းလဲကုန်ပေမဲ့ ချင်းတွေရဲ့ဘဝ၊ ချင်းတွေရဲ့ လူနေမှုစနစ်၊ လူနေမှုဟန်ပန်က အများကြီးမပြောင်းလဲဘဲ ကျန်ရစ်ခဲ့တယ်။ တောင်ယာခုတ်မယ်။ အမဲလိုက်မယ်။ ငါးရှာမယ်။ အိမ်တိုင်းမှာ တူးမီးသေနတ်ရှိတယ်။ အဲဒါတွေဟာ အခုဖြစ်လာတဲ့ ချင်းအမျိုးသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ တနည်းတဖုံဆက်စပ်နေတယ်။”

ချင်းတွေ ဘာ့ကြောင့် လက်နက်ကိုင်တော်လှန်ကြသလဲ။ ချင်းလူမျိုးရဲ့ လူနေမှုဟန်ပန်၊ ချင်းလူမျိုးရဲ့ စရိုက်သဘာဝနဲ့ အများကြီး သက်ဆိုင်တယ်လို့ မင်းတပ်က ဆလိုင်းတူးမီးကယူဆပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာ့သမိုင်းတလျှောက်မှာ အပြင်းထန်ဆုံးလို့ဆိုနိုင်မဲ့ ကန့်ကွက်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ သေနတ်နဲ့ အဆက်မပြတ်ပစ်နေတာကိုတောင် ထွက်မပြေးဘဲ တောင့်ခံကြတဲ့အထိ ကိုယ့်သဘောကိုယ့်ဆန္ဒကို ပြင်းပြင်းပြပြ ဖော်ထုတ်ပြသခဲ့ပါတယ်။

ဒါပေမဲ့ သာမန်အရပ်သားပြည်သူတွေနဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်တာမျိုးကတော့ သိပ်များများစားစားမရှိပါဘူး။ ချင်းလူမျိုးတွေရယ်၊ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတချို့ရယ်၊ မြင်းခြံမြို့ရယ်လောက်မှာပဲ တွေ့ရပါတယ်။

နိုင်ငံရေးဖိနှိပ်မှုပြဿနာ

မြန်မာနိုင်ငံမှာ လူမျိုးအများအပြားရှိတဲ့အနက် ဘာ့ကြောင့် ချင်းလူမျိုးတွေက ၂၀၂၁ ခုနှစ် လက်နက်ကိုင်လှုပ်ရှားမှုမှာ ချွန်ထွက်နေရသလဲ။ အခုဖြစ်ပွားနေတဲ့ ချင်းလူမျိုးတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုဆိုတာဟာ KIA ကချင်လွတ်လပ်ရေးတပ်မတော်တို့လို၊ KNU ကရင်အမျိုးသားအစည်းအရုံးတို့လို စည်းရုံးဖွဲ့စည်းထားတဲ့ လူမျိုးစုလက်နက်ကိုင်တပ်မတော်လည်း မဟုတ်ကြဘူး။ လေ့ကျင့်သင်တန်းပေးထားတဲ့ တော်လှန်ရေးတပ်သားတွေလည်း မဟုတ်ကြဘူး။ တခါမှ စစ်မတိုက်ခဲ့ကြဖူးတဲ့ သာမန် အရပ်သားပြည်သူတွေက ရှိတဲ့လက်နက်ကိုင်ဆွဲပြီး ထွက်တိုက်တဲ့ တိုက်ပွဲတွေပါ။

“ချင်းတွေ ရရာလက်နက်စွဲကိုင်တော်လှန်တယ်ဆိုတာက နှစ်ပေါင်း ၇၀ ကျော်ကျော် စစ်အာဏာရှင်စနစ် အောက်မှာ စနစ်တကျ ခွဲခြားဆက်ဆံခံရတာတွေကြောင့်ပဲ။ အရင်ကတည်းက ချင်းတွေက ဘယ်သူအုပ်ချုပ်တာမှ ခံချင်တာမဟုတ်ဘူး။ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့လူမျိုး။ အာဏာသိမ်းတော့ ငါတို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတယ်လေ။ ဒါကို သူတို့တုံ့ပြန်ပုံက သိပ်ကြမ်းတမ်းရိုင်းစိုင်းလွန်းတယ်။ လက်မခံနိုင်ဘူး။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်။ ကျောင်းတွေ ဆေးရုံတွေ ဘုရားကျောင်းတွေမှာ စစ်တပ်က တပ်စွဲတယ်။ ငါတို့ကိုးကွယ်တဲ့နေရာမှာ လက်နက်ကိုင်တွေ တပ်စွဲတာ ငါတို့မကြိုက်ဘူး။”

ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ Chinland Defence Force ရဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဖြစ်ပါတယ်။ ဟားခါးဇာတိချင်းအမျိုးသားတယောက်ဖြစ်တဲ့ ဗန်ထန်သုမ်းရဲ့အမြင်ကလည်း မနီးရိုးစွဲဖြစ်ပါတယ်။

“လူငယ်တွေက စစ်တပ်တွေ အနိုင်ကျင့်တာကို မခံနိုင်တော့ဘူးကွာ။ အဲဒါအဓိကအကြောင်းပဲ။ စီဒီအမ်က တနိုင်ငံလုံးလုပ်နေတယ်။ ငါတို့လည်း လုပ်မယ်ဖြစ်လာတာ။ ရန်ကုန်မှာ ဂျန်ဇီတွေက လေးခွနဲ့တောင် လုပ်တယ်။ ငါတို့တူးမီးနဲ့ ဘာလို့မလုပ်နိုင်ရမှာလဲ။ အဲသလို ဖြစ်လာတာ။”

ဓာတ်ပုံ ပုံစာ,

ဟားခါးမြို့ပေါ်မြင်ကွင်း

စီးပွားရေးနိမ့်ကျမှု

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေး ၄ သိန်း ၈ သောင်းလောက်ရှိပါတယ်။ ဘာသယံဇာတမှ ပေါပေါများများ မထွက်ပါဘူး။ အလုပ်အကိုင်လည်း ရှားပါးပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ညံ့ပါတယ်။ ပညာရေး၊ ကျန်းမာရေးတွေလည်း နိမ့်ကျပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ ခုနှစ်စစ်တမ်းအရ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပါတယ်။ မွေးရပ်ဇာတိကိုစွန့်ခွာပြီး ပြည်ပထွက်ခွာသူအများဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။ ပြည်တွင်းရွှေ့ပြောင်းလုပ်သားအများဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မကြာမီနှစ်အနည်းငယ်အတွင်းက လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုတခါ ပထမအဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်အတွင်းရှိ သာမန်အရပ်သားတွေက လက်နက်ကိုင် ခုခံတော်လှန်ကြတာဟာ တိုက်ဆိုင်မှုလို့ပြောဖို့ ခက်ပါလိမ့်မယ်။

“၂၀၁၀ ခုနှစ်နောက်ပိုင်း ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အပြောင်းအလဲမဖြစ်ခဲ့ရင်တောင် ဒီလောက်တော်လှန်ချင်မှ တော်လှန်ပါလိမ့်မယ်။ အရင်တုန်းက မြို့ပေါ်မှာ ဆိုင်ကယ်တို့ကားတို့ လက်ချိုးရေလို့ရတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းရောက်တော့ မြို့ပေါ်မှာ ဆိုင်ကယ်တွေ တဝှီးဝှီးနဲ့ဖြစ်လာတယ်။ ခေတ်ပြောင်းလာလို့ ဆိုင်ကယ်တွေကားတွေ စျေးချိုလာတာလည်း ပါတာပေါ့ဗျာ။ ဒါပေမဲ့ အရင်ကဆို ခေတ်ပြောင်းတဲ့အခါ ချင်းပြည်နယ်မပါဘူး။ ကျန်ခဲ့တယ်။ အခုတော့ ချင်းပြည်နယ်မှာလည်း အပြောင်းအလဲတချို့ ဖြစ်လာတယ်။ ဆိုင်ကယ်တွေ ပေါလာတယ်။ ကားတွေ ပေါလာတယ်။ ဖုန်းတွေ အင်တာနက်တွေ ရှိလာတယ်။ ဆေးရုံကြီးတွေ ဆောက်လာနိုင်တယ်။ စည်ပင်စျေးတွေ၊ တက္ကသိုလ်တွေရှိလာတယ်။”

မင်းတပ်မြို့ကဆလိုင်းတူးမီးပါ။

“ဟာ ငါတို့စောစောကတည်းက ဒီလိုလုပ်ရမှာ။ အစိုးရတွေက ဒီလိုလုပ်ပေးရမှာ။ စောစောကတည်းက ကွန်ပလိန့်တက်ရမှာ။ အဲသလို ဖြစ်လာတယ်။ ငွေစရွှင်လာတယ်။ မြို့ပေါ်မှာ ဆိုင်ကယ် ၁၀ စီးကနေ အစီး ၂၀၀ လောက်ရှိလာတယ်။ မြို့ထဲမှာ ကားပါကင်တွေဘာတွေ ဆောက်လာရတယ်။ ထောပတ်သီးတွေစိုက်ပြီး နိုင်ငံခြားပို့မယ်။ စျေးကွက်ရှာမယ်။ တောင်ပေါ်စိုက်ပျိုးရေးလုပ်မယ်ဆိုပြီး လူတွေက ရည်မှန်းထားကြတဲ့အချိန်မှာ ကိုဗစ်ဖြစ်လာတော့ ငြိမ်ကျသွားတယ်။ ကိုဗစ်ပြီးရင် ပြန်လုပ်မယ် အားခဲထားပါတယ်ဆိုမှ စစ်ကောင်စီက အာဏာသိမ်းလိုက်တော ငါတို့ အမှောင်ခေတ်ထဲတော့ ပြန်မသွားနိုင်တော့ဘူးလို့ အားလုံးက တွေးလာတယ်။ ကိုဗစ်ကာလမှာ မျိုသိပ်ထားရတဲ့ ဒေါသတွေက စစ်ကောင်စီအပေါ်ပုံကျသွားတာပဲ။”

ချင်းလူမျိုးတွေဟာ နှစ်ပေါင်းများစွာလမ်းစပျောက်ခဲ့ရတယ်လို့ ဗန်ထန်သုမ်းက ဆိုပါတယ်။

“အရင်ကဆိုရင်ငါတို့မှာ လမ်းပန်းဆက်သွယ်ရေးက သိပ်ညံ့တယ်ကွာ။ အဲသလိုညံ့တာကလည်း ငါတို့ကို တမင်နှိမ်ချင်လို့ကို လုပ်ထားတယ်လို့ ခံစားရတယ်။ သတင်းစာတွေက ငါတို့ဆီကို တပတ်လောက်နောက်ကျပြီးမှ ရောက်တယ်။ မြို့ပေါ်မှာလည်း စာကြည့်တိုက်တွေ ဘာတွေမရှိဘူး။ ရန်ကုန်၊ မန္တလေးမှာ တက္ကသိုလ်တက်နိုင်တဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်။ ဆယ်တန်းအောင်တဲ့သူ တော်တော်များများက အလယ်တန်းပြလောက်မှာ ဂိတ်ဆုံးတာပဲ။”

“ငါတို့ချင်းတွေဟာ ကျွန်းလေးတကျွန်းထဲမှာ အကျယ်ချုပ်ချခံထားရသလိုပဲ။ ငါတို့တော့ အဲသလို ခံစားရတယ်လေ။”

“အခု ၂၀၁၅ ခုနှစ်နောက်ပိုင်း မီး ၂၄ နာရီရလာတယ်။ တက္ကသိုလ် ရှိလာတယ်။ အရက်ကထက်စာရင် တိုးတက်လာတယ်။ ဒါပေမဲ့ကွာ၊ ပြောင်းလဲမလို့ ရှိသေးတယ်။ အာဏာသိမ်းပြီး အရင်လိုပြန်ဖြစ်မယ်ဆိုတော့ ငါတို့မခံနိုင်ဘူးလေ။”

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

တိုက်ပွဲတွေကြောင့် ဒေသခံတွ တောထဲ တောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရ

ချင်းလူမျိုးရဲ့ ဓလေ့ထုံးတမ်း၊ ချင်းလူမျိုးရဲ့စရိုက်သဘာဝ

ချင်းတွေရဲ့ လူမျိုးစရိုက်ကို မသိရင် သူတို့ဘာ့ကြောင့် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်ကြတယ်ဆိုတာကို နားလည်နိုင်ဖို့ ခက်ပါလိမ့်မယ်။

“ကျွန်တော်တို့ မင်းတပ်မှာဆိုရင် လူဦးရေ ၅ သောင်းလောက်ရှိတယ်ဆိုပေမဲ့ မြို့ပေါ်မှာက လူနည်းနည်းပဲရှိတာ။ လူအများဆုံးရှိတာက ရွာတွေမှာ။ ရွာကအိမ်တိုင်းလိုလိုမှာက တူးမီးသေနတ်တလက်စီတော့ အနည်းဆုံးရှိကြတယ်။ ရွာတရွာမှာ အိမ်ခြေ ၆၀၊ ၇၀ ရှိရင် တူးမီးသေနတ်က အလက် ၁၀၀ လောက်ရှိနေတတ်တာ။ ယောက်ျား ၁၀ ယောက်မှာ ၈ ယောက်လောက်က မုဆိုးဖြစ်နေကြတာ။ အဲဒီတော့ ကျွန်တော်တို့ ချင်းတွေက လက်နက်နဲ့ မစိမ်းဘူး။ လူတယောက်မှာ လက်နက်လည်း ရှိနေမယ်၊ ကိုယ့်ကိုလည်း အနိုင်ကျင့်ခံရမယ်ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ် ပြန်ချမှာပဲ။ ချင်းတွေလက်နက်ကိုင်တော်လှန်တယ်ဆိုတာ အဲဒါပဲ။ ရိုးရိုးလေးပါ။” လို့ မင်းတပ်က ဆလိုင်းတူးမီးက ပြောပါတယ်။

ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဂျွန်ကတော့ “ငါတို့က လက်နက်ကိုင်ပြီး တော်လှန်ချင်လို့ ထချတာမဟုတ်ဘူး။ ငါတို့ကို သူတို့က သတ်ဖြတ်လာလို့ ခုခံကာကွယ်ရတာ။ ကိုယ့်ညီနောင်တွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို သူတို့က သတ်ဖြတ်တယ်။ အဲဒါတွေကို ငါတို့မှတ်တမ်းတင်ထားတယ်” လို့ ဆိုပါတယ်။

ဆလိုင်းတူးမီးက “ကျွန်တော်တို့ချင်းတွေရဲ့ လက်သုံးစကားက ဘယ်သူ့ကိုမှလည်း အနိုင်မကျင့်နဲ့။ ကိုယ့်ကိုအနိုင်ကျင့်လာရင်လည်း မခံနဲ့ဆိုတဲ့စကားပဲ။ အခု ကျွန်တော်တို့က ပြန်တိုက်တယ်ဆိုတာ ကိုယ့်ကို အနိုင်ကျင့်လာလို့ ပြန်ချရတာပဲ။”

အမျိုးကိုထိရင်မချိအောင်နာတတ်တဲ့အမျိုးသားရေးစိတ်

ဓာတ်ပုံ ရင်းမြစ်, Chin World

ဓာတ်ပုံ ပုံစာ,

မင်းတပ်မြို့က တိုက်ပွဲခေါ်လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှု

“ကျွန်တော်တို့မှာ မျိုးနွယ်စုဆက်ဆံရေးရှိတယ်။ ကိုယ့်အမျိုးထဲက တယောက် အသတ်ခံရတယ်ဆိုရင် သူ့အမျိုးထဲက တန်ဖိုးအထားဆုံး၊ ပညာအတတ်ဆုံး၊ လူချစ်လူခင်အများဆုံး၊ အအောင်မြင်ဆုံးဆိုတဲ့တယောက်ကို ပြန်ကလဲ့စားချေ သတ်တတ်တယ်။ အဲသလို အလေ့အထရှိတယ်။ ကိုယ့်ဆွေမျိုးထဲက တယောက်ကို စော်ကားရင် ဆွေမျိုးစုတခုလုံးကို စော်ကားတယ်လို့ သဘောထားတယ်။ ကိုယ့်ဆွေမျိုးထဲက တယောက်ကို သတ်ရင် ကိုယ့်ဆွေမျိုးစုတခုလုံးကို ရန်စတယ်လို့ သဘောထားတယ်။ ကျွန်တော်တို့ချင်းတွေက ဗမာတွေကိုဆိုရင် တိုင်းတပါးသားလို့ မြင်တတ်တယ်ဗျ။ အဲဒီတော့ တိုင်းတပါးသားတွေက ကိုယ့်လူမျိုးကို လာသတ်တယ်လို့ မြင်ပြီး အားလုံးက ပြန်တိုက်တယ်။ အဲဒီသဘောပဲ။”

“တကယ်ဆိုတော့ ကျွန်တော်တို့ပီဒီအက်ဖ်အဖွဲ့ဝင်က သိပ်များများရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ ဗမာစစ်သားတွေက ချင်းတွေကို ပစ်နေပြီဆိုတော့ ရွာတွေကလူတွေက အားလုံးကိုယ့်တူးမီးကိုယ် ကိုင်ပြီး တက်လာကြတယ်။ ကိုယ့်ယမ်းထုပ်နဲ့ကိုယ်၊ ကိုယ့်ခဲသီးနဲ့ကိုယ်၊ ကိုယ့်ရိက္ခာနဲ့ကိုယ် တက်လာကြတယ်။ ဒါတွေက သူတို့အမဲလိုက်ရင် ယူနေကျ၊ ပြင်ဆင်နေကျ၊ ဘာမှ အထူးစီစဥ်နေရတာ မဟုတ်ဘူး။ ပြီးတော့ သူတို့ကို လာကြပါ၊ တိုက်လှည့်ကြပါ၊ ဝိုင်းကူကြပါလို့ ဘယ်သူကမှ ဘာမှ ပြောနေရတာ မဟုတ်ဘူး။ ငါတို့လူမျိုးတွေကိုတော့ သတ်ကုန်ပြီဟေ့ဆိုပြီး အကုန်လုံး ကိုယ့်သဘောနဲ့ကိုယ် တက်လာကြတာ။ အားလုံးက မထင်မှတ်လောက်အောင် အင်အားကများတယ်။ အင်အား ထောင်နဲ့ချီရှိနိုင်တယ်။”

သတ္တိနဲ့ဂုဏ်သိက္ခာ

“လူငယ်တွေကအစ ရှေ့တန်းဘယ်သူတက်တိုက်မလဲဆို တိုက်မဲ့သူတွေချည်းပဲ။ နောက်မှာ ကင်းပုန်းမနေချင်ဘူး။ နောက်တန်းမှာ ကင်းပုန်းချန်နေခဲ့တဲ့လူဆိုရင် ငကြောက်ပေါ့လေ။ သတ္တိမရှိတဲ့ကောင်လို့ အထင်ခံရမှာစိုးတယ်။ နောက်တန်းမှာ ကင်းပုန်းချန်နေခိုင်းရင် ငါ့ကို သတ္တိမရှိတဲ့ကောင်လို့ နှိမ်ပြောတာပဲလို့ ထင်ကြတယ်။”

“ပြီးတော့ ကျွန်တော်တို့က ဂုဏ်သိက္ခာကို သိပ်တန်ဖိုးထားတယ်။ ညဘက်ခေါင်ရည်မူးပြီး လူတယောက်ကို ထိုးကြိတ်သတ်ပုတ် လွှတ်လိုက်တယ်ဆိုပါတော့။ နောက်တနေ့မှာ မြားတစင်း သို့မဟုတ် ဓားတချောင်းလာပေးပြီး တောင်းပန်မှ ကျေအေးတယ်။ အဓိပ္ပာယ်ကတော့ နောက်တခါ ဒါမျိုးထပ်မလုပ်ပါဘူး။ ထပ်လုပ်ရင် အဲဒီမြားနဲ့ငါ့ကို သတ်ပါ။ အဲဒီဓားနဲ့ ငါ့ကို သတ်ပါဆိုတဲ့ သဘောပဲ။”

မင်းတပ်ဘက်က ထုံးတမ်းစဥ်လာကို ဆလိုင်းတူးမီးကရှင်းပြတာပါ။

ဗန်ထန်သုမ်းကလည်း သူတို့ ဟားခါးဘက်က ရိုးရာအစဉ်အလာကိုပြောပါတယ်။

“ငါတို့ဟားခါးဘက်မှာဆိုရင် ပွဲတွေလုပ်တဲ့အခါ သူရဲကောင်းတွေကို သပ်သပ် ထိုင်ခုံနဲ့ ထားတယ်။ အစားအသောက် သပ်သပ် ကျွေးမွေးတယ်။ အဲသလောက် သူရဲကောင်း ဖြစ်ဖို့ဆိုရင် အချက်အလက်ပြည့်စုံရတယ်။ ရွာကလူတွေကို စားပွဲသောက်ပွဲတွေနဲ့ ကျွေးမွေးဖူးရတယ်။ ကျားသတ်ဖူးရတယ်။ သိန်းငှက် သတ်ဖူးရတယ်။ လူသတ်ဖူးရတယ်။ ကိုယ့်ရန်သူဖြစ်ဖြစ်၊ မိသားစုရန်သူဖြစ်ဖြစ်၊ ရွာရဲ့ရန်သူဖြစ်ဖြစ်ပေါ့။ အရင်တုန်းကတော့ ရွာတွေကလည်း တရွာနဲ့တရွာနဲ့ တိုက်ခိုက်တတ်ကြတော့ လူသတ်ဖူးတဲ့သူမှ ဂုဏ်ရှိတယ်လို့ သတ်မှတ်ကြတယ်။ အခုတော့ အဲဒါမျိုးတွေ သိပ်မရှိတော့ဘူး” လို့ဗန်ထန်သုမ်းက သူတို့မြောက်ပိုင်းချင်းပြည်နယ်ဘက်က ဓလေ့ကို ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CHRO

ဓာတ်ပုံ ပုံစာ,

စစ်ကောင်စီတပ်မတော်ရဲ့ လုံခြုံရေးတပ်ဖွဲ့

သွေးကြွေးကိုသွေးကြွေးနဲ့ လက်နက်ကို လက်နက်နဲ့

ဆလိုင်းတူးမီးကတော့ မင်းတပ်မှာ လက်နက်ကိုင် အန်တုတော်လှန်တဲ့အဆင့်အထိ ရောက်သွားရတာဟာ ချင်းတွေရဲ့ မျက်လုံးတစ်လုံးကို တစ်လုံးချင်းတုံ့ပြန်တတ်တဲ့ ဓလေ့စရိုက်နဲ့ ဆက်စပ်နေကြောင်းရှင်းပြပါတယ်။

“ကျွန်တော်တို့ဓလေ့က သွေးကြွေးကို သွေးကြွေးနဲ့ရှင်းတယ်။ လက်နက်ကို လက်နက်နဲ့ဖြေရှင်းတယ်။ ကိုယ့်အမျိုးအနွယ်ကိုစော်ကားရင် ကလဲ့စားချေတယ်။ တခြားရွေးစရာမရှိဘူး။ တောထဲတောင်ထဲမှာ မုဆိုးပုံစံနဲ့ ကြီးပြင်းတဲ့လူတွေဆိုတော့ ပစ်မယ်ဆိုလာထား၊ တိုက်မယ်ဆိုလာထား၊ အဆင်သင့်ပဲ။”

“ချင်းစကားပုံကိုက ဒီမြေကြီးကို စားရတယ်။ ဒီရေကိုသောက်ရတယ်ဆိုတာ ရှိတာကိုး။ ဗမာကို လူမျိုးခြား၊ တိုင်းတပါးသားလို့ပဲ သဘောထားတယ်။ တိုင်းတပါးသားက လာပြီး အနိုင်ကျင့်တယ်ဆိုတာ မခံနိုင်ဘူး။ ဘာမှ သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိဘူး။ ယူနီဖောင်းဝတ်ထားတဲ့လူဆို အကုန်ပစ်တာပဲ။ အဲဒီတော့ ရဲသားတို့ စစ်သားတို့ဟာ ကိုယ့်ခြံစည်းရိုးအပြင်ထွက်လိုက်ပြီဆိုတာနဲ့ မျက်လုံးပေါင်း တစ်ထောင်က ချောင်းကြည့်နေတယ်။ သေနတ်ပေါင်း အလက်တစ်ထောင်နဲ့ ချိန်ထားတယ်၊ အချိန်မရွေးသေသွားနိုင်တယ်လို့ ခံစားနေရတယ်။ ဘယ်လိုမှ နောက်ကျောမလုံဘူး။ အဲသလို သေချာပေါက်ခံစားနေကြရတယ်။”

“စစ်သားတွေဘက်က စက်သေနတ်တွေ၊ အာပီဂျီတွေ၊ ဟောင်ဝစ်ဇာတွေပါပေမဲ့ သတ္တိကျတော့ ကွာတယ်။ သူတို့က သတ္တိမရှိဘူး။ တကယ်တော့ ကျွန်တော်တို့ တူးမီးက ကိုက် ၁၀၀ လောက်ပဲ ရောက်တာ။ သူတို့က ကိုက် ၂၀၀ လောက်အကွာကနေပြီး လက်နက်ကြီးတွေနဲ့ပဲ ပစ်တယ်။ အနားအကပ်မခံဘူး။ အဲဒါကိုကျွန်တော်တို့ချင်းတွေက အနားရောက်အောင် မရမကတွားသွား၊ တိုးသွားပြီး ပစ်တာ။ မုဆိုးချောင်းချောင်းပြီး အနားရောက်အောင် သွားပစ်တာ။ ပြီးတော့ စစ်ကောင်စီဘက်က စစ်သားတွေက တိုက်ရည်ခိုက်ရည်ကလည်း တော်တော်ကျလာပြီ။ သူတို့က ကြောက်လည်း ကြောက်နေကြတာ။ အကုန်မွှေ့ယမ်းပြီးသာ ပစ်နေတာ ဘယ်သူ့မှမမှန်ဘူး။ ကျွန်တော်တို့ဘက်မှာ သေနတ်နဲ့တည့်တည့်မှန်လို့ ကျဆုံးတာ တယောက်ပဲရှိတယ်။ ကျန်တဲ့အကျအဆုံးတွေက လက်နက်ကြီးကျည်ဆန်တွေကြောင့်ကျဆုံးရတာ။ ကျွန်တော်တို့က တူးမီးဆိုတော့ တခါယမ်းထိုးရင် ၅ မိနစ်လောက်ကြာတယ်။ အဲဒီတော့ တစ်တောင့်ဆိုတစ်တောင့် ထိရောက်အောင် ပစ်တယ်။ စရိတ်ကျည်တွေလို သုံးလေးလုံးထွက်တာဆိုတော့ လက်သိပ်မဖြောင့်ရင်တောင် သိပ်မလွဲဘူး။ လက်ဖြောင့်တဲ့လူဆိုရင်တော့ ခဲလုံးကြီးကြီးကို ၁ လုံး ၂ လုံးလောက်ပဲထည့်တယ်။ အဲဒါဆိုရင်တော့ ဂျီသရီး၊ဂျီဖိုးတို့ထက်တောင် ပြင်းတယ်။ ဝက်ဝံတို့၊ ကျားတို့တောင် ပစ်လို့ သေတယ်။”

မုဆိုးခြေထောက်၊ မုဆိုးပြောက်ကျား

“ပြီးတော့ တောင်စောင်းတွေမှာ ကျွန်တော်တို့ပြေးသလို သူတို့ကမပြေးတတ်ဘူး။ ကျွန်တော်တို့က တောင်ဆိတ်တပိုင်းလိုဖြစ်နေတာ။ တောင်စောင်းပေါ်မှာ ပြေးတတ်တယ်။ ခြေကုတ်မြဲတယ်။ ကျွန်တော်တို့ခြေထောက်တွေက မုဆိုးခြေထောက်ဆိုတော့ အမြဲတမ်း ကုတ်မြဲအောင် ကျင့်ထားတယ်။ ကျွန်တော်တို့ ခြေထောက်တွေက ခြေကုတ်မြဲအောင် ခြေထောက်ကို အမြဲကားထားတော့ ခြေသန်းကနေ ခြေမအထိ ခြေချောင်းတွေဟာ ကားနေတယ်။ ကျွန်တော်တို့ခြေဖဝါးက ဗြက်ကြီးတယ်။ ရန်ကုန်၊ မန္တလေးကို ရောက်လို့ ကျွန်တော်တို့ ဖိနပ်ဝယ်ရင် ဒုက္ခရောက်တယ်။ ကျွန်တော်တို့ ခြေထောက်က ဗြက်ကြီးတော့ ခြေထောက်က ဘေးထွက်နေတယ်။ ရန်ကုန်မန္တလေးက ဖိနပ်တွေက ဗြက်သေးကြတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့က မုဆိုးဆိုတော့ ဆူးစူးမှာတို့ ဘာတို့လည်း မကြောက်ပါဘူး။”

မုဆိုးတွေရဲ့ ပြောက်ကျားတိုက်ခိုက်ပုံကို တချို့နယ်တွေမှာ မုဆိုးပြောက်ကျားလို့လည်း ခေါ် တတ်ကြပါတယ်။ သူတို့ဟာ မုဆိုးအလေ့အကျင့်ရှိတဲ့သူတွေဖြစ်တဲ့အတွက် ပြေးနေတဲ့သားကောင်ကိုလည်း ပစ်တတ်ပါတယ်။ ပြေးလမ်းကို ခန့်မှန်းပြီးရှေ့ကနေလည်း ကြိုပစ်တတ်ပါတယ်။ ပြေးနေတဲ့သားကောင်ကို ပစ်တတ်သလို သူတို့ကိုယ်တိုင် ပြေးနေရင်းနဲ့လည်း ပစ်ခတ်တတ်ကြပါတယ်။

ညီညွတ်ခြင်းသည်အင်အား

အမျိုးသားရေးစိတ်ရှိတာ လူညီတာဟာ အဓိကအားသာချက်လို့လည်း ဆလိုင်းတူးမီးက ဆိုပါတယ်။

“ကျွန်တော်တို့ကလူညီတယ်။ ကိုယ့်လူမျိုးကိုထိတော့ အနိုင်ကျင့်စော်ကားတာခံရတော့ အကုန်လုံးဝိုင်းတိုက်ကြတာ။ အားလုံးဝိုင်းတိုက်တဲ့ ဒဏ်ကို သူတို့မခံနိုင်ဘူး။ စောစောက ကျွန်တော်ပြောသလိုပဲ။ တပ်စည်းရိုးထဲက ထွက်လာရင်ကို သူတို့မှာ မျက်လုံးပေါင်းတစ်ထောင်ကစောင့်ကြည့်နေပြီး သေနတ်ပေါင်းတစ်ထောင်နဲ့ ဝိုင်းအချိန်ခံထားရသလို နောက်ကျောမလုံဖြစ်နေတာ။ ရန်ကုန်မှာ အဲသလို လူညီရင် သေချာပေါက် အနိုင်ရမှာပေါ့ဗျာ။ စဥ်းစားကြည့်ပါ။ ရန်ကုန်မြို့မှာ လူဦးရေ ၇ သန်း ရှိတယ်။ အဲဒီအထဲက လူ ၄ သန်းပဲ စစ်တပ်ကို သွားဝိုင်းကြည့်ပါ။ ခဲနဲ့တယောက်တချက်ပစ်ရင်တောင် စစ်တပ်မခံနိုင်ပါဘူး။ လူညီရင် စစ်တပ်ကို သိမ်းလို့တောင် ရပါတယ်။”

ချင်းလူမျိုးရဲ့ စရိုက်သဘာဝက သူတို့တိုက်ပွဲကို အထောက်အကူပြုနေပါတယ်။ ချင်းလူမျိုးတွေရဲ့ စရိုက်သဘာဝကို နားမလည်ရင် သူတို့ဆီမှာ ဖြစ်နေတဲ့တိုက်ပွဲကို သဘောပေါက်ဖို့ မလွယ်ပါဘူး။

သူတို့ကို လမ်းညွှန်ပြနေတဲ့ တရားက ဘာဆိုတာကိုလည်း ဆလိုင်းတူးမီးက ရိုးရိုးလေးပဲ ပြောဆိုရှင်းလင်းပြသွားပါတယ်။

“ကျွန်တော်တို့ အခုလိုတိုက်နေတယ်ဆိုတာ နိုင်ငံရေးနားလည်လွန်းလို့ ဒီမိုကရေစီ လိုချင်လွန်းလို့ ဖက်ဒရယ်ကို မျှော်လင့်တောင့်တလွန်းလို့ မဟုတ်ဘူး။ ဒေါ်စုကို ချစ်လို့ မဟုတ်ဘူး။ မင်းအောင်လှိုင်ကို မုန်းလို့လည်း မဟုတ်ဘူး။ လက်နက်အားကိုးပြီး အနိုင်ကျင့်တာကို မခံချင်လို့ပဲ။ ဒေါ်စုတက်လာပြီး NUG တက်လာပြီး ဒီပုံစံ ဒီအချိုးချိုးရင်လည်း ကျနော်တို့ ဒီအတိုင်းဆက်တိုက်မှာပဲ။ အဲဒါကျနော်တို့ရဲ့ ဗီဇစိတ် Basic Instinct လို့တောင် ပြောလို့ ရတယ်။”

မေလ ၂၁ ရက်နေ့မှာ ချင်းပြည်နယ်ကလို လှုပ်ရှားမှုမျိုးဟာ ကယားပြည်မှာ လည်း စတင်ဖြစ်ပေါ်လာတာတွေ့ရပါတယ်။ ၂၁ အရေးတော်ပုံဟာ အရှိန်ကျသွားပြီ၊ ပြီးကာနီးပြီလို့ ထင်ကြသူတွေ တချို့ရှိသလို၊ အခုမှ အစပဲရှိသေးတယ်လို့ ထင်နေကြသူတွေလည်း မနည်းမနောဖြစ်ပါတယ်။