ကိုဗစ် - မန္တလေးမှာ နေအိမ်မှာ သေဆုံးတဲ့ ကိုဗစ်အလောင်းတွေ သင်္ဂြိုဟ်ဖို့ ဘယ်လိုအခက်တွေ့နေရလဲ

အလောင်းသယ်လာစဥ်

ဓာတ်ပုံ ရင်းမြစ်, ပရဟိတမင်းခေါင်အဖွဲ့

မန္တလေးမြို့မှာ နေအိမ်အတွင်း ကိုဗစ်-၁၉ လက္ခဏာနဲ့ သေဆုံးတဲ့ အလောင်းတွေဆိုရင် သင်္ဂြိုဟ်နိုင်ဖို့ အခက်ခဲတွေရှိနေတယ်လို့ ပရဟိတ လူမှုကူညီ ကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

" သေဆုံးကြောင်း ထောက်ခံချက်လုပ်လို့ရှိရင် အဓိက ဆရာဝန်လက်မှတ်ပေါ့။ အဲ့ဒီအခက်ခဲက တော်တော်ကြီးတယ်။ အိမ်တွေမှာသေတာဆိုတော့။ တခါတလေ ထွေအုပ်တွေ ဖုန်းပိတ်ထားတာ၊ ရုံးတွေ မဖွင့်တာဆိုရင် တိုင်ပတ်ပြီ။ ဆေးရုံမှာ သေတာက လွယ်တယ်လေ။ သေဆုံးကြောင်းလက်မှတ်နဲ့ ရှို့လက်မှတ်ထုတ်ပေးရင် ပြီးပြီ "လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေး ဉက္ကဌ ဦးခင်မောင်တင့်က ပြောပါတယ်။

နေအိမ်မှာနေထိုင်ရင်း ကိုဗစ်-၁၉ ရောဂါ လက္ခဏာနဲ့ သေဆုံးပါက ရုပ်အလောင်းကို သင်္ဂြိုဟ် ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဆရာဝန်ထောက်ခံစာ၊ ပရဟိတ အသင်းထောက်ခံစာ သုံးခုလုံး ပါရှိမှ သုဿာန်တွေမှာ သင်္ဂြိုဟ်နိုင်တာ ဖြစ်ပါတယ်။

လက်ရှိနေအိမ်မှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူအများစုက အောက်ဆီဂျင်ပြတ်တာကြောင့်ဖြစ်ပါတယ်။

အပြင်မှာ အောက်ဆီဂျင်ရရှိမှု ခက်ခဲတာကြောင့် တချို့လူနာတွေဟာ ဆေးရုံကြီးမှာ တက်ရောက်ဖို့ သွားရောက်ပေမယ့် ဆေးရုံတက်ခွင့်မရတာလည်း တွေ့ကြုံရတယ်လို့ လူနာရှင်ဒေသခံတချို့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပရဟိတမင်းခေါင်

အမည်မဖော်လိုတဲ့ လူမှုကူညီ ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက "အပြင်မှာ စစ်ပြီးသွားလို့ ဆေးရုံရောက်ရင် positive ထွက်တယ်လို့ သွားပြောလိုက်ရင် ဆေးရုံတက်ဖို့ အခွင့်ရေးဆုံးရှုံးသွားပြီ။ ဘယ်မှာစစ်တာလဲ။ အပြင်မှာစစ်လို့ ပိုးတွေ့တာဆို ဟုတ်ပြီဆိုပြီး ဘီပီတိုင်း အောက်ဆီမီတာချိတ်ပြီး ဟုတ်ပြီရတယ်၊ အိမ်ပြန်လိုက်တော့ဆိုပြီး ပြန်လွှတ်တာများတယ်။ ဒီအတိုင်း ဆေးရုံသွားပြီး စာအုပ်လုပ်၊ ပိုးစစ်ရင်တာ့ positive တွေ့တဲ့အခါ ဆေးရုံ တက်လို့ရကြတယ်"လို့ တွေ့ရကြုံခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။

မန္တလေးမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးတဲ့ လူနာတွေ ဇူလိုင်လဆန်းကစပြီး များလာလို့ သုသာန်နှစ်ခုမှာ ရုပ်အလောင်းတွေခွဲပြီး သင်္ဂြိုဟ်ပေးနေရပါတယ်။

ကိုဗစ်နဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေအတွက် သင်္ဂြိုဟ်တဲ့နေရာမှာလဲ နေ့အလိုက်ပြီးစီးအောင် သင်္ဂြိုဟ်ပေးဖို့ အခက်ခဲတွေ ရှိနေပါတယ်။

"အရင်ရက်တွေက အလောင်းတွေများလို့ ၂၄နာရီ ရှို့ခွင့်ပေးထားတယ်။ အဲ့ချိန် ရှို့စက်မှာ လူအင်အားနည်းပြီ။ ၂၄နာရီ ရှို့ခွင့်ပေးရင် သင်္ဂြိုဟ်စက်ကလူတွေ အချိန်ပိုင်းနဲ့ လူအင်အားတိုးဖို့ စည်ပင်သန့်ရှင်းရေးဌာနတော့ တင်ပြထားပါတယ် "လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေး ဉက္ကဌ ဦးခင်မောင်တင့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပရဟိတမင်းခေါင်

ဇူလိုင် ၂၃ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ အနည်းဆုံး ၃၀ကို သုသာန်ပို့ သင်္ဂြိုဟ်ပေးရတယ်လို့ ပရဟိတလူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

ကိုဗစ် ကူးစက်မှုတွေ တိုးလာပြီး ဆေးရုံတက်ဖို့လည်း အခက်အခဲ ရှိတာကြောင့် အိမ်မှာပဲ ကိုဗစ်ရောဂါ ကုသဖို့ ဆေးနဲ့ အောက်ဆီဂျင် စတာတွေကို လူနာရှင်တွေက ကိုယ်တိုင်ရှာဖွေနေကြရပါတယ်။

ဒါကြောင့် မန္တလေးမြို့မှာ ဇူလိုင် လဆန်းကစပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ ဆေးနဲ့ဆေးပစ္စည်းတချို့ အနည်းဆုံး ဈေးနှုန်း သုံးဆကနေ ခြောက်ဆလောက်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

ဆေးပစ္စည်းရောင်းချတဲ့ ဆိုင်တချို့ကတော့ ပစ္စည်းပြတ်လပ်တာနဲ့ ပြည်ပကနေ ဆေးပစ္စည်း ဝင်ရောက်မှု မရှိတာတွေကြောင့် ဈေးတက် ရောင်းချရတာဖြစ်တယ်လို့ ပြောပါတယ်။