မင်းတပ်က တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ

အကျအဆုံးများနဲ့ စစ်ကောင်စီတပ်တွေ မင်းတပ်မှာ ညှိနှိုင်းဆွေးနွေးမှု ပြန်စတော့မလား

ဓာတ်ပုံ ရင်းမြစ်, မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့

ဓာတ်ပုံ ပုံစာ,

အကျအဆုံးများနဲ့ စစ်ကောင်စီတပ်တွေ မင်းတပ်မှာ ညှိနှိုင်းဆွေးနွေးမှု ပြန်စတော့မလား

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီ တပ်တွေဘက်က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ ကျဆုံးမှုတွေ ရှိလာပါတယ်။

တချိန်တည်းမှာ မင်းတပ်မြို့ ၇၆မိုင်မှာ ဇူလိုင် ၃၀ရက် မွန်းလွဲပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံး အခြေအနေကို မင်းတပ် CDF အဖွဲ့၀င် တယောက်ကို ဘီဘီစီက မေးမြန်းထားပါတယ်။

မင်းတပ် CDF ။ စစ်ကောင်စီ တပ်တွေက ဇူလိုင် ၁၉ရက် ၀န်းကျင်မှာ ဆင်းလာတယ် ၊ ဇူလိုင် ၂၄ မှာ တကြိမ် ဇူလိုင် ၂၉ မှာ တကြိမ် တိုက်ပွဲ ဖြစ်ပြီးတော့ စစ်ကောင်စီတပ် ၃၀၄ က တောထဲ ရှောင်သွားတယ် ။ အဲဒါကို လိုက်ရှာနေတာ ။ အဲဒီ အနီးတဝိုက်အပြင် တခြား ရွာတွေနဲ့ ၊ အဲဒီနဲ့ ဝေးရာ ကျွံနန်းကျန် အပြင် ဝေးလောင်ဘက်တွေပါ လိုက်ရှာနေတာ ။ နောက်ပိုင်းကျမှ သူတို့ တပ်တွေက အဲ့ဘက်ကို ပြန်တက်လာပြီး မတူပီ ကို ပြန်ချင်တာ ၊ ရှေ့တိုးရင်လည်း မင်းတပ် CDF နောက်လှည့်ပြန်ရင်လည်း မတူပီ CDF/CNF ရှိတာပေါ့လေ ၊ မိုင် ၆၀ - ၇၀ ဆိုရင်တော့ မတူပီနဲ့ နီးတော့ မတူပီကို ပြန်ချင်တာနေမှာ ၊ မိခင်တပ်ရင်းကလည်း မတူပီ ဖြစ်နေတာကိုး ၊ အဲလိုကျတော့ ဟိုဘက်ကလဲ စောင့်နေ ဒီဘက်ကလည်း စောင့်နေရင်း မိုင် ၇၀ မှာ သူတို့အပြန်နဲ့ တွေ့ကြတာ ၊ အဲဒါကြောင့် ဇူလိုင် ၂၉ရက်ညက တိုက်ပွဲ ဖြစ်တာပါ။

ဘီဘီစီ ။ စစ်ကောင်စီ ဘက်က လူအင်အား၊ လက်နက် အင်အား ဘယ်လို အခြေအနေ ရှိလဲ ။

မင်းတပ် CDF ။ သူတို့( စစ်ကောင်စီ) ဘက်က အင်အားနည်းပါးလာတဲ့ သဘောမှာ ရှိတယ် ၊ သူတို့က ဇူလိုင် ၁၉ - ၂၀ လောက်က ထွက်လာတာ ၊ တောင်ပေါ်ဒေသ ဖြစ်လို့ လမ်းတွေ ပြို ၊ တောင်တွေ ပြိုနေချိန်မှာ ကားနဲ့ သွားလို့ မရတော့ ခြေကျင် ဆက်ထွက်လာရာမှာ အင်အားက အယောက် ၆၀ လောက် ရှိတယ် ၊ မိုင် ၅၀ - ၆၀ လောက် အကွာ ရွံ့မနူးရွာ နားမှာ တိုက်ပွဲ ဖြစ်ကြတယ် ၊ အဲဒီနား တဝိုက်က ခြေကျင်ပဲ သွားလို့ရ ၊ လွန်ခဲ့တဲ့ ၃-၄ ရက် ကတည်းက ခြေကျင် သွားနေရတာ ဆိုတော့ သူတို့ တပ်ရင်းက တော်တော်လေး ပန်းနေရော့မယ် ထင်တယ်။ အဲလို လှည့်သွားနေရင်းမှာ သုံးတဲ့ လက်နက်တွေက ၄၀ မမ နဲ့ RPG တွေဘဲ ။ မင်းတပ် CDF နဲ့ မတူပီ CDF က လိုက်လံ ရှင်းလင်းရေး လုပ်တဲ့ သဘောပါ ။ ဟိုဘက်က ရှောင်သွားတဲ့ သဘောမှာ ရှိပါတယ်။

ဘီဘီစီ ။ အဲဒီလမ်းက မိုင်အရှည် ဘယ်လောက် ရှိလို့လဲ ။

မင်းတပ် CDF ။ မင်းတပ်ကနေဆို ၇၆ မိုင် ၊ မတူပီ ကနေ ၂၄ မိုင် အကွာမှာ တော်တော်လေး ခေါင်တာ ၊ တောနက်ပိုင်းကျတယ် ။ အမြင့်ပေ ကတော့ ခြောက်ထောင်ကျော် ခုနစ်ထောင် လောက် ရှိမယ်ထင်တယ် ။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

မေလအတွင်း မင်းတပ်မြို့ကနေ အလံဖြူထောင်ပြီး ထွက်ခွာသွားကြသူမြို့သူမြို့သား အချို့

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဘီဘီစီ ။ အခုလို အခြေအနေမှာ စစ်ကောင်စီဘက်က ညှိနှိုင်းတာတွေ ရှိလာနိုင်မလား ။

မင်းတပ် CDF ။ ညှိနှိုင်းလို့ ရတာလည်း ညှိနှိုင်းတာပေါ့ ၊ အပေးအယူ အနေနဲ့ကလည်း အဓိက ပြည်သူတွေ ထိခိုက်နစ်နာမှု များလာမယ် ဆိုရင် အပစ်ရပ်တာမျိုး ဖြစ်လာနိုင်တာပဲ ။

ဘီဘီစီ ။ အရင်တခါ တုန်းက တဖက်နဲ့ တဖက် စကားပြော ညှိနှိုင်းတာ တော်တော် အချိန်ယူခဲ့ရတယ်နော်၊ ဒီတခါ ရာနှုန်း တော်တော်များများ လိုက်လျောတာမျိုး ရှိလာနိုင်မလား ။

မင်းတပ် CDF ။ အဲဒီတုန်းက အချိန်နည်းနည်းကြာသွားတယ် ဆိုတာက သူတို့ဘက်ကလည်း မဖြစ် ၊ ကိုယ့်ဘက်ကလည်း မဖြစ်နဲ့ ။ CDF မင်းတပ်ဘက်ကတော့ အမြဲ ကတိတည်ပါတယ် ။ ယုံကြည်မှု တည်ဆောက်ပြီးမှ သူတို့ဘက်က စစ်ကြောင်း မဆင်းရတဲ့ နေရာကို ဆင်းတာမျိုး ၊ မဖမ်းဘူးလို့ ကတိပေးပြီးမှ ဖမ်းဆီး ခဲ့တာမျိုးတွေကြောင့် ကြာသွားခဲ့ရတာပါ ။

ကြီးကြီးမားမား ချိုးဖောက်မှုတော့ မရှိပါဘူး ၊ ၁၀ ရက် ဒါမှမဟုတ် ၇ရက် အပစ်ရပ်ကနေ နည်းနည်းလေး ရေရှည် လုပ်ကြမယ် ဆိုပြီး ဆွေးနွေးတဲ့ အခါ အပစ်အခတ် ရပ်တာမျိုး မဟုတ်ဘဲ အပေးအယူ ပုံစံ ဖြစ်လာပြန်ရော။ အဲဒီအခါ CDF လုံးဝ လက်မခံနိုင်တဲ့ အပေးအယူမျိုး လုပ်တော့ ကျွန်တော်တို့ဘက်က လုံး၀ လက်မခံတာနဲ့ တိုက်ပွဲ ပြန်ဖြစ်တာ။ သူတို့က ထိုးစစ် ပြန်ဆင်တဲ့ အတွက် တိုက်ပွဲ ပြန်ဖြစ်လာရတာပါ။

ဓာတ်ပုံ ရင်းမြစ်, CDF

ဓာတ်ပုံ ပုံစာ,

မုတ်သုံမိုးနဲ့လေပြင်းကြောင့် တောထဲပုန်းရှောင်နေသူတွေ ဒုက္ခပိုရောက်ခဲ့ကြရ

နောက်ဆုံး မြေပြင် အခြေအနေ

ဇူလိုင် ၂၇ ရက် နေ့မှာ မကွီအိမ်နူးစခန်းကို ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း ကန်ပက်လက်မြို့နယ်ထဲကနေ ချီတက်လာခဲ့ရာမှာ မင်းတပ်နှင့် ကန်ပက်လက်နယ်စပ်နားက ခါနန်းရွာမှာ ချီတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို CDF-Mindat၊ CDF-Kanpetlet ပူးပေါင်းတပ်တို့က ဆီးကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေ အကျအဆုံး အတော်များများနဲ့ ပြန်ဆုတ်သွားခဲ့ရတဲ့အပြင် စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးကျဆုံး၊ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး CDF ဘက်ကတော့ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေး သတင်း အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၉ တုန်းကလည်း မင်းတပ်-မတူပီလမ်း ၇၄ မိုင်မှာ CDF-Mindat၊ CNF, CDF-Matupi နဲ့ ဇူလိုင်လ၂၄ ရက်နေ့ ကတော့ ရှစ်ဝါနူး တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲဟာ ညနေ ၇ နာရီဝန်းကျင်ကစပြီး ည ၁၂ နာရီကျော်အထိ ဖြစ်ပွားခဲ့တယ်၊ CDF-Matupi က ၃ ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

ဒီသေဆုံး ဒဏ်ရာရရှိမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်မှု မရှိသလို ဘီဘီစီက သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။