မန္တလေးမှာ ဇူလိုင်လအတွင်း တစ်ရက် ပျမ်းမျှ လူ ၅၀ ခန့် ကိုဗစ် လက္ခဏာနဲ့သေဆုံးကြောင်း နာရေးကူညီသူတွေပြော

no tag

ဓာတ်ပုံ ရင်းမြစ်, ပရဟိတ မင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့

မန္တလေးမြို့မှာ ဇူလိုင်တစ်လလုံး ကိုဗစ်-၁၉ရောဂါ လက္ခဏာနဲ့ သေဆုံးသူတွေဟာ တစ်ရက်ကို ပျှမ်းမျှ အနည်းဆုံး အယောက် ၅၀ရှိတယ်လို့ ပရဟိတ လူမှုကူညီကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

" တစ်လအတွင်း အနည်းဆုံး ခုနှစ်ရာရှိတယ်။ အပြင်ကရော ဆေးရုံကပါ ပို့ပေးရတာ။ ဒါတောင် ဦးတို့ တစ်ဖွဲ့တည်းပါ။ ကျန်တဲ့အသင်းမပါဘူး။ လကုန်ခါနီးရက်တွေက တစ်ရက်ကို တစ်ရာကျော်ကြီးပဲ"လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေကို နေ့စဉ်သုသာန်ပို့ သင်္ဂြိုဟ် ပေးရတဲ့ အကြောင်းကို ပြောပါတယ်။

ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့ ဦးဆောင်သူတစ်ဦးက "တစ်လ ခြောက်ရာလောက်ရှိမယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်း သင်္ဂြိုဟ် ပေးတာကိုးက အဲ့လောက်ရှိတယ်။ ကားတွေလည်း မလောက်ဖူးဖြစ်နေတာ။ တစ်စီးကို သုံးလေးငါးလောင်း ထပ်တင် ပို့နေရတာ။ ကားအင်အားနဲ့ လုပ်ရတဲ့ လုပ်ငန်းစဉ်က မမျှဘူးလေ။ အဲ့လိုဖြစ်နေတာ"လို့ နေ့စဉ် ကိုဗစ်နဲ့သေဆုံးသူတွေကို သုသာန်ပို့ဆောင်ပေးရတဲ့ အခက်ခဲကို ပြောပြပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်-၁၉ရောဂါ လက္ခဏာရှိသူတွေကို ပြည်သူ့ဆေးရုံကြီး၊ တိုင်းရင်းဆေးရုံ၊ ဇီဝိတ သံဃာဆေးရုံ၊ အလုပ်သမားဆေးရုံ၊ အရိုးဆေးရုံအပါဝင် အခုအခါမှာ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းမှာလည်း ကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပရဟိတ မင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့

ဒါပေမဲ့ ကိုဗစ်-၁၉ လက္ခဏာခံစားရသူ လူနာတချို့လည်း ဆေးရုံတက်ခွင့် မရတာတွေ ရှိလို့ နေအိမ်မှာ နေရင်း ကိုဗစ်ရောဂါကို ကုသနေကြရပါတယ်။

ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် လိုအပ်ချက်၊ ဆေးဝါးလိုအပ်ချက်တွေ ရှိလို့ သေဆုံးသူအများစုဟာ နေအိမ်မှာ နေထိုင်သူတွေဖြစ်တယ်လို့ ပရဟိတအသင်းတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဖို့ ပရဟိတအသင်းအများစုက လေအိုးအသေးတွေကို အခမဲ့ ဖြည့်ပေးတာတွေ ပြုလုပ်ပေးကြပါတယ်။ အဲ့လိုပြန်ဝေမျှနိုင်ဖို့ အောက်ဆီဂျင်စက်ရုံ သုံးခုမှာ ညအိပ် တန်းစီစောင့်ရတာ အသင်းတစ်သင်းအတွက် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ငါးလုံးသာဖြည့်ခွင့် ရတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေကနေ သိရပါတယ်။

"အဓိက ပြဿနာက အောက်ဆီဂျင်ပဲ။ အိုးကြီးရှိတဲ့သူတွေ ပိုဒုက္ခရောက်တယ်။ ရှာမရတာနဲ့ သေကုန်ကြတာ" လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

မန္တလေးခရိုင်က မြို့နယ် ၇ မြို့နယ်ကို နေအိမ်မှာပဲနေဖို့ အမိန့်ထုတ်ထား

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကျန်းမာရေးနဲ့ အားကစားဝန်ကြီဌာန ကထုတ်ပြန်တဲ့ စာရင်းအရ ဇူလိုင်လ ၂၉ ရက်နေ့ တစ်ရက်တည်းမှာ မန္တလေးတိုင်းအတွင်းမှာ လူ ၈၁၈ ဦး ကူးစက်ခံရပြီး ၇၃ ဦးသေဆုံးခဲ့ပါတယ်။

ကိုဗစ် ရောဂါကြောင့် ဆိုပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တစ်ရက်တည်းသေဆုံးသူ စာရင်းမှာ မန္တလေးမြို့က ရပ်ကွက် တွေဖြစ်တဲ့ မဟာအောင်မြေ ၊ ချမ်း‌‌အေးသာစံ၊ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး စတဲ့ရပ်ကွက်တွေက ၂၀ ဦးခန့်ပါဝင်နေတာ တွေ့ရပါတယ်။

မန္တလေးတိုင်းထဲမှာ ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အခြားမြို့နယ်တွေက တော့ နွားထိုးကြီးမှာ ဇူလိုင်လ ၂၉ ရက်နေ့ တစ်ရက်တည်း ၂၀၀ ကျော်နဲ့ သပိတ်ကျင်းနဲ့ မိထ္ထီလာတို့မှာ တစ်ရက်တည်း ၁၀၀ ကျော် ကူးစက်ခဲ့တာကို စစ်ကောင်စီထုတ်တဲ့ စာရင်းတွေအရ တွေ့ရပါတယ်။

လက်တလော မန္တလေးမြို့မှာ အောက်ဆီဂျင်အိုးကြီး လေဖြည့်ဖို့ စက်ရုံတွေမှာ တန်းစီတဲ့အခါ တိုကင် စနစ်နဲ့ စောင့်ဆိုင်းရပါတယ်။တစ်ရက်ကို တိုကင် တစ်ရာပဲပေးလို့ လူထောင်ချီစောင့်ရတဲ့အတန်းဟာ အလှည့်ကျရောက်ရှိဖို့ ရက်ချီညအိပ်စောင့်ရပါတယ်၊ တိုကင်ပြန်ရောင်းတဲ့ စျေးကွက်လည်း ပေါ်ပေါက်နေတယ်လို့ ဆိုပါတယ်။