အိမ်စောင့်အစိုးရအသွင်ပြောင်းတာဟာ စစ်ကောင်စီ အုပ်စိုးမှုထက် အခွင့်သာမယ်ထင်လို့ ပြောင်းတာလို့ လေ့လာသူတွေ သုံးသပ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၆လပြည့်တဲ့ သြဂုတ်လ ၁ရက်နေ့မှာ ပြီးခဲ့တဲ့ ၆လ အတွင်း အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီ က အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့ ဒု ဥက္ကဋ္ဌ တို့က ၀န်ကြီးချုပ် နဲ့ ဒု ၀န်ကြီးချုပ် တို့ အဖြစ် တာ၀န်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။

ရှေ့ဆက် ဖြစ်လာနိုင်မယ့် အခြေအနေ ၊ အကျိုးဆက် နဲ့ အနာဂတ် အလားအလာတွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, LLin/MPA

ဓာတ်ပုံ ပုံစာ,

စစ်ကောင်စီ အာဏာသိမ်တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ နေပြည်တော်

ဘီဘီစီ ။ အာဏာသိမ်း စစ်တပ်အကြီးအကဲက ၀န်ကြီးချုပ် ရာထူးယူပြီး အိမ်စောင့်အစိုးရဖွဲ့လိုက်တော့ ရှေ့ဆက် ဘယ်လို ဖြစ်လာနိုင်လဲ။

ဦးသန်းစိုးနိုင် ။ အဓိက အကြောင်း ကတော့ စစ်ကောင်စီ တက်လာတုန်းက ရည်မှန်းချက် ၄ ခု ဖော်ပြခဲ့ပါတယ်၊ အဲဒီအထဲမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ် ၊ တစ်နှစ် အတွင်း ကျင်းပမယ် ၊ ဒါပေမဲ့ ရွေးကောက်ပွဲ တစ်နှစ်အတွင်း ကျင်းပပေးဖို့ မလုံလောက်ရင် အလွန်ဆုံး ၂နှစ်လို့ ပြောခဲ့တာပေါ့ ၊ အဲလိုပြောပြီး ၆လ ကြာသွားပြီ ၊ တိုင်းပြည်က ရွေးကောက်ပွဲ ကျင်းပဖို့ နေနေသာသာ တိုင်းပြည်တစ်ပြည် အနေနဲ့ ဆက်လက် ရပ်တည်ဖို့ အခြေအနေဆိုး ဖြစ်လာတဲ့အခါ ဘယ်လိုမှ တစ်နှစ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူး ၊ အချိန်တိုးတဲ့အခါကျတော့ စစ်ကောင်စီ အနေနဲ့ ဆက်သွားဖို့ အကြောင်းချက် မပြည့်ဘူး ဖြစ်နေတယ် ။

စစ်ကောင်စီ အနေနဲ့ အချိန်အကန့်အသတ် မရှိ ဆက်သွားနေရင်လည်း ပိုပြီး ရုပ်ပျက်ဖို့ဘဲ ရှိတာပေါ့၊ အဲဒီအခါ အုပ်ချုပ်ရေး ပုံစံ တစ်ရပ်ပြောင်းဖို့ လိုလာပြီလေ ၊ အဲဒီအခါ ၁၉၅၈ တုန်းက သူတို့ စစ်တပ်က အာဏာလွှဲပြောင်းတယ် ဆိုတဲ့ အာဏာသိမ်းပွဲ ၊ အိမ်စောင့် အစိုးရ ဆိုတာမျိုး လုပ်ခဲ့ ကြတယ် ။ တစ်ခု ရှိတာက အဲဒီတုန်းက ၁၉၅၈တုန်းက တက်လာတာ အချိန် အကန့်အသတ်နဲ့ တက်လာတယ် ၊ အစိုးရ အဖွဲ့ဖွဲ့တယ်၊ ဒါတောင် အချိန် ၆ လ မရလို့ တစ်နှစ်ခွဲ​ကြာခဲ့ဖူးတယ်။

ဒါပေမဲ့ အခုက တည်ငြိမ်တဲ့ အစိုးရ အဖွဲ့တစ်ခုကို ကူးပြောင်းချင်တာ ၊ စစ်ဗိုလ် စစ်သားတွေချည်း ဦးစီးထားတဲ့ စစ်ကောင်စီထက် အစိုးရအဖွဲ့မျိုး ပုံစံမျိုး ကူးပြောင်းပြီး အုပ်ချုပ်ချင်တဲ့ သဘော ရှိတယ်။

စစ်ကောင်စီ ဆိုတဲ့ နာမည်နဲ့ ဆက်သွားဖို့ထက် အစိုးရတစ်ရပ် အနေနဲ့ ပြောင်းလဲ လိုက်တာက ဘာပဲဖြစ်ဖြစ် စစ်ကောင်စီ အနေနဲ့ အချိန်အ ကန့်အသတ် မရှိဆက်ပြီးတော့ ယူသွားနိုင်တဲ့ ၊ အချိန်ဆွဲနိုင်တယ်လို့ ယူဆတဲ့ အတွက်ကြောင့်မို့ ဒီနေ့ အစိုးရ အဖွဲ့ တစ်ရပ်ပုံစံ ကူးပြောင်းလိုက် တယ်လို့ ယူဆပါတယ် ၊ အဲဒါကြောင့်မို့ ပြောင်းလိုက်တာဖြစ်ပြီး ၊ သူတို့ ၂၀၂၁ ကနေ ၂၀၂၂ မှာ ရွေးကောက်ပွဲ ကျင်းပမယ် ပြောထားရာက ၂၀၂၃ ကို ပြောင်းလိုက်တာ ၊ ၂၀၂၃ လည်းလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။အဲဒါ အတွက် အခင်းအကျင်း ပြင်ဆင်တာလို့ ယူဆပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Than Soe Naing

ဓာတ်ပုံ ပုံစာ,

ဦးသန်းစိုးနိုင်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဘီဘီစီ ။စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ဦးသန်းစိုးနိုင် ။ ကျွန်တော် အထင် ၊ အခြေအနေ ကြည့်ရတာ ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကော ၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကော ၊ သူတို့ဘက်က ကြည့်ရင် ဘာမှ ထူးခြားမယ် ၊ ဘာကိုမှ လက်ခံ စဥ်းစားမယ်လို့ ကျွန်တော် အနေနဲ့ မထင်ပါဘူး ၊ဒါဟာ ရေရှည် တိုင်းပြည်ကို စစ်တပ်က အုပ်ချုပ် သွားဖို့ အတွက် ဒါဟာ ၀န်ကြီး အဖွဲ့ ပုံစံ ပြောင်းတယ်လို့ဘဲ သူတို့က ယူဆကြမှာပါဘဲ ။ သူတို့က နဂိုကတည်းက မျှော်လင့်ပြီးသားလေ ၊ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မယ်ဆိုတာဟာလည်း စစ်တပ်လိုလားတဲ့ ရေရှည် အာဏာ ဆုပ်ကိုင်ဖို့ ရည်ရွယ်ပြီး စစ်ကောင်စီက ဖွဲ့တယ်လို့ သူတို့က ယူဆပြီးသား။အခု ဒီဟာပြောင်းလိုက်တဲ့ အတွက် ၊စစ်ကောင်စီ ကနေ အိမ်စောင့် အစိုးရအဖြစ် ပြောင်းလို့ ဘာမှ သိပ်မထူး ၊ စစ်ဘက် အင်အားစု ၊ စစ်အာဏာရှင် အဓွန့်ရှည်ရေး ဖွဲ့စည်းပုံ ပြောင်းလဲတာလို့ပဲ ယူဆမှာပါဘဲ။

အရင်က သူတို့ မျှော်မှန်းထားတဲ့ အတိုင်း မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် မြေမြုပ်သင်္ဂြိုဟ် ဖြုတ်သိမ်းရေး ၊၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေးဆိုတဲ့ ဦးတည်ချက် ၂ ရပ်အတိုင်း သူတို့က ဆက်သွားဖို့ ရှိတယ် ၊ အဲဒီ အစီအစဥ်အတိုင်း သူတို့က ဆက်လုပ်လိမ့်မယ် ယူဆပါတယ် ၊ အဲဒီ ရည်မှန်းချက်ကို ဂယက် ရိုက်မယ် မထင်ပါဘူး။

ဘီဘီစီ ။ နိုင်ငံတကာက အခုအချိန်အထိ စစ်ကောင်စီကို အားလုံးက အသိအမှတ် မပြုလာကြသေးဘူ ၊ဒီလို အိမ်စောင့်အစိုးရ အဖြစ် ပြောင်းလဲပစ်လိုက်လို့ နိုင်ငံတကာရဲ့ သက်ရောက်မှု ပြောင်းလဲမှု ရှိလာနိုင်လား ၊ စစ်ကောင်စီ ကကော အဲဒီ ပြောင်းလဲမှုကို မျှော်မှန်းထားလား။

ဦးသန်းစိုးနိုင် ။ သူတို့ကတော့ ပထမ မျှော်မှန်းတာက စစ်ဗိုလ်တွေ စုစည်းထားတဲ့ စစ်ကောင်စီ ဆိုတဲ့ အဖွဲ့အစည်း ပုံစံ ကနေ အစိုးရတစ်ရပ် အဖြစ် ပြောင်းလိုက်တာက သူ့အတွက် အကျိုးရှိမယ် ၊ နိုင်ငံတကာ ရဲ့ လက်ခံ မှု အခွင့်အလမ်း ရှိမယ်လို့ ယူဆပုံရပါတယ် ၊ အဲဒါကြောင့် လာမယ့် စက်တင်ဘာမှာ ကုလသမဂ္ဂမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲ ဆိုတဲ့ ကိစ္စ အပေါ် အတော်လေး ရင်ဆိုင် ပြောဆိုရမယ့် အခြေအနေ ရှိတာကြောင့် သူတို့က အဲဒီ ပထမအဆင့်အတွက် ရည်ရွယ်ပြီး အခုလို အိမ်စောင့် အစိုးရတစ်ရပ် အဖြစ် ပြောင်းလိုက်တာလို့ မြင်ပါတယ်။

သို့သော် အိမ်စောင့် အစိုးရ ဆိုတာ ဘယ်တော့မှ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အဆင့်ကို ရရှိဖို့ အခွင့်အလမ်း အလွန်နည်းပါတယ် ၊အစဥ်အလာ မရှိပါဘူး။ အိမ်စောင့် အစိုးရကို အစိုးရတစ်ရပ်အနေနဲ့ လက်ခံ စဥ်းစားမှု ရှိကောင်း ရှိနိုင်ပါတယ် ၊ ဒါပေမဲ့ တည်ငြိမ်တဲ့ အစိုးရ တစ်ရပ် အဖြစ် ၊ တရား၀င် အစိုးရ အဖြစ်တော့ ၊ နိုင်ငံတကာက အသိအမှတ်ပြုရိုး ထုံးစံမရှိပါဘူး ။ သို့သော် တည်ဆဲ အစိုးရတစ်ရပ် အနေနဲ့ ၊ တရားမ၀င်တဲ့ အစိုးရ တစ်ရပ် ပုံစံ အနေနဲ့ ရှိနေတာက အရင်က စစ်ကောင်စီ ရဲ့ အုပ်စိုးမှု ပုံစံထက် ပိုပြီး အခွင့်လမ်းသာမယ်လို့ ယူဆလို့ ပြောင်းလဲတာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။