နိုင်ငံရေးပါတီတွေရဲ့ ပိုင်ဆိုင်မှုနဲ့ငွေကြေး အစစ်ခံရမယ်

နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း ၇၀၀၀ ကျော်ဝင်ရောက်ယှာဥ်ပြိုင်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, KO MYO/MPA

ဓာတ်ပုံ ပုံစာ,

နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း ၇၀၀၀ ကျော်ဝင်ရောက်ယှာဥ်ပြိုင်ခဲ့ကြ

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို ဝင်ရောက်စစ်ဆေးဖို့ရှိလို့ ပြင်ဆင်ထားကြဖို့ ညွှန်ကြားလိုက်ပါတယ်။

ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတည်ထောင်ခဲ့တဲ့ ပါတီတွေအနေနဲ့ ဆယ်နှစ်ကျော်အတွင်း ပါတီဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် စစ်ဆေးခံရမှာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေအရ အခုလိုစစ်ဆေးပိုင်ခွင့်ရှိပေမယ့်လို့ အရင်ရွေးကောက်ပွဲကော်မရှင်တွေက စစ်ဆေးခဲ့တာမရှိပါခဲ့ဘူး။

ဦးသိန်းစိုးကော်မရှင်က အခုလို စစ်ဆေးဖို့စီစဥ်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဖျက်သိမ်းဖို့ ဥပဒေကြောင်းအရ အချက်အလက်ရှာတာလို့ နိုင်ငံရေးအသိုင်းအဝိုင်းကအများစုက မြင်ကြပါတယ်။

NLD ကို ဖျက်ဖို့ အချက်အလက်ရှာတာလို့ သုံးသပ်နေကြ

တစ်ကျော့ပြန်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးဟာ မေလ တုန်းက နိုင်ငံရေးပါတီတွေနဲ့တွေ့တဲ့အခါ NLD ကိုဖျက်သိမ်းဖို့အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဒီလိုပြောတာဟာ တက်ရောက်လာတဲ့ ပါတီတချို့ရဲ့ NLD ပါတီနဲ့ပတ်သက်လို့ တင်ပြချက်အပေါ် ပြန် အဖြေပေးတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ပုံစာ,

၂၀၂၀ ရွေးကောက်ပွဲအတွက် နေပြည်တော်မှာရှိတဲ့ ပါတီရုံးခွဲမှာ အောင်နိုင်ရေးအလံတင်နေတဲ့ဒေါ်အောင်ဆန်းစုကြည်

အဲ့ဒီနောက်ပိုင်း စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ NLD ကိုဖျက်သိမ်းဖို့ကိစ္စနဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေရှိလာပါတယ်။

ဒီကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေအားလုံး ပါဝင်တဲ့ စုံညီအစည်းအဝေးကနေ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြန်ဖြေပါတယ်။

ဇွန်လတုန်းက ကော်မရှင်ရဲ့ ညွှန်ကြားချက်အရ ပါတီတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့အဆက်အသွယ်ရှိမရှိ ပြည်ထဲရေးက ဝင်စစ်ခဲ့ပါတယ်။

ပါတီတစ်ခုနဲ့တစ်ခု ဝင်စစ်ပုံက မတူပါဘူး။

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်းထုတ်ဖော်ပြသတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်လို ပါတီမျိုးကိုတော့ ပါတီရုံးချုပ်ရှေ့စစ်ကားတွေ ထိုးရပ်ပြီး ရုတ်တရက်ဝင်စစ်တာမျိုးလုပ်ပါတယ်။

တချို့ပါတီတွေကိုတော့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဖိတ်ခေါ်ပြီး စစ်ဆေးပါတယ်။

တွေ့ရှိချက်တွေကို ကော်မရှင်ဘက်ကတစ်စုံတစ်ရာထုတ်ပြန်တာမရှိပါဘူး။

ဒါပေမဲ့ ဒီစစ်ဆေးချက်ဟာ NLD ပါတီဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPH,NUG,PDF တို့လိုအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိမရှိစစ်တာမို့ NLD ပါတီကို ဖျက်သိမ်းဖို့ဦးတည်တဲ့ စစ်ဆေးမှုလို့ သုံးသပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA

ဓာတ်ပုံ ပုံစာ,

မဟာအောင်မြေမြို့နယ်ရှိ NLD ရုံးအတွင်းသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘက်ကလည်း စစ်ကောင်စီဘက်က CRPH ၊ NUG ၊ PDF တို့မှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဖိအားပေးခြိမ်းခြောက် ခံဝန်ကတိလက်မှတ်ရေးထိုး ခိုင်းတာတွေဟာ လုံးဝတရားမဝင်ဘဲ လိုက်နာဖို့ လုံးဝမလိုအပ်ဘူး လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ပါတီ ဘဏ္ဍာရေးကို ဝင်စစ်ဖို့လုပ်တာဟာလည်း NLD ကိုဖျက်သိမ်းဖို့ အကြောင်းရှာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်တာပါတယ်။

'တစ်ဖက်မှာ ခေါင်းဆောင်ပိုင်းတွေကို ဖမ်းထားပြီး တစ်ဖက်မှာ ပါတီကို ပြည်နယ်၊တိုင်းနဲ့ မြို့နယ်အဆင့်အထိ အဆင့်ဆင့်ဖျက်သိမ်းဖို့ အကြောင်းရှာတာ' လို့ သူကသုံးသပ်ပါတယ်။

အခုလိုစစ်ဆေးဖို့စီစဥ်လာမှုဟာ NLD ပါတီကို ရည်ရွယ်တာထက် အာဏာသိမ်းမှုကို မထောက်ခံတဲ့ပါတီတွေကို ထိန်းချုပ်ဖို့ရည်ရွယ်တာလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက သုံးသပ်မှုပါတယ်။

အမည်မဖော်လိုတဲ့ နိုင်ငံရေးသမားတစ်ယောက်ကတော့ NLD ကို ဖျက်ဖို့ အခုလိုပါတီတွေကို ဝင်စစ်နေစရာတောင်မလိုဘူး လို့ ပြောပါတယ်။

'NLD ကိုသူတို့ဖျက်ချင်ရင် စာရွက်တစ်ရွက်ပေါ်မှာ အမိန့်စာရေးပြီးဖျက်လိုက်လို့ရတာပဲ' လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

NLD ပါတီ ရွေးကောက်ပွဲကြိုကာလက ပါတီအမှတ်တံဆိပ် ဦးထုပ်များ

ကော်မရှင်က ဘာတွေစစ်မှာလဲ

ရွေးကောက်ပွဲကော်မရှင်ရဲ့ သြဂုတ် ၁၃ ထုတ်ပြန်ချက်အရ ပါတီတွေရဲ့ ငွေကြေးရရှိမှုလမ်းကြောင်းတွေနဲ့ သုံးစွဲမှုတွေတွေအားလုံး အစစ်ခံရဖို့ ရှိနေတာပါ။

ပါတီဝင်ကြေး နဲ့ ပါတီလစဥ်ကြေးစာရင်း၊ပါတီက အလှူခံရရှိထားတဲ့ ငွေကြေးနဲ့ ပစ္စည်းစာရင်း၊ ပါတီပိုင်စီးပွားရေးလုပ်ငန်းတွေက ဝင်ငွေတွေနဲ့အမြတ်စာရင်း၊ ပါတီရန်ပုံငွေနဲ့ ရငွေ၊သုံးငွေစာရင်း၊ ပါတီပိုင်စာရင်းနဲ့ ပါတီကဝယ်ထားတဲ့ ပစ္စည်းစာရင်း တွေဟာ ဥပဒေအရစာရင်းပြုစုထားရမယ်လို့ ကော်မရှင်က ထုတ်ပြန်လာတာပါ။

စာရင်းထားရမယ့်အထဲ ပါတီစည်းရုံးရေး အသုံးစရိတ်နဲ့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေအတွက် ပါတီရန်ပုံငွေက ကျခံတဲ့ အသုံးစရိတ်စာရင်းလည်းပါပါတယ်။

ဒီငွေကြေးနဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို နှစ်ချုပ်စာရင်းပါထားရှိဖို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊နည်းဥပဒေတွေမှာဖော်ပြထားပါတယ်။

ဒါကြောင့် မကြာခင်မှာ ဒီငွေကြေးစာရင်းတွေဝင်စစ်မှာမို့ အစစ်ဆေးခံနိုင်ဖို့ ပြင်ဆင်ထားကြဖို့ ကော်မရှင်က ညွှန်ကြားလာတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ShweInnThar KhinMgWin

ဓာတ်ပုံ ပုံစာ,

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်ရွှေဂုံတိုင် ရုံးချုပ်ကိုရဲတပ်ဖွဲ့က ဝင်ပြီးရှာဖွေစဥ်

ဇွန်လကဝင်စစ်တဲ့အထဲ ပြည်ထဲရေးဌာနကို အသုံးပြုခဲ့သလို ပါတီငွေကြေးတွေကိုဝင်စစ်ရင်လည်း အစိုးရ၊အဖွဲ့အစည်းတွေရဲ့အကူအညီယူပြီး ဝင်စစ်မယ်လို့ ကော်မရှင်ကကြေညာထားပါတယ်။

ဥပဒေအတိုင်းသာ ဝင်စစ်ရင် ဘယ်ပါတီမှ မသက်သာဘူး လို့ ရွေးကောက်ပွဲ ဥပဒေ၊နည်းဥပဒေတွေကို ကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

'မေးစရာရှိတာက ဘယ်ပါတီကိုမဆို စစ်ဆေးတွေ့ရှိတဲ့အတိုင်း တကယ်အရေးယူမှာလားဆိုတာပဲ' လို့ သူကပြောပါတယ်။

ကော်မရှင်က ပါတီတွေမှာ နိုင်ငံခြားအထောက်အပံ့ ရှိမရှိ အဓိကစစ်ဆေးချင်တာဖြစ်လိမ့်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KZH/MPA

ဓာတ်ပုံ ပုံစာ,

မန္တလေးမှာ ပြည်သူ့ပါတီ ယာဥ်တန်းမဲဆွယ်လှည့်လည်စဥ်

နာမည်ကြီးပါတီတွေဘယ်လိုရပ်တည်နေလဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တည်ဆဲ နိုင်ငံရေးပါတီ ၉၃ ပါတီ ရှိနေတဲ့အထဲ စစ်အစိုးရကျောထောက်နောက်ခံ ကြံ့ခိုင်ရေးအသင်း ကနေ ပါတီပြောင်းတဲ့ ကြံ့ခိုင်ရေးပါတီက ပါတီပိုင်ပစ္စည်းတွေရော ပါတီစီးပွားရေးလုပ်ငန်းတွေပါအများဆုံးရှိနေတဲ့ ပါတီဖြစ်ပါတယ်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ ကြံ့ခိုင်ရေးပါတီကို ဝင်ရောက်အစစ်ဆေးခံနိုင်တယ် လို့ ဘီဘီစီကိုပြောပါတယ်။

ပါတီဝင်တွေရဲ့ လစဥ်ကြေး၊နှစ်စဥ်ကြေးပေးသွင်းမှုတွေက ပါတီရဲ့အဓိကဝင်ငွေ လို့လည်းပြောပါတယ်။

ကြံ့ခိုင်ရေးဟာ အသင်းဘဝမှာကထဲက အသင်းပိုင်စီးပွားရေးလုပ်ငန်းတွေကို မြန်ဂုဏ်မြင့်ကုမ္ပဏီ နာမည်နဲ့လုပ်ခဲ့တယ်လို့ ဦးရဲထွဋ်ရဲ့ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများစာအုပ်မှာ ထည့်ရေးပါတယ်။

အသင်းပိုင်စီးပွားရေးလုပ်ငန်းတွေထဲ ကျောက်မျက်၊သတ္ထုတွင်း၊ဆောက်လုပ်ရေး၊စိုက်ပျိုးမွေးမြူရေးနဲ့ ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေပါပါတယ်လို့ ရေးသားခဲ့တာပါ။

ဒါ့အပြင် နေပြည်တော်က ဧကချီကျယ်ဝန်းတဲ့ ပြည်ခိုင်ဖြိုးရုံးချုပ် အပါအဝင် တိုင်းနဲ့ပြည်နယ် အနှံ့က ပါတီရုံးခွဲတွေကို ပါတီပိုင်အဖြစ်စနစ်တကျလွှဲပြောင်းဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကညွှန်ကြားခဲ့တဲ့အကြောင်း ပါတီလူဟောင်းတွေက ပြန်ပြောကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့်အမတ်လောင်းတွေကို ပါတီအတွက် လစာရဲ့ ၂၅ ရာခိုင်နှုန်းဖြတ်တောက်မယ်လို့ ကြိုအသိပေးခဲ့တာပါ။

"ကျွန်တော်တို့က စီးပွားရေး လုပ်တဲ့ ပါတီမှ မဟုတ်တာ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ ထောက်ပံ့ကြေးနဲ့ ပါတီရဲ့ စည်းရုံးရေးစရိတ်တွေကို သုံးနေရတာ ဖြစ်တယ်" လို့ ပါတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင်က ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ပါတီက လူထုထောက်ခံမှုများလို့ လှူဒါန်းငွေလည်း များခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

အမျိုးသမီး ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ PPP ပါတီ

၂၀၂၀ ရွေးကောက်ပွဲမှ စပြိုင်တဲ့ နာမည်ကြီးပါတီတွေဖြစ်တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ကလည်း ကော်မရှင်ရဲ့စစ်ဆေးမှုကို အစစ်ဆေးခံနိုင်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

'ကျွန်တော်တို့က ငွေကြေးရန်ပုံငွေလည်း ကြီးကြီးကျယ်ကျယ်မရှိတော့ ပြောရရင် စာရင်းရှင်းစရာတောင်သိပ်မရှိပါဘူး' လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကပြောပါတယ်။

ပါတီစတင်တည်ထောင်သူတွေရဲ့ လစဥ်မတည်ငွေနဲ့ ပါတီထောက်ခံသူတွေရဲ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေတာလို့ သူကပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တည်ထောင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ဘဏ္ဍာရေးနဲ့ပတ်သက်လို့ ကြိုတင်စာရင်းလုပ်ထားတယ်လို့ ပါတီအတွင်းရေးမှူး ဦးစောဟန်အေးက ပြောပါတယ်။

ပါတီပိုင်စီးပွားရေးလုပ်ငန်းလည်းမရှိဘူး လို့ သူကပြောပါတယ်။

ပါတီရဲ့အဓိက ဝင်ငွေဟာ ပါတီအလုပ်အမှုဆောင်တွေရဲ့ ထည့်ဝင်ငွေနဲ့ ရပ်တည်နေတယ်လို့ သူကပြောပါတယ်။

'ပါတီရုံးခန်းတွေကလည်း မေတ္တာနဲ့ ဌားရမ်းထားတာ' လို့ ဦးစောဟန်အေးက ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UDP

ဓာတ်ပုံ ပုံစာ,

နှင်းဆီပါတီလို့ လူသိများတဲ့ UDP

နှင်းဆီပါတီ ဥပမာ

၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ဒုတိယအများဆုံးဝင်ပြိုင်မယ့် နှင်းဆီပါတီလို့လူသိများတဲ့(UDP)ကို လည်း တရုတ်ဘက်က ကျပ်ဘီလီယံနဲ့ချီတဲ့ ငွေတွေဝင်တာ တွေ့ရတယ်ဆိုပြီး ရွေးကောက်ပွဲမတိုင်ခင် ဖျက်သိမ်းခံခဲ့ရတာပါ။

နှင်းဆီပါတီ ဟာ ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ထောင်ပြေးမှုနဲ့အဖမ်းခံရပြီးတဲ့နောက်မှာ မီးခိုးကြွက်လျှောက် ပါတီ ဖျက်သိမ်းခံရတဲ့အထိဖြစ်လာခဲ့တာပါ။

ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ ဟွန်ဒီ လို့ခေါ်တဲ့ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ၂၀၂၀ အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲ့ဒီ တရားမဝင်ငွေလွှဲနဲ့ ဝင်လာတဲ့ငွေတွေဟာ ပြည်တွင်းက ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ ကမ္ဘောဇဘဏ်စတဲ့ဘဏ်တွေမှာ ရှိတဲ့ ဦးကျော်မြင့်နဲ့ သူနဲ့ဆက်စပ်တဲ့ သူတွေရဲ့ ငွေစာရင်းတွေကို ရောက်လာခဲ့တာ ဖြစ်ပြီး စုစုပေါင်း ကျပ် ၁၆.၃၁၅ ဘီလျံကျော် ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ အောက်တိုဘာ ၂ ရက် က ရုံးထုတ် စစ်ဆေ

ဦးကျော်မြင့်ဟာ ဧရာဝတီ နဲ့ ယူနိုက်တက် အမရာဘဏ်တွေကနေ ၂၀၁၅ က ၂၀၂၀ ခုနှစ် အတွင်း ဘဏ်တိုးရခဲ့တဲ့ ငွေပမာဏဟာ ကျပ် ၁၄. ၈၁၄ ဘီလျံ ရှိထားတယ်လို့လည်း သမ္မတရုံးကထုတ်ပြောခဲ့ပါတယ်။

နှင်းဆီပါတီရဲ့ ငွေကြေးပတ်သက်မှုတွေကို သီးသန့်အဖွဲ့နဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ ပါတီကြီးတစ်ခု ဖျက်သိမ်းခံရမှုဟာ အဲ့ဒီတုန်းက မြန်မာ့နိုင်ငံရေးမှာ လူပြောများခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုဥပမာ ရှိခဲ့လို့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝင်ရောက်စစ်ဆေးမှုအပေါ် ပေါ့ဆလို့မရဘူးလို့ နိုင်ငံရေးအကဲခပ်တွေက သုံးသပ်ပါတယ်။

'ယုန်ထောင် ကြောင်မိ လည်း ဖြစ်ကုန်ပါဦးမယ်' လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးကပြောပါတယ်။