ဆိုင်ဂုံကျဆုံးခန်းနဲ့ ကာဘူးလ်မြို့စွန့်ခွာမှုကို ဘာကြောင့်နှိုင်းယှဥ်ကြတာလဲ

ကာဘူးလ်မြို့က အမေရိကန်သံရုံး ပေါ်မှာ ဟယ်လီကော်ပတာတစ်စင်း ပျံသန်းနေစဥ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကာဘူးလ်မြို့က အမေရိကန်သံရုံး ပေါ်မှာ ဟယ်လီကော်ပတာတစ်စင်း ပျံသန်းနေစဥ်

အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်ကနေ အမေရိကန်တွေ ထွက်ခွာချိန် အမေရိကန်သံရုံးကနေ လူတွေကို သယ်ထုတ်ပေးနေတဲ့ ဟယ်လီကော်ပတာပျံသန်းနေတဲ့ ပုံကို လူမူကွန်ရက်ပေါ်မှာ အကြီးအကျယ်ဖြန့်ဝေခဲ့ကြပါတယ်။

ဒီလိုပုံမျိုးက တစ်ချို့လူတွေအတွက်တော့ ရင်းနှီးပြီးသား ဖြစ်နေပါတယ်။

အဲ့ဒီပုံမျိုးဆန်ဆန် နောက်တစ်ပုံက ၁၉၇၅ ဗီယက်နမ်စစ်ပွဲပြီးဆုံးခါနီးအချိန် ဆိုင်ဂုံမြို့က ခေါင်မိုးတစ်ခုမှာ ဟယ်လီကော် ပတာတစ်စင်းပေါ် လူတွေတန်းစီပြီး တက်နေတာကို ဓာတ်ပုံဆရာ ဟားလ်ဘတ် ဗန်အက်စ်ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီနဲ့ ဒီမိုကရက်တစ်ပါတီတို့က ဆန်းစစ်လေ့လာသူတွေနဲ့ ဥပဒေပြဋ္ဌာန်းသူတွေကလည်း ဆိုင်ဂုံကျဆုံးခန်းလို့ လူတွေခေါ်ကြတဲ့အဖြစ်အပျက်နဲ့ အခုကာဘူးလ်ကို တာလီဘန်ဝင်သိမ်းတဲ့ကိစ္စကို နှိုင်းယှဥ်ခဲ့ကြပါတယ်။

ဆိုင်ဂုံကျဆုံးခန်းဆိုတာ ဘာကိုပြောတာလဲ

ဗီယက်နမ်စစ်ပွဲဟာ အမေရိကန်တပ်တွေ၊ သူတို့ရဲ့ မဟာမိတ်တောင်ဗီယက်နမ်တပ်တွေနဲ့ မြောက်ပိုင်းက ကွန်မြူနစ်အစိုးရတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၁၉၇၅ ခုနှစ် ဆိုင်ဂုံမြို့က စီအိုင်အေရုံးခေါင်မိုးပေါ်က ဟယ်လီကော်ပတာတစ်စင်း‌ပေါ်လူတွေ တက်နေတဲ့ပုံက သမိုင်းဝင်မှတ်တမ်းပုံတစ်ပုံဖြစ်လာခဲ့

အဲ့ဒီစစ်ပွဲက နှစ်၂၀ နီးပါးတောင် ကြာမြင့်ခဲ့ပြီး အမေရိကန်တွေအတွက် တန်ဖိုးကြီးကြီးပေးခဲ့ရသလို အမေရိကန်တွေကြားမှာတောင် သဘောထားကွဲမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

ဆိုင်ဂုံကျဆုံးခန်းဆိုတဲ့ အသုံးအနှုန်းက ဗီယက်ကောင်းလို့ခေါ်တဲ့ မြောက်ဗီယက်နမ်ကွန်မြူနစ်တပ်တွေက တောင်ပိုင်းက ဗီယက်နမ်မြို့တော်ဆိုင်ဂုံကို ဝင်ရောက်သိမ်းပိုက်တဲ့အဖြစ်အပျက်ကို ရည်ညွှန်းပြောဆိုထားတာပါ။

၁၉၇၅ ခုနှစ် ဧပြီ ၃၀ ရက်မှာ ဆိုင်ဂုံကို ဗီယက်ကောင်းတွေက သိမ်းပိုက်ခဲ့ပါတယ်။

စစ်အေးတိုက်ပွဲပုံစံအရ ဗီယက်နမ်မြောက်ပိုင်းကို ဆိုဗီယက်နဲ့ အခြားကွန်မြူနစ်မဟာမိတ်တွေက ထောက်ခံပံ့ပိုးပေးခဲ့ပြီး တောင်ပိုင်းကိုတော့ အမေရိကန်တပ်ဖွဲ့ဝင်သိန်းနဲ့ချီ အပါအဝင် အနောက်အုပ်စုတပ်ဖွဲ့တွေက ကျောထောက်နောက်ခံပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ ဗီယက်နမ်တောင်ပိုင်းကနေ ၁၉၇၃ မှာ ပြန်ထွက်ခွာခဲ့ကြပြီး နောက် ၂ နှစ် အကြာမှာတော့ မြောက်ပိုင်းတပ်ဖွဲ့တွေက ဆိုင်ဂုံမြို့ကို သိမ်းပိုက်ခဲ့ကြပါတယ်။

သိမ်းပိုက်ပြီးနောက် ဆိုင်ဂုံမြို့နာမည်ကိုလည်း ကျဆုံး ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်းရဲ့ နာမည် ကိုယူပြီး ဟိုချီမင်းမြို့လို့ ပြောင်းခဲ့ကြပါတယ်။

ဆိုင်ဂုံမြို့ဟာလည်း ကာဘူးလ်မြို့လိုပဲ အမေရိကန်တွေ ထင်ထားတာထက်တောင် မြန်မြန်ဆန်ဆန် သိမ်းပိုက်ခံခဲ့ရပါတယ်။

အဲဒီလို အသိမ်းခံခဲ့ရတာကြောင့် ဆိုင်ဂုံမြို့ က အမေရိကန်သံရုံးကို စွန့်ခွာထားခဲ့ရပြီး အမေရိကန်နိုင်ငံသား ၇၀၀၀ ကျော်၊ တောင်ဗီယက်နမ်နဲ့ တခြားနိုင်ငံကလူတွေကို ဟယ်လီကော်ပတာနဲ့ အသည်းအသန် အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ကာဘူးလ်အဖြစ်အပျက် နဲ့ နှိုင်းယှဉ်လို့ ရပါ့မလား

ဗီယက်နမ်စစ်ပွဲဟာ အမေရိကန်မှာ လူတွေသဘောမကျလက်မခံတဲ့စစ်ပွဲတစ်ခု ဖြစ်လာခဲ့သလို ဒေါ်လာဘီလျံနဲ့ချီ သုံးစွဲခဲ့ရပြီး အမေရိကန်နိုင်ငံသား ငါးသောင်းရှစ်ထောင်ကျော်လည်း အသက်ပေးခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး ဆယ်စုနှစ်တွေ ကြာတဲ့အထိတိုင် ပြည်ပမှာ စစ်အင်အားသုံးမှာကို အမေရိကန် မဲဆန္ဒရှင်တွေက မနှစ်မြို့ကြတဲ့ "ဗီယက်နမ်ဆင်ဒရုမ်း" ဆိုတဲ့ စကားလုံးလည်း ပေါ်ထွက်လာပါတယ်။

အမေရိကန်က မူဝါဒရေးရာချမှတ်တဲ့သူကြားမှာ ဆိုင်ဂုံနဲ့ ကာဘူးလ်ကြားက တူညီမှုတွေကို ကောက်ချက်စွဲပြောနေကြပါတယ်။

"ဒါက ဂျိုးဘိုင်ဒန်ရဲ့ ဆိုင်ဂုံပေါ့။ မေ့ပျောက်လို့ ရနိုင်တော့မှာမဟုတ်တဲ့ ဆိုးရွားတဲ့ နိုင်ငံတကာ ကျရှုံးမှုတစ်ခုပါ " လို့ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်ညီလာခံ နာယက အယ်လ်ဆီစတီဖာနစ်က ပြောပါတယ်။

ဗီဒီယို ပုံစာ,

တာလီဘန်တွေ ထိန်းချုပ်တဲ့ ဒေသထဲက ဘီဘီစီရဲ့ အထူးသတင်း

ဒီလိုနှိုင်းယှဥ်ပြီးပြောတာကို လက်မခံဘူးလို့ ပူးတွဲ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ပြီးခဲ့တဲ့လတုန်းက ပြောခဲ့ပါတယ်။

"အဲ့ဒီကိစ္စက နှိုင်းယှဥ်လို့မရဘူးထင်တယ်။ ကျွန်တော်မှားရင်လည်း မှားနိုင်တယ်။ အနာဂတ်ကို ဘယ်သူမှခန့်မှန်းလို့ မရပါဘူး။ ဒါပေမယ့် တာလီဘန်တွေက မြောက်ဗီယက်နမ်စစ်တပ်မဟုတ်လို့ ဒီအခြေအနေ နှစ်ခုကို နှိုင်းယှဥ်လို့မရပါဘူး" လို့ ဗိုလ်ချုပ်ကြီး မယ်လီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီနှစ်ခုကြားက အဓိကကွဲပြားမှုတွေ ရှိပါတယ်။

ဆိုင်ဂုံမြို့ကျဆုံးတာက ဗီယက်နမ်ကနေ အမေရိကန်တပ်တွေ ထွက်ခွာပြီး ၂ နှစ်အကြာမှာ ဖြစ်ခဲ့တာဖြစ်ပြီး အခုက အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကထွက်ခွာမယ်လို့ပြောပြီး ကာဘူးလ်မြို့က အမေရိကန်တွေ ထွက်ခွာနေချိန်မှာ ဖြစ်တာပါ။

၁၉၇၅ ခုနှစ်မှာ သမ္မတဂျရယ်ဖို့ ဖို့ နိုင်ငံရေး ကျဆုံးမှုနဲ့ ကြုံခဲ့ရပေမဲ့ အခုအချိန်က အမေရိကန်မှာ စစ်ကို မထောက်ခံတာတောင်မှ ဘယ်လို အကျိုးဆက်တွေ သမ္မတ ဘိုင်ဒန် ဆက်တွေ့ရမယ်ဆိုတာ ရေရေရာရာ မသိနိုင်သေးပါဘူး။

"ဒီကိစ္စ ဘိုင်ဒန်ထိခိုက်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ ဒီကိစ္စကျဆုံးတယ်လို့ မြင်တဲ့ အမြင်တွေကိုလည်း သဘောမတူတဲ့လူ ရှိကောင်းရှိနိင်သလို သူဆုံးဖြတ်တာ မှန်မမှန်ဆိုတာလည်း စဥ်းစားရမှာတွေရှိပါတယ်" လို့ နော်တင်ဟမ်တက္ကသိုလ်က အမေရိကန်လေ့လာရေး ပါမောက္ခ ခရစ်တိုဖာ ဖေးလ်က ပြောပါတယ်။