လေယာဥ်နဲ့ ဒရုန်းပစ် လေကြောင်းရန်ကာစနစ် နှစ်စုံ ရုရှားဆီက မြန်မာ စစ်တပ်ရမယ်

ပန်ဆီယာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

Pantsir S-1 ပန်ဆီယာ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်

ရုရှား စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဌာန (FSVTS) ရဲ့ အကြီးအကဲက မြန်မာအပါအဝင် နိုင်ငံတချို့က မှာယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပို့ဆောင်ပေးသွားမယ့် အစီအစဥ်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

Dmitry Shugayev က မော်စကို ဒေသထဲက ကူဘင်ကာမှာ ကျင်းပနေတဲ့ ၂၀၂၁ စစ်လက်နက်ပစ္စည်း ပြပွဲနဲ့ ညီလာခံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာကို ရုရှားသတင်းဌာနတွေက သြဂုတ်လ ၂၅ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။

အဲဒီလို ပြောကြားရာမှာ မြန်မာဝယ်ယူထားတဲ့ လေကြောင်းရန်ကာစနစ် ဒုံးလက်နက်တွေ ပို့ဆောင်မယ့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့တာပါ။

ပန်ဆီယာ ဒုံးလက်နက် ဘာတွေ လုပ်နိုင်လဲ

မြန်မာနိုင်ငံက မှာယူထားတဲ့ Pantsir ပန်ဆီယာ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် ၂ စုံကို စာချုပ်ပါ သတ်မှတ်အစီအစဥ်အတိုင်း ပေးပို့ သွားမှာ ဖြစ်ကြောင်း Shugayev က ပြောခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီ Pantsir C1 (S1 လို့လည်းခေါ်) လို့ ခေါ်တဲ့ လေယာဥ်ပစ် ဒုံးလက်နက် စနစ် ၂ စုံကို မြန်မာနိုင်ငံကို ရောင်းချဖို့အတွက် အခုနှစ် ဇန်နဝါရီလအတွင်းက သဘောတူ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ပြောကြောင်းInterfax သတင်းဌာနက သူ့ကို ကိုးကား ဖော်ပြခဲ့ပါတယ်။

အဲဒီ စာချုပ် ချုပ်ဆိုပြီးနောက်မှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ ဒီ Pantsir C1 အပြင် ရေဒါစက်တွေ၊ Orlan-10E လို့ခေါ်တဲ့ ထောက်လှမ်းရေးဒရုန်း တွေကိုပါ ရောင်းချဖို့ သဘောတူညီခဲ့ကြကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီ စာချုပ်နဲ့ ပတ်သက်လို့ တန်ဖိုး ဘယ်လောက်၊ ပစ္စည်းတွေ ဘယ်တော့ ပို့ပေးမယ် ဆိုတာမျိုး အသေးစိတ် ပြောပြတာမျိုး မရှိခဲ့ပါဘူး။

အခု ပို့ပေးမယ်လို့ ပြောတဲ့ Pantsir C1 ကို ရုရှားက KBP Instrument Design Bureau က ဖန်တီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Tunguska လို့ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ရဲ့ နေရာမှာ အဆင့်မြှင့်တင် အစားထိုးဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်စင်ကိုတော့ ဘီးတပ်ယာဥ် ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ ဘယ်လို ယာဥ်မျိုးဖြစ်မယ်ဆိုတာကတော့ မှာယူတဲ့ အပေါ်မှာ မူတည်ပြီး ကွာခြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီဒုံးလက်နက်တွေဟာ လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေ၊ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် မြေပြင် တပ်ဖွဲ့တွေအတွက် လေကြောင်းက တိုက်ခိုက်လာတာတွေ၊ အဝေးက ထိန်းပြီး ပစ်လွှတ်တဲ့ ခပ်နိမ့်နိမ့်ကနေ လာနေတဲ့ တိုက်ခိုက်မှုတွေရဲ့ ရန်ကနေတောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ အဲဒီလေကြောင်းရန်ကာ စနစ်တစ်စုံကို လစ်ဗျားစစ်မြေပြင်ကနေ အမေရိကန်တို့ လက်ထဲရသွားဖူးလို့ ဒီလက်နက်တွေရဲ့အကြောင်းကို အမေရိကန်တို့ လေ့လာဖို့ အခွင့်အလမ်းရသွားတယ်ဆိုပြီး ဖော့ဘ်စ် မဂ္ဂဇင်းက ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယနဲ့ တခြားနိုင်ငံတွေ

မြန်မာအပြင် အိန္ဒိယအတွက်လည်း ၂၀၂၁ ကုန်ပိုင်းမှာ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ပို့ပေးမယ်လို့ Shugayev က ဆိုပါတယ်။ အိန္ဒိယအတွက် S-400 Triumph ထုတ်လုပ်မှုတွေက သတ်မှတ်ထားတဲ့ အချိန်မှ အသင့်ဖြစ်မှာပါလို့ ဆိုပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပထမ အသုတ် စတင်ပို့ဆောင်ပေးမယ်လို့ Shugayev ကို ကိုးကားပြီး Interfax က ဖော်ပြထားပါတယ်။

တူရကီနဲ့လည်း S-400 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ ရောင်းချမယ့် စာချုပ်သစ် ချုပ်ဆိုရေးမှာ သဘောတူညီမှု ရဖို့နီးပြီလို့ ပြောသလို အာဖရိက နိုင်ငံတခုကိုလည်း Terminator လို့ခေါ်တဲ့ တိုက်ခိုက်ရေး သံချပ်ကာယာဥ် ပို့ပေးခဲ့ကြောင်း ပြောပါတယ်။ ဘယ်နိုင်ငံဆိုတာကိုတော့အသေးစိတ်မပြောပေမယ့် ဒီယာဥ်ဟာ နည်းပညာပိုင်း အဆင့်မြင့်တဲ့ စွမ်းအားမြင့် တိုက်ခိုက်ရေး ယာဥ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

S-400

ကာဇက်စတန် အတွက်လည်း Su-30SM တိုက်လေယာဥ် ၄ စင်းကို ၂၀၂၂ ကုန်ပိုင်းလောက်မှာ ပို့ပေးမှာ ဖြစ်တယ်လို့ လောလောဆယ်မှာ အစင်း ၂၀ ပို့ပေးပြီးဖြစ်တယ်လို့ Shugayev က ပြောပါတယ်။

နောက်ပြီး ဆော်ဒီအာရေဗျ နိုင်ငံမှာ AK-103 ခြေမှုန်းရေး ရိုင်ဖယ် ထုတ်လုပ်နိုင်ဖို့ ဆွေးနွေးမှုတွေမှာလည်း တော်တော် ခရီးရောက်နေပြီ ဖြစ်ကြောင်း Shugayev ကို ကိုးကားပြီး ရုရှားရဲ့ TASS သတင်းဌာနမှာ ဖော်ပြထားပါတယ်။