တင်းမရွာသားတွေ ပွင့်လင်းရာသီ နေရပ်ပြန်ဖို့ စီစဥ်မယ်လို့ဆို

တင်းမရွာသားတွေ ပွင့်လင်းရာသီ နေရပ်ပြန်နိုင်မယ်လို့ဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက တင်းမကျေးရွာသားတွေ နေရပ်ပြန်နိုင်ရေးအတွက် အခုနှစ်ပွင့်လင်းရာသီမှာ စတင်ဆောင်ရွက်ပေးဖို့ မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေအရေး ကိုင်တွယ်ဆောင်ရွက်နေတဲ့ စစ်ကောင်စီ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြောပါတယ်။

တင်းမကျေးရွာဟာ ၂၀၂၀ ခုနှစ်အတွင်း စစ်တပ်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ အတွင်း စစ်တပ်မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်လို့ ဆိုကြပါတယ်။

တင်းမရွာသား ၁၈ ဦးတို့ကို ကျေးရွာအနီးတပ်စွဲထားတဲ့ စစ်တပ် တပ်စခန်းက ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရတဲ့အတွက် ၂၀၂၀ ခုနှစ် မတ်လအတွင်း ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတဲ့အချိန် နေအိမ်အများအပြား မီးရှို့ခံလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီကျေးရွာသားတွေဟာ ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ ဒုက္ခသည်တွေအဖြစ် နဲ့ ခိုလှုံနေကြတာဖြစ်ပါတယ်။

အဲ့ဒီကျေးရွာသားတွေဟာ ဒုက္ခသည်စခန်းတွေမှာခိုလှုံနေတာ တစ်နှစ်ခွဲခန့်ကြာနေပြီဖြစ်တဲ့အတွက် သူတို့ရဲ့မူလနေရပ် ကျေးရွာကို ပြန်လည်သွားရောက်နေထိုင်ခွင့်ရရှိဖို့ ပြည်နယ်တာဝန်ရှိသူတွေထံ အခုနှစ် မတ်လအတွင်းက နှစ်ကြိမ်တင်ပြထား ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျေးရွာသားတွေဘက်က ရွာပြန်နေထိုင်ခွင့်ရဖို့အရေး တင်ပြတောင်းဆိုထားပေမယ့် လတ်တလောအခြေအနေအရ မိုင်းရှင်းလင်းဖို့လိုအပ်တာရယ်၊ ကိုဗစ်ကာလဖြစ်နေတဲ့အတွက်ကြောင့်ရယ်၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့ငွေတွေကို ဘဏ်ကထုတ်မရတာရယ် အဲ့ဒီအချက်သုံးချက်ကြောင့် ပွင်းလင်းရာသီရောက်မှ ဆောင်ရွက်ပေးဖို့ဆုံးဖြတ်ရတာဖြစ်တယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွေကတော့ စစ်တပ်က တာဝန်ယူဆောင်ရွက်ရမယ့်ကိစ္စဖြစ်တာကြောင့် ဘယ်လို့ဆောင်ရွက်မယ်ဆိုတာကို မသိနိုင်ဘူးလို့ ဦးသန်းထွန်းက ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မူလနေရပ်ပြန်လည်သွားရောက်နေထိုင်ခွင့်ရရှိရေးအတွက် လွန်ခဲ့တဲ့ ခြောက်လခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို နှစ်ကြိမ်တိုင်တိုင်တင်ပြထားပြီးဖြစ်ပေမယ့် တစ်စုံတစ်ရာထူးခြားတာမရှိကြောင်း တင်းမကျေးရွာပြန်လည်ထူထောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်အေးလှက ပြောပါတယ်။

ကျေးရွာအတွင်း မီးမလောင်ဘဲကျန်နေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ဆေးပေးခန်းနဲ့ နေအိမ်တွေကို ခြောက်သွေ့ရာသီမှာ မီးလောင်မှုတွေထပ်မဖြစ်ရအောင် ချုံနွယ်ပိတ်ပေါင်းတွေကို သွားရောက်ရှင်းလင်းခွင့်ပေးဖို့အတွက် စက်တင်ဘာ ၂ ရက်နေ့မှာ နောက်ထပ်စာတစ်စောင်တင်ပြထားတယ်လို့ ကော်မတီက ပြောပါတယ်။

"ပြန်ခွင့်မရရင်လဲ ကျွန်တော်တို့က နေရမှာပဲ။ ကျွန်တော်တို့ပြန်မယ်ဆိုရင်လဲ သူတို့ကစားနပ်ရိက္ခာပေးဖို့၊ ပျက်စီးတဲ့အိမ်တွေ ဘာတွေကို တည်ဆောက်မှုတွေ လုပ်ပေးပြီးမှ သွားရမှာလေ၊ အခုက ကျွန်တော်တို့မှာ တစ်လစာကို တစ်လစားဖို့ မလောက် ဖြစ်နေတာပါ။ ဒုက္ခသည်စခန်းမှာနေပြီး မြို့မှာ ရေမြောင်းတူးတယ်။ အိမ်သာကျင်းတူးတယ်။ တချို့က ထီးလုပ်တယ်။ ခမောက်ရက်တယ်။ မျှစ်ခူးတယ်။ ဒီလိုစားနေရတာ။"လို့ ဦးမောင်အေးလှက ပြောပါတယ်။

တင်းမကျေးရွာဦးက တောင်ရှည်တာင်တန်းပေါ်မှာ စစ်တပ်စခန်းရှိနေပြီး အဲ့ဒီနေရာကို သွားရောက်ခွင့်မရကြသလို ဘယ်သူမှလည်း မသွားရဲကြဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တင်းမကျေးရွာဟာ မူလက အိမ်ခြေ ၅၈၅ အိမ်ရှိခဲ့ပြီး မီးရှို့ခံရတဲ့အတွက် ၁၃၂ အိမ် မီးလောင်ကျွမ်းခဲ့ရကာ ၉၀ ကျော် ပျက်စီး သွားပြီး လက်ရှိမှာတော့ ၃၆၀ ခန့်ကျန်နေသေးတယ်လို့ ဦးမောင်အေးလှက ပြောပါတယ်။

တင်းမကျေးရွာအပြင် ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကျော်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကာလအတွင်း အခုလိုမီးလောင်ပျက်စီးခဲ့ရတဲ့ ကျေးရွာပေါင်းအများအပြားရှိနေပြီး အဲ့ဒီထဲက မြောက်ဦးမြို့နယ်အတွင်းမှာရှိတဲ့ လက္ကာကျေးရွာနဲ့ မင်းပြားမြို့နယ်အတွင်းမှာ ရှိတဲ့ ဖားပျော်ကျေးရွာတွေမှာ စစ်ကောင်စီဘက်ကနေ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဖျားပျော်ကျေးရွာမှာ လုံးဝပျက်စီးသွားတဲ့နေအိမ် ၄၁ လုံး နဲ့ တဝက်တပျက် ပျက်စီးတဲ့အိမ် ၄၁ လုံး၊ လက္ကာကျေးရွာမှာ နေအိမ် ၁၉၇ လုံးကိုဆောက်ပေးထားပြီးဖြစ်ကာ တဝက်တပျက်ပျက်စီးသွားတဲ့အိမ်ပေါင်း ၂၂၄ လုံး ရှိတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

အခုနေအိမ်ဆောက်လုပ်ပေးထားတဲ့အိမ်တွေဟာ မိမိကျေးရွာမှာ ပြန်လည်သွားရောက်နေထိုင်ချင်ကြောင်း တင်ပြတဲ့မိသားစုတွေကိုသာ ကူညီပေးနေတာဖြစ်ပြီး ဒုက္ခသည်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြသူတွေကိုတော့ ဆောက်ပေးခြင်းမရှိဘူးလို့သိရပါတယ်။