မြန်မာမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသန်းနီးပါး ရှိပြီ

ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ကာကွယ်ဆေးထိုးမယ့်သူများ စောင့်နေကြတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MOH

ဓာတ်ပုံ ပုံစာ,

ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ကာကွယ်ဆေးထိုးမယ့်သူများ စောင့်နေကြတဲ့မြင်ကွင်း

မြန်မာနိုင်ငံမှာ သြဂုတ် ၃၁ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးတဲ့ လူဦးရေ ၄ ဒသမ ၇ သန်းကျော် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီထဲ နှစ်ကြိမ် အပြည့်ထိုးပြီးသူက ၂ သန်းကျော် ရှိပြီဖြစ်ပါတယ်။ ပထမတစ်ကြိမ်ပဲ ထိုးပြီးတဲ့သူက ၂ ဒသမ ၆ သန်းကျော် ဖြစ်လို့ ဒုတိယအကြိမ် ဆက်ထိုးရဦးမှာပါ။

ဒါကြောင့် စုစုပေါင်းကာကွယ်ဆေးထိုးပြီးတဲ့ အကြိမ်ပေါင်းက ၆ ဒသမ ၈ သန်း ကျော် ရှိပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဇူလိုင်လက ပထမအကြိမ် ကာကွယ်ဆေးထိုးထားသူတွေကို ဒုတိယအကြိမ်ဆက်ထိုးပေးနေတာတွေ ရှိနေသလို လုံးဝမထိုးရသေးသူတွေကိုလည်း ဆက်ထိုးပေးနေလို့ ကာကွယ်ဆေးထိုးပြီးသူက ၅ သန်း နားကပ်လာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်ရှီး၊ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း နဲ့ ဆိုင်နိုဗက် ကာကွယ်‌ဆေးတွေကိုပဲ အဓိက ထိုးပေးနေတာဖြစ်ပါတယ်။

ရုရှားထုတ် စပွန်းနစ် နဲ့ အိန္ဒိယထုတ် ကိုဗစ်ဆင် ကိုလည်း ထိုးကြတာရှိပေမယ့် အလွန်နည်းတဲ့ပမာဏ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေးကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ဇန်နဝါရီ ၂၇ ရက်မှာ စတင်ထိုးနှံပေးခဲ့ပါတယ်။

နှစ်ကြိမ်အပြည့်မထိုးကြသူတွေ

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ဇန်နဝါရီ ၂၇ ရက် က စလို့ ကိုဗစ်ကာကွယ်ဆေး စထိုးပေးခဲ့တာဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကိုဗစ်ကာကွယ်ဆေးက လူတစ်ဦးကို နှစ်ကြိမ်ထိုးရတာပါ။

ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း စစ်တပ်က အာဏာသိမ်းတဲ့ အကျိုးဆက်အဖြစ် ကာကွယ်ဆေး ထိုးလုပ်ငန်းလည်း ရပ်တန့်သွားခဲ့ရပါတယ်။

ပထမတစ်ကြိမ်ထိုးထားသူတွေ ဒုတိယအကြိမ်ကာကွယ်ဆေး လာမထိုးကြလို့ ကိုဗစ်ရှီးဆေး တစ်သန်းကျော် ကျန်နေလို့ လာထိုးကြဖို့ ဧပြီလထဲမှာ နိုင်ငံပိုင်သတင်းစာတွေထဲကနေ ဖိတ်ခေါ်ခဲ့ရပါတယ်။

ပထမအကြိမ် ကာကွယ်ဆေး ၁ ဒသမ ၅၄ သန်းထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ၀ ဒသမ ၃၄ သန်းသာ လာထိုးကြလို့ ဖိတ်ခေါ်ခဲ့ရတာပါ။

နောက်ဆုံးမှာ လူ ၂ သိန်းလောက်ထိုးဖို့ ကျန်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တစ်ဦးကပြောပါတယ်။

'ဆေးတွေ ရက်လွန်ကုန်မှာစိုးလို့ ဒုတိယအကြိမ်လာမထိုးတဲ့သူတွေကို စောင့်မနေတော့ဘဲ လုံးဝမထိုးရသေးတဲ့သူတွေကိုထိုးပေးခဲ့ရတယ်' လို့ သူကပြောပါတယ်။

ဒါ့အပြင် တရုတ်ဆေးတွေ ဝယ်ပြီးတဲ့နောက် အသက် ၆၅ နှစ်နဲ့အထက်တွေကို ကာကွယ်ဆေးပထမအကြိမ် ထိုးပေးပြီးတဲ့နောက် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် လာမထိုးနိုင်တဲ့သူတွေလည်း ရှိကြပါတယ်။

'တိုင်းနဲ့ပြည်နယ်တွေကို ပထမအကြိမ်အတွက် ၁ ဒသမ ၈ သန်းပို့ပေးရင် ဒုတိယအကြိမ်ထိုးဖို့လည်း အဲ့ဒီပမာဏပဲ ထပ်ပို့ပေးတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်မှာ လာမထိုးလို့ ပိုနေရင် လူသစ်တွေကိုထိုးပေးလိုက်တာပဲ' ကျန်းမာရေးဝန်ကြီးဌာနက ဒုညွှန်ချုပ် ဒေါက်တာကျော်ကံကောင်း က ဘီဘီစီကို ပြောပါတယ်။

ကိုဗစ်ရှီးရဲ့ သက်တမ်းက ၆ လဖြစ်ပြီး ဆိုက်နိုဖန်းရဲ့ သက်တမ်းက ၂ နှစ်လို့ ဒေါက်တာကျော်ကံကောင်း က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOH

ဓာတ်ပုံ ပုံစာ,

စစ်ကိုင်းတိုင်း ထဲမှာ ကာကွယ်ဆေး ထိုးပေးစဥ်

တရုတ်ကို အားထားနေရ

အိန္ဒိယကနေ ကိုဗစ်ရှီးကာကွယ်ဆေး သန်း ၃၀ ဝယ်ယူခဲ့ပေမယ့်လို့ လှူတာရော ဝယ်တာအပါအဝင် သုံးသန်းခွဲ ရောက်လာပြီးနောက်ပိုင်း အိန္ဒိယမှာ ရောဂါပြင်းထန်လာတာကြောင့် ဆေးတွေ ထပ်မရောက်လာခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်လာချိန်မှာတော့ စစ်ကောင်စီဟာ ကာကွယ်ဆေးရဖို့ သူနဲ့ဆက်ဆံရေး အဆင်ပြေတဲ့ ရုရှားနဲ့ တရုတ် ကို အားကိုးခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ်မှာ စာချုပ်ချုပ်ခဲ့တဲ့ ကာကွယ်ဆေး ၂ သန်းဟာ သြဂုတ်လကုန်အထိ ရောက်မလာခဲ့သေးပါဘူး။

ဒါပေမယ့် တရုတ်ထုတ် ကာကွယ်ဆေးတွေကတော့ သြဂုတ်လကုန်ပိုင်းအထိကို ၆ သန်းခွဲအထိ ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် ၂၄ သန်းအထိ ဝယ်ဖို့စာချုပ်ချုပ်ထားပြီး ဒီနှစ်မကုန်ခင် အကုန် ရောက်လာမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒုညွှန်ချုပ် ဒေါက်တာကျော်ကံကောင်း က ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာ မှာ ၁၀ သန်းစီ ရောက်မှာ ဖြစ်ပြီး နိုဝင်ဘာ မှာ လက်ကျန် ၄ သန်း ရောက်မယ်လို့ လျာထားတဲ့အကြောင်း ဒေါက်တာကျော်ကံကောင်း က ပြောပါတယ်။

'ငွေချေပြီး ၅ ရက်အတွင်း ဆေးပို့ပေးတယ်' လို့ သူကပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရက သူ့နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့တွေမှာ ကာကွယ်ဆေးထိုးပေးဖို့ ကာကွယ်ဆေး ၁ သန်းထပ်လှူပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယ၊တရုတ် နဲ့ ရုရှား တို့ကနေ လက်ဆောင်တွေရခဲ့ပါတယ်။ အဲ့ဒီ ၃ နိုင်ငံက အစိုးရချင်းလှူတာရှိသလို တပ်မတော်အချင်းချင်းလည်း လှူကြပါတယ်။

အဲ့ဒီအထဲ တရုတ်တပ်မတော်က အများဆုံး လှူဒါန်းထားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

' တပ်မတော်အချင်းချင်းလှူတာကိုတော့ တပ်မတော်သားတွေကိုထိုးပေးပါတယ်' လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

စစ်ကောင်စီ ကာကွယ်ဆေးထိုးဖို့ ရန်ကုန်မြို့မှာတန်းစီနေကြ

တရုတ်ဆေးကို မယုံကြည်သူတွေလည်းရှိ

တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် နဲ့ ဆိုင်နိုဖမ်း နှစ်မျိုးလုံး ကို အရေးပေါ်လိုအပ်ချက်မှာ သုံးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရုတ်ဆေးကို ထိုးဖို့မဝံ့ရဲတဲ့သူတွေ ရှိနေဆဲပါ။

ကာကွယ်ဆေးကျွမ်းကျင်သူတွေကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြုပေးထားပြီးဖြစ်လို့ ထိုးထားတာက မထိုးတာထက် ပိုကောင်းတယ်လို့ အကြံပြုကြပါတယ်။

ကိုဗစ်ရှီးတွေ သန်းဂဏန်းအထိ ပိုလျှံခဲ့ပေမယ့်လို့ ကိုဗစ် တတိယလှိုင်းမှာ အသေအပျောက်များလာတဲ့အခါ ကာကွယ်ဆေးထိုးဖို့ စိတ်ဝင်စားမှု ပိုလာကြပါတယ်။

ဒီအချိန်မှာ ကာကွယ်ဆေး အတုတွေလည်း ပေါ်လာလို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးစာထုတ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Meida

ဓာတ်ပုံ ပုံစာ,

မြန်မာပြည်ထဲမှာ အွန်လိုင်းကရောင်းတဲ့ ကိုဗစ်ရှီး ကိုဗစ်ကာကွယ်ဆေးဟာ စာလုံးပေါင်းလွဲနေ

ပြည်တွင်းမှာ ကာကွယ်ဆေးထုတ်ဖို့အကြံ

ကာကွယ်ဆေးတွေ တစ်ချိန်လုံး ဝယ်နေရရင် တိုင်းပြည်မွဲသွားလိမ့်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကပြောပြီးတဲ့နောက် ပြည်တွင်းမှာပဲ ကာကွယ်ဆေးထုတ်ဖို့လည်း ကြိုးစားမှုတွေရှိပါတယ်။ ဒီအကြံအစည်ကို ရုရှားနဲ့ပေါင်းလုပ်ဖို့ ကနဦး စီစဥ်ခဲ့ပေမယ့် တရုတ်နဲ့က ဖြစ်နိုင်ခြေ ပိုများနေတယ်လို့ စစ်ကောင်စီ ဝန်ကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

'အဓိကက ဆေးအတွက် ကုန်ကြမ်းက ရုရှားထက် တရုတ်က ပိုလွယ်နေလို့ပါ။ ဘယ်သူနဲ့လုပ်ဖြစ်မယ်ဆိုတာတော့ အတိအကျမဆုံးဖြတ်ရသေးပါဘူး။ သုတေသနတွေလုပ်နေဆဲပဲ' လို့ သူကပြောပါတယ်။

ကာကွယ်ဆေးထုတ်ဖို့ စက်ရုံကို ရန်ကုန်မှာ လျာထားပြီး ဒီနှစ်အတွင်း ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ဒီနှစ်အတွင်း အသက် ၁၈ နှစ်အထက်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း အထက်ကို ကာကွယ်ဆေးထိုးနှံပေးဖို့ လျာထားတဲ့အကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၄၁၂,၅၈၇ ဦး ရှိပြီ လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအထဲ ကိုဗစ်ကြောင့် သေဆုံးသူ တစ်သောင်းခွဲ ကျော် သွားပြီလို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။