ဦးကျော်မိုးထွန်းပါ စကားပြောခွင့် မရဘူးဆိုရင် အထွေထွေ ညီလာခံ လုပ်ထုံးတွေနဲ့ ကိုက်ညီရဲ့လား

အထွေထွေ ညီလာခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကုလ အထွေထွေ ညီလာခံ စက်တင်ဘာ ၁၄ ရက်နေ့ စတင်

အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စကားပြောခွင့် မပေးဖို့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကြား သဘောတူမှု ရထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား ညှိနှိုင်း ဆွေးနွေးမှုတွေ သီတင်းပတ်တချို့ အချိန်ယူပြီး တိတ်တဆိတ် ပြုလုပ် နေခဲ့ကြရာကနေ အလွတ်သဘော ဘုံသဘောထားတွေ ထွက်ပေါ် လာခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

အဲဒီ သဘောထားဟာ မြန်မာ အာဏာသိမ်း စစ်တပ် အတွက် တရားဝင် အစိုးရ သဖွယ် ကုလသမဂ္ဂစင်မြင့်မှာ ဆက်ဆံခံရရေး မျှော်လင့်ချက်ကို အကြီးအကျယ် ထိခိုက် သွားစေတယ်လို့ ကုလသံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် နိုင်ငံတကာ ဆက်ဆံရေးကို အထူး လေ့လာ သုံးသပ်တဲ့ ဖောရိန်းပေါ်လစီ နိုင်ငံခြားရေးမူဝါဒ FP စောင်စောင်က ရေးပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံဟာ စက်တင်ဘာ ၁၄ ရက်နေ့ စတင်မှာ ဖြစ်ပြီး၊ ရှေ့လာမယ့် သီတင်းပတ်ထဲမှာတော့ အစိုးရ အကြီးအကဲတွေ၊ နိုင်ငံခြားရေး တာဝန်ရှိသူတွေက အထွေထွေညီလာခံမှာ စတင် စကားပြောကြတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UNTV

ဓာတ်ပုံ ပုံစာ,

NUG နဲ့ လက်တွဲသူ လက်ရှိ ကုလသံ ဦးကျော်မိုးထွန်း

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တခါ၊ နိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့တွေကို စိစစ်ရွေးချယ်တဲ့ "credentials committee" အရည်ချင်းစစ် ကော်မတီရဲ့ အစည်းအဝေးတွေဟာ ဒီနှစ်မှာတော့ နိုဝင်ဘာ လထဲမှာ စတင် သွားဖို့ စီစဥ်ထားတယ်လို့ ကုလရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီ ကော်မတီကနေ အဖြေ တစုံတရာ ထွက်မလာ သေးတဲ့ အထိ မြန်မာကို ကိုယ်စားပြုသူဟာ လက်ရှိ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တနည်းအားဖြင့် ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဖြစ်တယ်လို့ လည်း ကုလရဲ့ လုပ်ထုံးလုပ်နည်းတွေ အကြောင်း ကျွမ်းကျင်သူတွေက အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။

ဒါ့ကြောင့် အမေရိကန်နဲ့တရုတ်ကြား အခု အလွတ်သဘော နားလည်မှု ယူထားတာဟာ အဲဒီ နိုဝင်ဘာ ကော်မတီ အစည်းအဝေးကနေ အဖြေ တစုံတရာ မထွက်မချင်း စစ်ကောင်စီ ကိုယ်စားလှယ်ကို ကုလ အထွေထွေ ညီလာခံမှာ နေရာပေးတာမျိုး၊ စကားပြောခွင့် ပြုတာပေးတာမျိုး မလုပ်ကြဖို့ အဓိပ္ပာယ် ဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ရလာတယ် ဆိုတဲ့ သဘောတူမှုအရ ဦးကျော်မိုးထွန်း အနေနဲ့လည်း အထွေထွေ ညီလာခံမှာ စကားမပြောပဲ နေရမယ် ဆိုတဲ့ အချက် ပါဝင်တယ်လို့ ကနဦး သတင်းတွေက ဆိုပြီး ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြု နိုင်ဖို့ ကြိုးစား နေပါတယ်။

တရုတ်နဲ့ အမေရိကန် ကမကထလုပ် ညှိနှိုင်းတဲ့ ဒီ သဘောတူမှုကို ဥရောပ သမဂ္ဂ အီးယူရော၊ အာဆီယံ နိုင်ငံတွေရော၊ ရုရှားပါ မကျန် အလွတ်သဘော လက်ခံကြတယ် ဆိုပြီးတော့လည်း ကုလ သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး FP က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံဟာ ရုရှားနဲ့ အတူ အရည်အချင်းစစ် ကော်မတီထဲ အမြဲပါဝင်လေ့ ရှိပါတယ်။

ဒီနှစ်မှာတော့ စစ်အာဏာသိမ်း ခံထားရတဲ့ မြန်မာ အရေး၊ တာလီဘန်တွေလက်ထဲ ပြန်ရောက် သွားတဲ့ အာဖဂန်နစ္စတန် အရေးတို့လို အငြင်းပွားဖွယ် ကိစ္စတွေ၊ ကော်မတီထဲ အတော်လေး ညှိနှိုင်းဆွေးနွေး ယူရမှာတွေ ရှိနေတယ်လို့ ကုလအရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားနှင့်ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် တရုတ်နဲ့ အမေရိကန်တို့ဟာ မြန်မာအရေး သီးသန့် ဆွေးနွေးခဲ့တာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဖြစ်နိုင်တာကတော့ အာဖဂန်နစ္စတန် အရေးလို ကိစ္စတွေနဲ့ အတူ အချိန်ယူ ကြိုတင် ညှိနှိုင်းခဲ့ကြတာ ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

NUG ထောက်ခံပွဲတွေ ကမ္ဘာ့အနှံ့ ကျင်းပလာ

ဘာဖြစ်လို့ အဲဒီလို ကြိုညှိတာမျိုးတွေ လုပ်ရတာလဲ ဆိုတာကို ဩစတြးလျ နိုင်ငံ မဲလ်ဘုန်းမြို့ အခြေစိုက် နိုင်ငံတကာ ဥပဒေရေး ပညာရှင်လည်း ဖြစ်၊ ကွင်းစ်လန် တက္ကသိုလ်ရဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ နိုင်ငံတကာ အကာအကွယ် ပြုပေးရေး ဌာနရဲ့ သုတေသီ တစ်ဦး ဖြစ်တဲ့ ရဘက္ကာ ဘာရ်ဘာ က ဘီဘီစီကို အခုလို ပြောပါတယ်။

"အရည်ချင်း စစ်ကော်မတီ အစည်းအဝေးကို နိုဝင်ဘာမှာ လုပ်ကြမယ် ဆိုပြီး စီစဥ်ထားပေမယ့်၊ တကယ်လို့ အထွေထွေ ညီလာခံမှာ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံ တစ်ခုခုက ထပြီး ကန့်ကွက်တာမျိုး လုပ်လာပြီဆိုရင်၊ အမြန်ဆုံး ဖြေရှင်း ပေးရမယ့် တာဝန်ရှိပါတယ်။ အခုနှစ်မှာ မြန်မာအရေး၊ အာဖဂန် အရေးတို့ အပြင် ကိုယ်စားပြုခွင့် ရရေး အငြင်းပွားနိုင်တဲ့ နိုင်ငံတချို့လည်း ရှိနေပါတယ်။

ကော်မတီ အစည်းအဝေးကို စီစဥ်ထားတာထက် စောပြီး ခေါ်ရတာမျိုးကနေ ရှောင်နိုင်ပြီး ချောချောမွေ့မွေ့ ဖြစ်စေဖို့ ကြိုညှိကြတာလည်း ဖြစ်နိုင်ပါတယ်" ဆိုပြီး မစ္စ ဘာရ်ဘာက သုံးသပ်ပါတယ်။

ဒါပေမယ့် ဦးကျော်မိုးထွန်း စကားပြောခွင့် ရမှာ မဟုတ်ဘူး ဆိုတဲ့ အချက် တကယ်မှန်ခဲ့ရင်တော့ အံ့အားသင့်စရာပဲ လို့လည်း သူက ဝေဖန်ပါတယ်။

"ကျွန်မ နားလည်ထားတာကတော့ အရည်ချင်းစစ် ကော်မတီ ကနေ မတူတဲ့ ဆုံးဖြတ်ချက် ထွက်မလာမချင်း လက်ရှိ ကိုယ်စားလှယ်ဟာ သူ့တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ခုံနေရာမှာ ယာယီ ထိုင်ခွင့် ရှိပါတယ်။ အားလုံးနဲ့ အခွင့်အရေးလည်း တန်းတူ ရပါတယ်။ စကားပြောခွင့် ရှိပါတယ်။ အခု စကားမပြောရ ဆိုတဲ့ သဘောတူမှု ရှိတယ် ဆိုရင်တော့ အင်မတန် အံ့ဩဖို့ ကောင်းတယ်" ဆိုပြီး ဩစတြေးလျ အခြေစိုက် ဥပဒေ ပညာရှင် ရဘက္ကာ ဘာရ်ဘာက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အထွေထွေ ညီလာခံ ဥက္ကဌ မော်လ်ဒိုက် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလာ ရှာဟစ်

နိုင်ငံကို ကိုယ်စားပြုခွင့် အရည်ချင်းစစ်ကော်မတီထဲမှာ ဘယ်နိုင်ငံတွေ ပါမလဲ ဆိုတာလည်း စက်တင်ဘာ ၁၄ ရက်နေ့မှာ အခု ၇၆ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံ သဘာပတိ/ဥက္ကဌ အဖြစ် ရွေးချယ် ခံထားရတဲ့ မော်လ်ဒိုက် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလာ ရှာဟစ်က ကြေညာလာဖို့ ရှိပါတယ်။

ကုလ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကော်မတီ ဥက္ကဌက ဆွီဒင်၊ အဖွဲ့ဝင်တွေက ပါနေကျ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ကျန် ၅ နိုင်ငံကတော့ ဘဟားမားစ်၊ ချီလီ၊ ဘူတန်၊ ဆီယာရာလီယွန်း၊ တောင်အာဖရိကတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ယန္တရားစံနစ်ထဲမှာ ရှိနေတဲ့ ဂျနီဗာ အခြေစိုက် လူ့ အခွင့်အရေးကောင်စီ UNHRC၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO တို့လို အဖွဲ့အစည်းတွေကလည်း မြန်မာ နိုင်ငံကို ကိုယ်စားပြုခွင့်ကို လက်ရှိ ဘယ်သူကိုမှ ပေးမထားပဲ အဲဒီ ကုလ အထွေထွေ ညီလာခံ အရည်ချင်းစစ်ကော်မတီ ကနေ ထွက်ပေါ် လာမယ့် ရလဒ်အဖြေကို စောင့်နေကြပါတယ်။

ဦးကျော်မိုးထွန်း နေရာမှာ ဦးအောင်သူရိန် ဆိုသူနဲ့ အစားထိုးလိုကြောင်း စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ထံကို မတ်လ ၁၂ ရက်နေ့ မှာ အကြောင်းကြား ထားပါတယ်။

အခု အထွေထွေ ညီလာခံမှာ စစ်ကောင်စီသာ မြန်မာကို ကိုယ်စားပြု တက်ရောက်ခွင့် ရမယ်ဆိုရင် ဦးဝဏ္ဏမောင်လွင်ကို တွေ့မြင်ရမှာလား၊ ကုလ ဆိုင်ရာ မြန်မာ သံအမတ် အဖြစ် သူရွေးချယ်ထဲ ဦးအောင်သူရိန်ပဲ ရှိမှာလား ဆိုတာတော့ မသိရပါဘူး။