အလင်္ကာပုလဲပန်း ပဒပူရဏရဲ့မာယာပရိယာယ်များ
- ကိုသိမ်းမြတ်
- ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ ရင်းမြစ်, cj
မြန်မာစကားရင်းမြစ်များစွာကိုတွေ့နိုင်သေးတဲ့ ထားဝယ်ဒေသရဲ့ရေအိုးရွက်အက
ကကြီးနှစ်လုံးအပိုဖြည့်စကားတန်ဆာဆင်ထားတဲ့ ကတောက်ကဆတ်တို့၊ ကဖျက်ကယက်တို့ကို အရင်ဆောင်းပါးတွေထဲမှာရေးခဲ့ပါတယ်။ အားလုံးအကုန်ဆွေးနွေးမယ်ဆိုရင် သိပ်ကျယ်ပြန့်သွားနိုင်ပါတယ်။ ဗမာစကားမှာ အပိုဖြည့်စွက်ရုံသက်သက်ထည့်တဲ့စကားတွေကို ပါဠိလို ပဒပူရဏလို့ခေါ်ပါတယ်။ အဲသလိုစကားတွေကများလှပါတယ်။
"အ" အက္ခရာအပိုဖြည့်စွက်တာအများဆုံးဖြစ်မယ်ထင်ပါတယ်။ "တဝမ်းပူ"နဲ့ "ကကြီး" အပိုဖြည့်စွက်တဲ့စကားလုံးတွေကလည်း အလွန်များပါတယ်။ ဒါ့ကြောင့် ကကြီးဖြည့်စွက်တဲ့အထဲမှာတောင် ထင်ရှားတဲ့စကားတချို့ကိုသာ ရွေးချယ်ဆွေးနွေးပါမယ်။
ထင်ရှားတဲ့စကား၊ စိတ်ဝင်စားဖွယ်ပိုကောင်းတဲ့စကားတွေကို ရွေးချယ်ဆွေးနွေးပြီးရင် ကျန်တဲ့စကားလုံးတွေကိုလည်း မိမိဘာသာ ဆက်လက် ဆင်ခြင် တွေးတော နိုင်မယ်လို့ထင်ပါတယ်။
ကတုန်ကယင်
တုန်ယင်ဆိုတဲ့စကားကို ကကြီးနှစ်လုံးနဲ့တန်ဆာဆင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ တုန်တယ်ဆိုတာ ခါတာလှုပ်တာကို ပြောတာပါ။ ဆရာကြီးဦးထွန်းတင့်ပြောတဲ့ ကကြီးနှစ်လုံးတန်ဆာဆင်ထားတဲ့စကားတွေဟာ မတည်ငြိမ်တဲ့သဘော၊ လှုပ်ရှားတဲ့သဘောနဲ့ တနည်းမဟုတ်တနည်းဆက်စပ်တယ်ဆိုတာကို သတိရဖွယ် ဖြစ်ပါတယ်။ ယင်ဆိုတဲ့စကားဟာ တုန်ကိုအားဖြည့်ပေးပါတယ်။ အခုပြဋ္ဌာန်းသတ်ပုံက "တုန်ယင်" ဖြစ်ပါတယ်။
ပြဋ္ဌာန်းသတ်ပုံဆိုတာ ဆရာကြီးဦးထွန်းတင့်ပြောတဲ့သဘောအရ အားလုံးဒီလိုရေးကြပါလို့ စံသတ်မှတ်ပြဋ္ဌာန်းပေးထားတာ ဖြစ်ပါတယ်။ ဒါမှအမှန်လို့ မဆိုလိုပါဘူး။ မှားမှန်းသိလျက်နဲ့ ခိုင်လုံတဲ့ အကျိုးအကြောင်းရှိလို့ တမင်ပြဋ္ဌာန်းထားတာတွေတောင် ရှိပါတယ်။ မှားနေမှန်းမသိလို့ ပြဋ္ဌာန်းထားမိတာတွေလည်း ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။
ကတုန်ကယင်ကို ဆရာတော်ဦးကောသလ္လရဲ့ မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာ ကတုန်ကရင်လို့ရေးထားပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ ကတုန်ကရင်နဲ့ ကတုန်ကယင်ဟာ အတူတူပါပဲလို့ ဆိုပါတယ်။ ဒါတွင်မကဘဲ တကယ်လို့ ကတုန်ကလျင်လို့ စာလုံးပေါင်းမယ်ဆိုရင်တောင် ကန့်ကွက်စရာမရှိဘူးလို့ ဆိုပါတယ်။ ရင်၊ ယင်၊ လျင် ဆိုတဲ့သုံးလုံးဟာ အနက်အတူတူပဲမို့ ဘယ်ဟာကိုသုံးသုံး အဓိပ္ပာယ်အရ သိပ်ခြားနားသွားစရာမရှိဘူးလို့ ဆရာကြီးကဆိုပါတယ်။
စကားလုံးသုံးလုံးဟာ အနက်ရင်းတူပြီးတခုနဲ့ တခုဆက်လည်း ဆက်စပ်နေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် နေရာတော်တော်များများမှာ ရကောက်နဲ့ ယပက်လက်ဟာ ခွဲခြားဖို့တောင် ခက်လောက်အောင် တူညီနေတယ်လို့ပြောပါတယ်။ ရင်၊ ယင်၊ လျင် သုံးလုံးဟာ တုန်ခါတဲ့သဘောကိုဆောင်တယ်။ တုန်ခါနေတဲ့အရာတွေဟာ လျင်မြန်တတ်တဲ့ သဘောလည်း ဆောင်တယ်။ လျင်မြန်တဲ့အတွက် ရှေ့ရောက်တာမျိုးလည်း ရှိတတ်တယ်လို့ ဆရာကြီးက ဆိုပါတယ်။
"ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်လေးတကောင်ဟာ လှုပ်လှုပ်ရှားရှားလည်းရှိပြီး မြန်လည်း မြန်တဲ့ အတွက် အဲဒီအကောင်လေးကို ယင် လို့ကျွန်တော်တို့ခေါ်ပါတယ်။ သူ့ကို ယင်ကောင်လို့ ခေါ်တာဟာ မြန်လည်းမြန်သလို လှုပ်လည်းလှုပ်ရှားနေတတ်တဲ့ အကောင်လေးမို့ခေါ်တာပါ။ နောက်တခါမြန်တာကိုပဲ လျင်နဲ့တွဲပြီး လျင်မြန်လို့လည်း သုံးပါတယ်။ ကမ္ဘာမြေကြီးကို တုန်ခါစေတဲ့အရာကိုပဲ ငလျင်လို့လည်းခေါ်ပါတယ်။ ဒါဆို ရင်၊ ယင်၊ လျင်တို့ဟာ တသဘောတည်းဆိုတာ ကိုသိမ်းမြတ်သဘောပေါက်နိုင်ပါလိမ့်မယ်။ နောက်တခါ လူ့ရဲ့ ခန္ဓာကိုယ်ရှေ့ဘက်ခြမ်းကို ရင်လို့ခေါ်ပါတယ်။ အဲဒါက ရှေ့ဘက်ရောက်နေလို့ခေါ်တာပါ။ လှုပ်နေရင်မြန်တယ်။ မြန်နေရင် ရှေ့ရောက်တယ်ဆိုတဲသဘောတွေဟာ တခုနဲ့တခုဆက်စပ်နေတယ်ဆိုတာ အဲဒါကိုကျွန်တော်ပြောတာပါ။"
ဆရာကြီးဦးထွန်းတင့်ရှင်းပြတာဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုသိုလ်တော်ဘုရားထဲက ကျောက်စာချပ်များ
ကနွဲ့ကလျ
နွဲ့လျဆိုတဲ့စကားကို ကကြီးနှစ်လုံးနဲ့ တန်ဆာဆင်ထားကြောင်းပေါ်လွင်ပါတယ်။ ကတုန်ကယင်ကို ကကြီးမပါဘဲ တုန်တုန်ယင်ယင်လို့လည်း သုံးတတ်သလို ကနွဲ့ကလျကိုလည်း ကကြီးမပါဘဲ နွဲ့နွဲ့လျလျလို့လည်း သုံးနိုင်ပါတယ်။ နွဲ့တယ်ဆိုတာ မခိုင်မာမတောင့်တင်းတာ၊ ညွတ်ပျောင်းတာကို ဆိုလိုပါတယ်။
"လျတယ်ဆိုတာကတော့ သေးတာ၊ ငယ်တာ၊ ပါးတာကိုပြောတာပါ။" လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
ကပျာကယာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ပျာယာဆိုတဲ့စကားကို ကကြီးနှစ်လုံးနဲ့ တန်ဆာဆင်ထားတာပါ။ ဆရာတော်ဦးကောသလ္လက ပျာယာမှာ ယာကို အနက်မဲ့ကာရန်တူနောက်ဆက်လို့ ဆိုပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ ပျာနဲ့ယာ နှစ်ခုစလုံးမှာ အနက်ရှိတယ်လို့ ဆိုပါတယ်။
"သူ့ရဲ့ရင်းမြစ်ကိုလိုက်မယ်ဆိုရင်တော့ ယပင့်မပါတဲ့ "ပါ" မှာ အနက်ကထင်ရှားပေါ်လွင်ပါတယ်။ "ပျာ"တာဟာ "ပါ"တာနဲ့ အတူတူပါပဲ။ အဲဒီပါကို ယပင့်ထည့်တော့ပျာပေါ့။ ရရစ်ထည့်တော့ပြာပေါ့။ ဝဆွဲထည့်ရင်ပွာပေါ့။ ပါ၊ ပျာ၊ ပြာ၊ ပွာဟာ ရင်းမြစ်အတူတူပဲ။ ပါတယ်ဆိုတာ တဖက်ကိုရောက်သွားတာပေါ့။ တဖက်ကိုပါသွားတာပေါ့။ ဟိုဘက်ဒီဘက်ရောက်သွားတာပေါ့။ ရေထဲပါသွားတယ်။ လေထဲပါသွားတယ်။ သူ့ဘက်ပါသွားတယ်။ ငါ့ဘက်ပါလာတယ်။ ဒါလေးတော့ ပါအောင်ယူသွားပါဆိုတာမျိုးပေါ့။ အဲဒီပါကိုရရစ်ထည့်လိုက်ရင် ပြာဖြစ်သွားတယ်။ အဲဒီပြာဟာ ပါထက်အားကြီးသွားတယ်။ အပါလွန်သွားတဲ့သဘောပေါ့။ ခပ်ဝေးဝေးအထိပါသွားတဲ့သဘောရောက်သွားတဲ့ သဘောပါ။ ယပင့်ပျာလည်း ဒီသဘောပဲ။ အပါလွန်သွားတာပဲ။"
ယပင့်နဲ့ရရစ်ရဲ့ကွာခြားချက်ကိုတော့ ဆရာကြီးဦးထွန်းတင့်က ဆရာကြီးဝဇီရဗုဒ္ဓိဦးဖိုးစိန်ကို ကိုးကားပါတယ်။ ဦးဖိုးစိန်ရဲ့အဆိုအရ ယပင့်ထည့်လိုက်ရင် မပင့်ခင်ကထက်ပိုအားကြီးပါတယ်။ ရရစ်ထည့်လိုက်ရင်လည်း မရစ်ခင်ကထက်ပိုအားကြီးတယ်။ နှစ်ခုစလုံးသဘောတူပါတယ်။ ယပင့်အားဟာ ရရစ်အားထက်ပိုကြီးတတ်ပါတယ်။ ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။
"အခုပြာမှာလည်း ရရစ်ပြာက အဝေးထိရောက်သွားတတ်တယ်။ ကိုယ့်ဆီကနေ တခါတည်းလွင့်သွားတယ်။ ဆန်ပြာတဲ့ပြာမျိုး။ ယပင့်ပျာကလွင့်တော့လွင့်တယ်။ ဒါပေမဲ့ မူလဗဟိုချက်က မခွာဘူး။ ရစ်ဝဲရစ်ဝဲနဲ့ပဲ။ ဒါ့ကြောင့် ပျားသတ္တဝါကို ယပင့်နဲ့ရေးတာပါ။ ပျားဆိုတဲ့အကောင်ဟာ အမြဲတမ်းလှုပ်ရှားနေတယ်။ စုရုံးနေတယ်။ ပျာယာခတ်နေတယ်"
"ရှေးက အီနောင်တို့ ဣန္ဒဝံသတို့မှာ မင်းသား၊ မင်းသမီးက ရယ်စရာပြောတဲ့အခါ အထိန်းတော်တွေက ပျား၍ရယ်ကြကုန်၏ ဆိုတာ ခဏခဏ သုံးတယ်။ အဲဒါတကယ်တော့ ယပင့်နဲ့ရေးရမှာဗျ။ ဒါပေမဲ့ တော်တော်များများက သဘောမပေါက်တော့ ရရစ်နဲ့ပြားကြတယ်။ ကျွန်တော်ကတော့ ပြောတော့ပြောတယ်။ ပြား၍ရယ်တာကို ရရစ်ကြီးနဲ့ဆိုတော့ ဝမ်းလျားမှောက်ရယ်တာလားလို့။ အမှန်ကတော့ တစုတရုံးတည်းရယ်ကြတာကိုပြောတာဗျ။"
ယာဆိုတာကတော့ ယား၊ လျား တို့နဲ့ အနက်တူတယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ရွေ့လျားတာ၊ လှုပ်ရှားတာ၊ ပြန့်ကားတာလို့ ဆိုပါတယ်။ တကယ်လို့ ကပျာကရာလို့ဆိုရင်သာ ရာဟာ အနက်မဲ့နောက်ဆက်ဖြစ်နိုင်တယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
ကပိုကရို
ပိုရိုမှာ ကကြီးနှစ်လုံးတန်ဆာဆင်ထားတာပါ။ ပိုရဲ့အဓိပ္ပာယ်ကိုတော့ အားလုံးသိရှိပြီးဖြစ်မှာပါ။ ရိုကပိုရဲ့နောက်ကနေ အနက်မဲ့ကာရန်တူနောက်ဆက်လိုက်ထားတာသာဖြစ်ပါတယ်။ ကပိုကရိုဆိုတာဟာ အစွန်းထွက်နေတာ၊ ရှိသင့်တာထက် များပြားနေတာဖြစ်ပါတယ်။
ကယုကယင်
ယုယင်ကို ကကြီးနှစ်လုံးတန်ဆာဆင်ထားတာပါ။
"အဲဒီယုက ယုတလုံးတည်းတောင်မှသုံးရိုးမရှိဘူးဗျ။ ယုယင်၊ ယုယဆိုတာမျိုးပဲ တွဲသုံးလေ့ရှိတယ်။ ယုယင်၊ ယုယက ကနွဲ့ကလျပြုတဲ့သဘော၊ ချစ်ချစ်ခင်ခင်ဖွယ်ဖွယ်ရာရာလုပ်တဲ့သဘော။ ယကမှ ယတလုံးတည်းသုံးတာရှိသေးတယ်။ အထိန်းတော်၊ အယတော်ဆိုတာမျိုးပေါ့။ စောင့်ရှောက်တာ၊ ပြုစုတာ၊ ချစ်ခင်တဲ့အမူအယာပြုတာပါပဲ။" လို့ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။
စိတ်ဝင်စားစရာကတော့ ကယုကယင်လို့သာသုံးပြီး ကယုကယလို့သုံးတဲ့အလေ့အထမရှိပါဘူး။ ဒါပေမဲ့ တဝမ်းပူ တန်ဆာဆင်ပြီး တယုတယလို့တော့ သုံးပါတယ်။ တယုတယင်လို့တော့အသုံးမရှိပြန်ပါဘူး။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ဒေသကပြောဆိုကြတဲ့စကားတွေထဲမှာမြန်မာစကားရဲ့ရင်းမြစ်အများအပြားတွေ့နိုင်
ကလန်ကဆန်
"ဒါကလည်း ဆန့်ကျင်တဲ့သဘောပါပဲ။ လန်ဆိုတာလှန်တာပါပဲ။ တနည်းအားဖြင့် ကလန့်တိုက်တယ်ဆိုတဲ့သဘောမျိုးပေါ့။ ဆန်ကတော့ ဆန်တက်တဲ့သဘောပေါ့။ ရှောရှောရှူရှူမဟုတ်တဲ့သဘောပေါ့။ လန်ဆန်တယ်လို့တော့ သုံးချင်မှသုံးမှာပေါ့ဗျာ။ လန်ဆိုတာလှန်တဲ့သဘော၊ ဆန်ဆိုတာ ဆန့်ကျင်တဲ့သဘောပါပဲ။"
ကကြီးနှစ်လုံးဆင့်တန်ဆာဆင်ထားတဲ့စကားတွေ အများကြီးရှိပါသေးတယ်။ ကျန်စကားလုံးတွေကိုလည်း မိမိတို့ဘာသာ ကြံဆကြည့်ရင် အဓိပ္ပာယ်ကောက်ယူနိုင်ကြမယ်ထင်ပါတယ်။ ကျန်တဲ့စကားလုံးတချို့ကို နမူနာဖော်ပြရရင် ကတိုက်ကရိုက်၊ ကမောက်ကမ၊ ကရော်ကမည်၊ ကသုတ်ကရက်၊ ကလေကချေ၊ ကလူကလဲ၊ ကလျစ်ကလျူ၊ ကမန်းကတန်း၊ ကသိကအောက်၊ ကမကထ၊ ကပြက်ကချော် စသည်တို့ ဖြစ်ပါတယ်။