စစ်ရေးတင်းမာမှုကို ရခိုင် ဆံတော်ရှင်ကျွန်းက ဒေသခံတွေ စိုးရိမ်၊ ဈေးသည်တချို့အိမ်ပြန်

ဆံတော်ရှင်ဘုရား

ဓာတ်ပုံ ရင်းမြစ်, CJ

ပေါက်တောမြို့နယ်အတွင်းက သမိုင်းဝင်ဆံတော်ရှင် ဘုရားတောင်ပေါ်မှာ စစ်ကောင်စီဘက်က တပ်စွဲထားတဲ့အတွက် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ဒီဇင်ဘာ ၁၀ ရက် မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒေသတွင်း အခြေအနေတွေနဲ့ အဲဒီ ထုတ်ပြန်ကြေညာချက်တို့ကြောင့် ဒေသခံတွေအနေနဲ့ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိကာလမှာ သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲတော်ကျင်းပမယ့် ရက်နဲ့လည်း နီးကပ်လာနေပြီဖြစ်ပြီး ပွဲတော်ကာလအတွင်း အခုလိုမျိုး စစ်ကောင်စီဘက်ကနေ တပ်နေရာချထားမှုကြောင့် နှစ်ဖက်တင်းမာမှုတွေရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဘုရားပွဲ လာရောက်မယ့်ကိစ္စကို ဆင်ခြင်သုံးသပ်ကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ကို အေအေဘက်က တိုက်တွန်းထား ပါတယ်။

ဆံတော်ရှင်ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း နတ်တော်လပြည့်ကျော် ၁၁ ရက်နေ့ကနေ လပြည့်နေ့အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိကြပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ပွဲတော်ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ အခုနှစ်မှာ ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။

အခုနှစ်မှာ ဆံတော်ရှင်ဘုရားပွဲတော် ပြန်လည်ကျင်းပဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး မကြာခင်ရက်ပိုင်း အတွင်းမှာဘဲ ဒီဇင်ဘာ ၃ ရက်နေ့ကစလို့ အင်အား ၁၀၀ ခန့်လောက်ပါဝင်တဲ့ စစ်ကောင်စီတပ်တွေ စိုးမဲဂျီကျေးရွာကို စတင်ရောက်ရှိလာခဲ့ပါတယ်။

စိုးမဲဂျီကျေးရွာအတွင်း သုံးရက်ခန့်နေခဲ့ပြီး စစ်ကောင်စီတပ်တွေက ဘုရားတောင်တက်လမ်းပြုပြင်မှုကို အကြောင်းပြကာ တောင်တက်လမ်းတလျှောက်နေရာယူပြီး အခုရက်ပိုင်းအတွင်းမှာတော့ ဘုရားတောင်တဝိုက်နေရာတွေမှာ ကင်းပုန်းဝပ်တာတွေကို ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒေသခံတွေဘက်က ပြောဆိုတာတွေ၊ အေအေဘက်က ထုတ်ပြန်ထားတာတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရဆီကို ဘီဘီစီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှခဲ့ပါဘူး။

"တိုက်ပွဲဖြစ်ရင်တော့ အကုန်လုံးသေကုန်မှာဘဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေတာက ကျွန်းကြီးထဲမှာ နေတာလေ။ ကိုကိုးကျွန်းလိုပဲ ဟိုဘက်သွားလည်း ပင်လယ်။ ဒီဘက်သွားလည်း ပင်လယ်ပဲရှိတာ။ ဘယ်မှ ထွက်ပြေးလို့လည်း မရဘူး။ ဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်"လို့ စိုးမဲဂျီကျေးရွာသားတစ်ဦးက ပြောပါတယ်။

အခုလို တင်းမာမှုတွေရှိနေတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

အဲ့ဒီဆံတော်ရှင်ကျွန်း (အနောက်ဖရုံကာ)ဟာ ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့ဆုံရာနေရာ စစ်တွေ-ပေါက်တော-ကျောက်ဖြူသုံးမြို့နယ်အကြားမှာတည်ရှိတဲ့ ရေလယ်ကျွန်းကြီးတစ်ကျွန်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

လက်ရှိမှာလည်း လမ်းပြုပြင်မှုတွေကို အကြောင်းပြကာ စစ်ကောင်စီတပ်တွေက ဘုရားတောင်တဝိုက်မှာ နေရာယူထားတဲ့ အတွက် နှစ်ဖက်တင်းမာမှုတွေရှိနေကြသလို ဒေသခံဘုရားဖူးခရီးသည်တွေလည်း ပွဲတော်ရက်အတွင်း ဘုရားဖူးမသွားရဲ ကြတော့ဘဲ စိုးရိမ်ကြောက်လန့်မှုတွေရှိနေကြပါတယ်။

တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပွဲတော်ရက်မတိုင်ခင် အဲ့ဒီနေရာက ဆုတ်ခွာပေးခြင်းမရှိပါက ပွဲတော်ကိုလည်း ကျင်းပနိုင်တော့မှာမဟုတ်သလို ဘုရားဖူးတွေလည်း လာရောက်ကြမှာ မဟုတ်ဘူးလို့ ကုလားတဲ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိအခြေအနေအရတော့ စစ်ကောင်စီတပ်တွေ ဆက်ရှိနေမယ်ဆိုရင် မကြာခင်ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းစလို့ ဆံတော်ရှင်ဘုရားပွဲတော်မှာ ဈေးဆိုင်ရောင်းချကြမယ့် တခြားမြို့နယ်တွေက ဈေးသည်တွေ ရောက်ရှိနေကြပြီလည်း ဖြစ်ပါတယ်။

အခုလို တင်းမာမှုတွေကို မြင်တွေ့နေရသလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဘက်ကလည်း မနေ့က ကြေညာချက်ထုတ်ပြန် လိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်ပြီးတော့ ဈေးသည်တချို့မှာ ဆက်မနေရဲကြတော့ဘဲ ကြုံရာစက်လှေတွေ ငှားပြီးတော့ ပစ္စည်းတွေ ပြောင်းလာခဲ့ကြပြီ ဖြစ်တယ်လို့ ဈေးဆိုင်သည် ဦးမောင်ထွန်းသာက ပြောပါတယ်။

"ကျွန်တော်တို့ ဈေးသည်တွေမှာက တစ်ယောက်ကို သိန်း ငါးဆယ်ဖိုးလောက် ဝယ်ပြီးပစ္စည်းတွေ စုဆောင်းထားကြရတာ။ အခုလိုအခြေအနေဖြစ်လာတော့ ဘယ်သူက ပွဲလာကြတော့မလဲ။ ဘုရားဖူးတွေမရောက်ရင် ကျွန်တော်တို့ဆိုင်ရောင်းနေလို့ ဘာထူးတော့မှာလဲ။ ဒါကြောင့် စစ်တွေတို့ မြောက်ဦးတို့ဘက်က ရောက်နေတဲ့ ဈေးသည်တွေ ပြန်တဲ့သူတွေ ရှိနေကြပြီ။ ဒီမနက် စစ်တွေက ဈေးဆိုင်နှစ်ဆိုင်က စက်လှေငှားပြီး ပြန်သွားပြီ။ တော်တော်လေးကို ဆုံးရှုံးမှုများပါတယ်"လို့ ဈေးဆိုင်သည် ဦးမောင်ထွန်းသာက ပြောပါတယ်။

အဲ့ဒီဘုရားပွဲမှာ ရောင်းချနေကြတဲ့ ထမင်းဆိုင်ပေါင်း ၁၀၀ နီးပါးရှိပြီး တခြားဈေးဆိုင်တွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ပွဲတော် ကျင်းပဖို့၊ မကျင်းပဆိုတာ ဂေါပကအနေနဲ့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ပွဲတော်ကို လဆန်း ၁၁ ရက်နေ့မှ ကျင်းပမှာဖြစ်ပေမယ့် ပုံမှန်အခြေအနေဆိုလို့ရှိရင် အခုလို လပြည့်တော် ၈ ရက်လိုနေ့မျိုးမှာ ဘုရားဖူးခရီးသည်တွေနဲ့ စည်ကားနေပြီလည်း ဖြစ်ပါတယ်။

အခုနှစ်မှာတော့ ဘုရားဖူးခရီးသည်တွေ လာရောက်တာမရှိသေးဘူးလို့ အဲ့ဒီပွဲတော်ကျင်းပရာနေရာကို ရောက်ရှိနေတဲ့ ဒေသခံတစ်ဦးက သူ့ရဲ့ကိုယ်တိုင်မြင်တွေ့ချက်တွေကို ပြောဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်း နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားတွေကို ဆောင်ရွက်လာနေတယ်လို့ မနေ့ကထုတ်ပြန်တဲ့ အေအေရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေအပြင် ရခိုင်ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ အခြေခံလိုအပ်ချက်တွေကို ဒေသတွင်းသယ်ယူပို့ဆောင်ရာမှာလည်း အဟန့်အတားတွေ ရှိနေတဲ့အတွက် ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေတဲ့အပြင် ရက္ခိုင့်တပ်တော်နဲ့လည်း တင်းမာမှုတွေကို မြင့်တက်စေတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၈ ရက် ကလည်း မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာကို မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းက အင်အား ၅၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့ပြီး လူဦးရေစာရင်းစစ်ဆေးတာတွေ အိမ်ထောင်စုစာရင်းကောက်ယူတာတွေ ပြုလုပ်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းမှာလည်း ဝန်ထမ်းနဲ့ ကျောင်းသားအရေအတွက်တွေကို စာရင်းကောက်ယူတာ တွေပြုလုပ်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသာထွန်းက ပြောပါတယ်။