ဒေသလုပ် ရေမြုပ်မိုင်းတွေသုံးလာတဲ့ ချင်းတွင်းမြစ်ထဲက တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, KLG PDF
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ဆင်းလာတဲ့ စစ်ကောင်စီရေယာဉ် ၁၁ စီး အုပ်စုကို ကင်းရွာနဲ့ ပဲကင်းရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့
ချင်းတွင်းမြစ်ထဲက တိုက်ပွဲတွေမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး ဒေသလုပ် ရေမြုပ်မိုင်းတွေ စသုံးလာပြီလို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ မနေ့က ဒီဇင်ဘာလ ၁၂ ရက်တုန်းက ရေမြုပ်မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီရေယာဉ်ဟာ ဒီနေ့မှာ မဲဒင်ရွာ ကျွန်းခုံအနီးမှာ နစ်မြုပ်နေပြီလို့ ကနီ ဒေသကာကွယ်ရေးတပ် KLG PDF က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေသတွင်း ညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။
ကနီနယ်ထဲ ရေမြုပ်မိုင်းထိပြီး နစ်တာက စစ်ကောင်စီ ဖလက်ယာဥ်ဖြစ်ပြီး ရေမြုပ်မိုင်းအတွဲလိုက်မိတာလို့ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်က ဘီဘီစီကို အတည်ပြုပါတယ်။
ချင်းတွင်းမြစ်ထဲသွားလာတဲ့ စစ်ကောင်စီရေယာဉ်တွေကို အခုလို ရေမြုပ်မိုင်းနဲ့ တိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်နီးပါးပါတဲ့ ရေယာဉ်အုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းသွားတာကြောင့် မြစ်ကမ်းနားတစ်လျှောက်က ကျေးရွာတွေကို မွှေနှောက်ပစ်ခတ်တာရှိနိုင်လို့ အထူးဂရုပြုနေထိုင်ကြဖို့ ပြည်သူတွေကို ဒေသကာကွယ်ရေးတပ်ဘက်က နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, KLG PDF
စစ်ကောင်စီဘက်ကတော့ ကနီနဲ့ မင်းကင်းနယ်က ဒေသကာကွယ်ရေးတပ်တွေနဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကတော့ ရွှေစာရေးရွာဘက် ပိုနီးကပ်တဲ့ မြစ်အတွင်းနေရာဖြစ်ပြီးတော့ သူတို့ ဒေသကာကွယ်ရေးတပ်တွေမှာ ရေယာဥ်တွေကိုတိုက်နိုင်တဲ့ ရေမြုပ်မိုင်းနည်းပညာရှိနေပြီလို့လည်း မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
ကင်းရွာနဲ့ ပဲခင်းမရွာကြားမှာ ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်လုံးကြီး)နဲ့ မဟာမိတ် PDF များက တိုက်ခိုက်ခဲ့တာလို့လည်း ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရေမြုပ်မိုင်းတိုက်ခိုက်မှု အပြီး ထုတ်ပြန်ခဲ့ပါတယ်။
ရေမြုပ်မိုင်းကြောင့် စစ်ကောင်စီရေယာဉ် နစ်မြုပ်နေပြီဆိုပေမယ့် ဖလက်ယာဥ်ဖြစ်လို့ ချက်ချင်းမမြုပ်ဘဲ သောင်ခုံမှာ ကပ်ထားကြောင်းနဲ့ အခြားရေယာဥ်တွေလည်း မီးလောင်ထိခိုက်တာတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဘီဘီစီက ကြည့်ရတဲ့ ချင်းတွင်းမြစ်ထဲက စစ်ကောင်စီတပ်တွေကို ရေမြုပ်မိုင်းနဲ့တိုက်ခိုက်တဲ့ ရုပ်သံမှာတော့ မြစ်ထဲမှာ ပေါက်ကွဲနေတဲ့ အသံတွေ အချက်ပေါင်းများစွာ ကြားရသလို မြစ်ထဲက ရေမြုပ်မိုင်းတွေပေါက်ကွဲအပြီးမှာ ရေတွေ မြစ်ထဲက ထိုးထွက်လာတာကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, CJ
ကနီမြို့နင်ယ်ထဲမှာ စက်တင်ဘာလ အတွင်းကတွေ့ရတဲ့ စစ်သင်္ဘောတစ်စီး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဒေသကာကွယ်ရေးတပ်တွေပြောတဲ့ ရေမြုပ်မိုင်းဆိုတာက အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတာမျိုး တွေ့ရပြီးတော့ ရေစကြိုမြို့က YSO No 1 ပြောက်ကျားတပ်နဲ့ မြင်းခြံမြို့က MG 6 ပြောက်ကျားတပ် နှစ်ဖွဲ့ ပူးပေါင်းပြီး ရေကြောင်းက တက်လာမယ့် စစ်ကောင်စီကို တိုက်ခိုက်ဖို့ ရေမြှုပ်မိုင်း စမ်းသပ်တာ အောင်မြင်သွားပြီဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ဘေးက ကနီ မင်းကင်းဒေသတွေမှာ ပြီးခဲ့တဲ့ ဧပြီလကစလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီးတော့ မြစ်အတွင်းကနေ နယ်မြေရှင်းလင်းရေးလုပ်ဖို့ အုပ်စုလိုက် စစ်ရေယာဥ်တွေနဲ့လာရောက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်းကင်း ကနီနယ်မှာ မြစ်ကြောင်းသွားလာတာတွေ မလုပ်ကြဖို့ ဒေသကာကွယ်ရေးတပ်တွေက အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
အခုမြစ်ထဲက နေတက်လာတဲ့ စပိဘုတ်နဲ့ ရေယာဥ်အုပ်စုကို ကနီဘက်မှာလည်း တိုက်ခိုက်မှုတွေရှိသလို မင်းကင်းဘက်မှာ မြစ်အထက် ခန္တီးဘက်က စုန်လာတဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို တိုက်ခိုက်မှုတွေရှိတယ်လို့ မင်းကင်း ပြည့်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
ဒါအပြင် ချင်တွင်းမြစ်ထဲသာမက မုံရွာ ကနီ ယာကြီး မင်းကင်း ကလေးဝ ကားလမ်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာ ရှိပါတယ်။