စစ်အာဏာသိမ်းမှု ကိုဗစ်လှိုင်းနဲ့ တံခါးပိတ်သွားတဲ့ စာသင်ခန်းများ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက် နေ့မှာ မြန်မာတစ်နိုင်ငံလုံး ၄၆ မြို့နယ်အမှ အပ ကျန်မြို့တွေမှာ ကျောင်းတွေပြန်ဖွင့်မယ်လို့စစ်ကောင်စီက ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Screen Shot

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက် နေ့မှာ မြန်မာတစ်နိုင်ငံလုံး ၄၆ မြို့နယ်အမှ အပ ကျန်မြို့တွေမှာ ကျောင်းတွေပြန်ဖွင့်မယ်လို့စစ်ကောင်စီက ကြေညာ

ဒေါ်မြင့်မြင့်စန်း ( အမည်လွှဲ) ဟာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၅ နှစ်ကျော် အရွယ် ကလေးနှစ်ယောက် မိခင်တစ်ယောက်ပါ။

တန့်ဆည်မြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒီသာယာလှတဲ့ ရွာကြီးမှာ သူတို့ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြီးပြင်းခဲ့ကြပါတယ်။

ဒါပေမဲ့ သူနဲ့ သူ့ကလေးနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ခြေ ၇၀၀ ကျော်လောက်ရှိတဲ့ ဒီရွာကြီးကနေ ဆယ်ကြိမ်ထက်မနည်း စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

အခုတော့ သူတို့နေထိုင်တဲ့ရွာဟာ ပြီးခဲ့တဲ့ မေလကစပြီး အာဏာသိမ်းထားတဲ့စစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်တပ်တွေရဲ့ ကြားက ပဋိပက္ခမှာ မြေဇာပင်ဖြစ်ခဲ့ရပြီးတော့ ဒေါ်မြင့်မြင့်စန်းရဲ့ ရွာကအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံလိုက်ရလို့ အိမ်ပြန်စရာမရှိတော့ သလို့ ပိုင်ဆိုင်သမျှလည်း မီးထဲမှာ ပါသွားခဲ့ရပါတယ်။

"ကလေးတွေရဲ့ ခံစားချက်က အိမ်ပြန်ချင်တာ၊ အိမ်ပြန်မှာချည်းပဲ ပြောနေတာ။ အိမ်က ပြန်လို့ မရဘူး၊ အိမ်လည်းမရှိဘူးလို့ ပြောထားရတယ်" လို့ သူကပြောပါတယ်။

ကပေါင်းကျရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လနဲ့ချီတပ်စွဲနေခဲ့ပြီး ဒီဇင်ဘာ (၉)ရက်မှာတော့ ရွာကနေ ပြန်စွန့်ခွာသွားကြပေမယ့် ရွာခံတွေမှာ ရွာတွေထဲပြန်မဝင်ရဲသေးဘူးလို့ဆိုပါတယ်။

နေအိမ် (၅၀)ကျော်မီးရှို့ ခံထားရ သလို၊ အိမ်ရာနဲ့ချီ ဖျက်ဆီးခံထားရပြီး အသက်မွေးလမ်းကြောင်းဖြစ်တဲ့ လယ်ယာတွေလည်း ပျက်စီးခဲ့ပြီလို့ ကပေါင်းကျရွာခံတွေက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

ကပေါင်းကျရွာမှာ ဒီဇင်ဘာလ ၈ ရက်နေ့က နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျရွာမှာနေအိမ်တွေကိုစွန့်ခွာပြီး တောတောင်တွေကြားထဲ ထွက်ပြေးနေခဲ့ရတာ အခုနောက်ဆုံးတစ်ကြိမ်မှာတင် ရက်ပေါင်း (၅၀)ကျော်ပြီလို့ သူက ဆက်ပြောပြပါတယ်။

သူ့ရဲ့နေအိမ်လည်း ဖျက်ဆီးခံလိုက်ရပြီး မပျက်စီးဘဲ ကျန်နေမယ့် ပစ္စည်းများကျန်ရစ်မလားလို့ အကြောက်တရားတွေကြားက ရွာထဲပြန်ကြည့်ခဲ့ပေမယ့် မျက်ရည်တွေကျတာကလွဲလို့ ကျန်တာ ဘာမှပြန်မရခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ရှောင်ရတဲ့ တောတောင်တွေကြားမှာ ကျောတစ်ခင်းအိပ်စက်နိုင်ဖို့ အမိုးအကာတွေ မလုံလောက်တဲ့အပြင် အနွေးထည်ကအစ စားစရာ အဆုံးရှားပါး နေချိန်မှာ ကလေးတွေရဲ့ ပညာရေးအတွက်စိုးရိမ်မှုကို ခေတ္တနောက်ကို ပို့ထားလိုက်ရတယ်လို့ ဆိုပါတယ်။ အသက်ရှင်သန်ရေး အတွက်ကိုပဲ အဓိကထား ရုန်းကန်နေကြရတာပါ။

"စိုးရိမ်မှု ခံစားချက်က ရှိတာပ၊ ကလေးတွေပညာရေးမတတ်မှာနဲ့ ရွာထဲမဝင်ရတာနဲ့ ကျန်းမာရေးပျက်တာနဲ့ ကလေးတွေပညာရေးတတ်တာ လိုတော့လိုချင်တယ်။ ကျွန်မတို့ကတော့ အမေစုပြန်လာမှ ပညာရေးအတွက် စဉ်းစားတော့မှာ။" ဒါဟာ ကလေးတွေရဲ့ ပညာရေးအတွက် စစ်ရှောင်နေရတဲ့ ကပေါင်းကျရွာခံ မိခင်တဦးရဲ့ ရင်တွင်းစကားဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ရာကတစ်ဆင့် လက်နက်ကိုင်တော် လှန်မှုတွေဖြစ်ပွားလာခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်ပွားရာမှာ ဆယ်စုနှစ်များစွာ စစ်ပွဲတွေမရှိခဲ့တဲ့ ဗမာတိုင်းရင်းသား အများစုရှိရာ စစ်ကိုင်းတိုင်းမှာပါ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။ ဒီလိုပြင်းထန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာတွေထဲဝင်ရောက်ကာ အိမ်တွေမီးရှို့၊ ဖျက်ဆီးတာအပြင် ပစ်ခတ်မှုတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း တန့်ဆည် ရွာသာယာနဲ့ အရာတော်မြို့နယ် ကဲဘာရွာတို့မှာ အိမ်တွေမီးရှို့ခံရပြီး ပစ်ခတ်မှုတွေကြောင့် လူ သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

ရွာလုံးကျွတ်နီးပါးစစ်ဘေးတိမ်းရှောင်နေခဲ့ကြရ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာတော့ ‌ဒေါ်မြမြစန်းတို့ သားအမိတွေဟာ တောထဲမှာ စစ်‌ရှောင်နေကြဆဲဖြစ်ပါတယ်။

သူ့ရဲ့ သားအကြီးက ၇ တန်းနဲ့ အငယ်ကတော့ ၂၀၂၀ ကိုဗစ် မဖြစ်ခင် ကျောင်းဖွင့်တုန်းက ကျောင်းအပ်ထားသူဖြစ်ပါတယ်။

စစ်ကောင်စီက အခြေခံပညာစာသင်ကျောင်းတွေကို ဇွန်လမှာ တစ်ကြိမ်၊ နိုဝင်ဘာလမှာ တစ်ကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်း ထဲက စာသင်ကျောင်းတွေပါ ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က ကြေညာထားပေမယ့် လက်တွေ့မှာတော့ မဖွင့်နိုင်ခဲ့တဲ့ကျောင်းတွေ ရှိခဲ့ပါတယ်။

"စာတွေအပေါ်စိတ်ဝင်စားမှုရှိတယ်၊ ရှိပေသိ ကလေးတွေကလည်း ပြီးမှကျောင်းတက်မှာချည်းပြောနေ ကြတာ။ အသက်တစ်ရာပြည့်လည်း ပြည့်ပါစေတဲ့ ပညာရေးတော့လိုချင်တယ်တဲ့။" အခြေခံပညာ ကျောင်းနေအရွယ်ကလေးနှစ်ဦးရှိတဲ့ ကပေါင်းကျရွာခံ မိခင်တဦးက ကလေးတွေရဲ့ ပညာရေး အပေါ် လက်ရှိအမြင်ကို အခုလိုပြောပြတာပါဖြစ်ပါတယ်။

ကလေးတွေဟာ လွန်ခဲ့တဲ့နှစ် ၂၀၂၀ပြည့်နှစ်တုန်းကလည်း ကပ်ရောဂါကြောင့် တစ်နှစ်ကျောင်း မတက်ခဲ့ကြရသလို အခုနှစ်မှာလည်း အာဏာသိမ်းမှုကြောင့် စာသင်ခန်းတွေနဲ့ ဆက်လက်ဝေးကွာနေဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းဒေသတော်တော်များများမှာ စစ်ပွဲတွေရှိလာတဲ့အခါ ကလေးတွေလည်း မိသားစုဝင်တွေနဲ့အတူ စစ်ရှောင်ကြရရင်း ပညာရေးနဲ့ အလှမ်းဝေးနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot

တချို့ဒေသက စစ်ရှောင်စခန်းတွေမှာတော့ ကူညီသူတွေကနေ ကလေးတွေအတွက် ပညာရေးအစီအစဉ် ဆောင်ရွက်ပေးနေသလို ပြည်သူအချင်းချင်း ပြန်လည်သင်ကြားမှုပုံစံနဲ့ ပညာရေးအဆက်မပြတ်အောင် လုပ်ဆောင်နေကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဇွန်လတုန်းက ကျောင်းအပ်ထားတဲ့ ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့သလို နိုဝင်ဘာ (၁)ရက်နေ့ ဒုတိယအကြိမ် နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေပြန်ဖွင့်လှစ်ရာမှာလည်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးတွေမှာ ကျောင်းတက်ရောက်သူနည်းပါးပေမယ့် နောက်ပိုင်းတော့ တက်ရောက်သူ တိုးလာတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက ပြန်ဖွင့်လိုက်တဲ့ စစ်ကိုင်းတိုင်း တန့်ဆည်နယ်က စာသင်ကျောင်းအများစုမှာ တက်ရောက်တဲ့အရေအတွက် မရှိသလောက် နည်းပါတယ်လို့ဆိုပါတယ်။ NUG ကလည်း စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်တွေကို အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကျောင်းသူ ကျောင်းသားတွေ ပညာရေးအဆက်မပြတ်စေဖို့ ဘယ်လိုပုံစံနဲ့ လေ့လာသင့်သလဲဆိုတာကလည်း ဒေါ်မြင့်မြင့်စန်းတို့လို စစ်ရှောင်ကလေးမိဘတွေက စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ရှောင်ကလေးတွေသာမက CDM ပါဝင်သူတွေရဲ့ကလေးတွေလည်း ကျောင်းမတက်ဖြစ်

စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းတွေ မတက်ရောက်သူတွေထဲမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပါဝင်ခဲ့သူတွေရဲ့ မိသားစုဝင် သားသမီးတွေလည်း ပါဝင်ပါတယ်။ CDM ပါဝင်ပြီးနောက် စစ်ကောင်စီ လက်အောက်သက်ဆိုင်ရာဌာနတွေကနေ အလုပ်ရပ်နားစာ၊ ထုတ်ပြန်စာတွေကို နေအိမ်တွေဆီ ပေးပို့တာ၊ ဖမ်းဝရမ်း ထုတ်ပြန်တာတွေအပြင် ဖမ်းဆီးမှုတွေပါ ရှိတာကြောင့် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ကြရသူတွေလည်း အများစုရှိနေပါတယ်။

လုံခြုံရေးအတွက် ပြောင်းရွှေ့ကြရချိန်မှာ စားဝတ်နေရေးအတွက် ငွေရေးကြေးရေးအခက်အခဲ တွေရင်ဆိုင်နေရသလို အတူနေမိသားစုဝင် သားသမီးကလေးတွေရဲ့ ပညာရေးအပါအဝင် ရှေ့ရေးအတွက်ပါ စိုးရိမ်မှု ရှိနေကြပါတယ်။ ဖေဖော်ဝါရီ (၁၀)ရက်ကတည်းက CDM ပါဝင်ခဲ့ပြီးနောက် တိမ်းရှောင်ရင်းနေရပ် နှစ်ခါတိတိရွှေ့ပြောင်းထားရပြီဖြစ်တဲ့ CDM မိခင်တစ်ဦးကတော့ ကိုယ်တိုင်လည်း အိမ်ပြင်မထွက်ဘဲ သိုသိုသိပ်သိပ်နေရတာကြောင့် ကလေးကိုလည်းနေအိမ်မှာသာ ကိုယ်တိုင် သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

"အပြင်ကို ပေးမထွက်တဲ့အခါကျ ပေါင်းသင်းဆက်ဆံရေးလည်းသိပ်မသိဘူး။ အမေကသင်ပေးတာ ဆိုတော့ လည်း ကလေးဆိုတော့ သိပ်လိုက်မလုပ်ဘူး။ သင်ရတာလည်း စနစ်မကျဘူးပေါ့လေ၊ သူက နဂိုနေခဲ့တဲ့ နေရာက မူကြိုမှာပဲပြန်တက်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ ပြန်ဆော့ချင်တယ်ပဲပြောနေတာ။"လို့ မိခင်ဖြစ်သူက ဆက်ပြောပြပါတယ်။

အလားတူ CDM လှုပ်ရှားသူ မဟုတ်ပေမဲ့လည်း လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးနေရသူ အရပ်သားပြည်သူတွေရဲ့ မိသားစုဝင်ကလေးတွေမှာလည်း ပညာရေးအတွက် စာသင်ခန်း၊ ကျောင်း တွေဆီ မရောက်ဖြစ်ဘူးလို့ ဆိုပါတယ်။

ကပေါင်းကျ ရွာကျောင်းကတော့ အထက ခွဲကျောင်းဖြစ်ပြီး ဆရာ ဆရာမ အများစုက CDM ဝင်ကြပြီးတော့ CDM မဝင်တဲ့ ဆရာ ဆရာမ ၂ ဦးက ကျောင်းဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ရွာက ဘယ်သူမှ ကျောင်းမအပ်ကြလို့ မအောင်မြင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ပညာရေးဟာ နိုင်ငံရေးလက်အောက်ခံပြဿနာဖြစ်တဲ့အတွက် နိုင်ငံရေးမတည်ငြိမ်ရင် ပညာရေးလည်း အဆင်မပြေနိုင်ဘူးလို့ ပညာရေးအသိုင်းအဝိုင်းကပြောပါတယ်။

အခုလို ခက်ခဲတဲ့အခြေအနေဟာ တစ်စုံတစ်ယောက်၊ တစ်ဦးတစ်ယောက်ထဲရင်ဆိုင်နေရတာမဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြုံတွေ့နေရ တာဖြစ်လို့ အလုံးစုံသောပညာရေးစနစ်ရဖို့က လက်ရှိအာဏာသိမ်းမှုဆန့်ကျင်‌ရေးလှုပ်ရှားမှုတွေ အောင်မြင်ဖို့ လိုတယ်လို့ အခြေခံပညာရေးအသိုင်းအဝိုင်းက ထောက်ပြနေကြတာပါ။

ကလေးတွေစာနောက်ကျမှာစိုးရိမ်တာကြောင့် ကျောင်းပြန်ထားဖို့ဆုံးဖြတ်သူတွေလည်းရှိ

စစ်ကောင်စီကတော့ မြန်မာတစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေ ၇၈ ရာခိုင်နူန်း ပြန်လည်ဖွင့်လှစ်နိုင်ပြီးတော့ ဖွင့်လှစ်ဖို့ ၂၂ ရာခိုင်နူန်းကျော်ကျန်သေးတယ်လို့ ပြောပါတယ်။

အခြခံပညာ အတန်းတင်စာမေးပွဲတွေကိုတော့ လာမယ့်ဖေဖော်ဝါရီလ တတိယပတ်မှာ စစ်မယ်လို့ပြောထားပါတယ်။

စစ်ကောင်စီဖွင့်လှစ်တဲ့ကျောင်းတွေမှာ တက်ရောက်နေသူတွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေမှာ နေထိုင်သူအများစုဖြစ်တယ်လို့ သိရပါတယ်။ တချို့ဟာ စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို မကြိုက်နှစ်သက်ပေမယ့် ကလေးတွေရဲ့ ပညာရေးမနောက်ကျစေဖို့ ကျောင်းတက်စေတာလို့ ပြောသူတွေရှိသလို လုံခြုံ ရေးအခြေအနေကြောင့် အခုတော့ ကျောင်းမထားပေမယ့် နောက်နှစ်ကျောင်းဖွင့်ချိန်မှာ ကျောင်းထားဖို့ ရည်ရွယ်ထားတဲ့ မိဘတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot

"ကလေးက ကျောင်းစတက်မယ့်အရွယ်ဆိုတော့ အန္တရာယ်ကိုနားမလည်ဘူး။ အခုဆိုကျောင်းတွေမှာ စစ်သားတွေ၊ ရဲတွေကရှိနေတော့ နှစ်ဖက်ပစ်ခတ်မှုဆိုတာပြောမရဘူး။ ပြီးတော့ အခုကျောင်းတက် နေရတဲ့ ကလေးတွေကလဲ ခိုးကြောင်ခိုးဝှက်တက်၊ ကျောင်းဝတ်စုံတောင် မဝတ်ရဲဘဲ မိဘတွေကကျောင်းပို့နေရ တယ်။ ဒါတွေကို မလုံခြုံဘူးထင်တယ်။ "လို့ စစ်ကောင်စီ လက်အောက်တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတစ်ဦးရဲ့ အမျိုးသမီးလည်းဖြစ်တဲ့ ကလေးမိခင်က သူ့ရဲ့အမြင်ကို အခုလိုပြောတာပါ။

စစ်ကောင်စီဖွင့်တဲ့‌ကျောင်းတွေမှာ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ဆရာမတွေမရှိတော့မှာ အပြင် ကလေးစာသင်နှစ်နောက်ကျမှာ စိုးရိမ်တဲ့အတွက် စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို မကြိုက်ပေမဲ့ နောက်နှစ်‌ကျောင်းဖွင့်ချိန်ရောက်ရင်တော့ ကျောင်းထားမယ်လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းထားတဲ့ စစ်ကောင်စီကနေလုပ်ဆောင်တဲ့ ပညာရေးစနစ်ကို လက်မခံဘဲ ‌ကျောင်းဆက်မထားဘူးဆိုတဲ့ မိခင်တွေလည်းဆက်ရှိသလို အွန်လိုင်းအခြေပြုသင်ကြားစနစ်ကနေ ပညာရေးအဆက်မပြတ်အောင် သင်ကြားတာတွေရှိနေပါတယ်။

ဒီဇင်ဘာလဆန်းကစပြီး စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ကြောင့် အော်ပရေတာတွေရဲ့ အင်တာနက်၊ ဖုန်းဘေတွေကို ပုံမှန်ကြေးထက် နှစ်ဆနီးပါးတိုး မြှင့်ကောက်ခံနေပြီး ဒါဟာ ဒီလို အွန်လိုင်းကလေ့လာဖို့အတွက် အခက်အခဲတစ်ခုအနေနဲ့ ရင်ဆိုင်လာရတယ်လို့ ကျောင်းသားမိဘ တွေဘက်က ပြောလာပါတယ်။

စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်(၁၀)မြို့နယ်ထပ်မနည်းကိုလည်း အင်တာနက်ဖြတ်‌တောက်ထားတာ အနည်းဆုံးလေးလကျော်ရှိနေပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ ကြားကာလ ပညာသင်ကြားရေးအစီအစဉ်ကို ကြေညာကာ အခြေခံပညာကျောင်းသားကျောင်းသူတွေအတွက် အွန်လိုင်းသင်ကြားနည်းတွေအပြင် Home Based Learning လို့ခေါ်တဲ့ အိမ်တွင်းသင်ကြားရေးအတွက်ပါ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

မြေပြင်မှာတော့ ဒီပညာရေးအစီအစဉ်ကို သိရှိရပေမယ့် လက်တွေ့သင်ယူဖို့ အဆင်မပြေမှုတွေရှိတယ်လို့ ကျောင်းသား မိဘ အသိုင်းအဝိုင်းကနေသိရပါတယ်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၆.၅ ရာခိုင်နှုန်းဟာ ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေ ဖြစ်ကြပါတယ်။ ‌ကျောင်းနေအရွယ် ကလေးတိုင်းမှာ ပညာသင်ကြားခွင့်ရဖို့အခွင့်အရေး အပြည့် အဝရှိပါတယ်။ ကပ်ရောဂါကာလ ကိုဗစ်ရောဂါကို အကြောင်းပြုကာ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ပြည်တွင်းပညာရေးအခြေအနေဟာ ဆိုးရွားတဲ့အနေအထားတစ်ခုကို ရင်ဆိုင်နေရပြီး ကလေးသူငယ်တွေရဲ့ စာသင်ကြားခွင့် အခွင့်အရေးပါဆုံးရှုံးနေပြီလို့ လူ့အခွင့်အရေးလေ့လာသူတွေက ထောက်ပြနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဒီပဲယင်းက စစ်ရှောင်ပြည်သူတွေ

တိုက်ပွဲပြင်းထန်တဲ့ဒေသက စစ်ရှောင်နေရသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးနေကြရသူတွေ၊ ခံယူချက်ကြောင့် ကျောင်းမထားသူတွေအပြင် သေဆုံးသွားတဲ့ အခြေခံပညာကျောင်းနေအရွယ် ကလေးတွေ ရဲ့ မိခင်တွေရဲ့ စိုးရိမ်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုတိုးလာနေပြီး ရေရှည်ပညာရေးအတွက် သောကမကင်း ဖြစ်နေကြရပါတယ်။

ဒေါ်မြင့်မြင့်စန်း သားသမီးတွေဟာ ကပေါင်းကျ အခြေခံပညာကျောင်းမှာပဲ ကလေးတွေကကျောင်းတက်ကြတာပါ။

" ဒီဇင်ဘာ ၁၄ရက်နေ့မှာတော့ ကပေါင်းကျရွာထဲ အခုစစ်ကောင်စီတွေလုံးဝထွက်သွားပါပြီ"လို့ သူကပြောပါတယ်။

"အိမ်တွေက မီးလောင်တယ်၊ ဖျက်ဆီးခံရတယ် မီးမလောင်တဲ့အိမ်ကလည်း အမိုးအကာတွေ ဘာမှမရှိတော့ တဲ့အတွက် ဘယ်သူမှပြန်ဖို့အဆင်မပြေသလို ပြန်လည်းမပြန်ရဲကြပါဘူး။ အခုတော့ စိုက်ပျိုးထားတဲ့ လယ်တွေကို ကမန်းကတန်းရိတ်သိမ်းနေကြတယ်"လို့ လည်းသူကပြောပါတယ်။

စစ်ကောင်စီတွေ ပြန်လာမှာစိုးလို့ မှည့်တာ‌ရောမမှည့်တာပါ အကုန်လုံး စိုးရိမ်တကြီရိတ်သိမ်းနေကြရတယ်လို့လည်း သူကပြောပါတယ်။

"ကလေးတွေကို ကျွန်မတို့လို မဟုတ်ဘဲ၊ ပညာတတ်တွေ ဖြစ်စေချင်တယ်"လို့ ဒေါ်မြင့်မြင့်စန်းက ပြောပါတယ်။