ဆန္ဒပြပွဲမှာပါလို့ ဘယ်လာရုစ်အတိုက်အခံခေါင်းဆောင် ထောင်၁၈နှစ်ချခံခဲ့ရ

ဆာဂျီ တစ်ဟန်နိုစကီးဟာ သမ္မတရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ခုနှစ် မတ်လကတည်းက အဖမ်းခံထားရတဲ့သူဖြစ်ပါတယ်
ဘယ်လာရုစ် သမ္မတ အလက်ဇန်ဒရာ လူကာရှင်ကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ဆန္ဒပြပွဲကြီးတစ်ခုမှာ ပါဝင်မှုနဲ့ ဘယ်လာရုစ် အတိုက်အခံခေါင်းဆောင်တစ်ဦးကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပါတယ်။
ဆာဂျီတစ်ဟန်နိုဗက်စ်စကီးဟာ တရားရုံးကို အတုအယောင် တရားရုံးလို့ ရှုတ်ချခဲ့တဲ့ အမှုအပါအဝင် အဓိကရုဏ်းတွေဖြစ်အောင် စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချခံခဲ့ရတာပါ။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး သမ္မတလူကာရှင်ကိုနဲ့ ထိပ်တိုက်ယှဥ်ပြိုင်ဖို့ သူ စီစဉ်ခဲ့ပေမယ့် ရွေးကောက်ပွဲ မတိုင်မီမှာဘဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။
သူ ဖမ်းဆီးခံရပြီးနောက် သူ့ဇနီး ဆဗက်တလာနာ တစ်ဟန်နိုဗက်စ်စကာယာက သူ့အစား ရွေးကောက် ပွဲဝင်ခဲ့ပြီး ရွေးကောက်ပွဲ မသမာမှုလုပ်တယ်လို့ စွပ်စွဲခံရပြီး အနိုင်ရခဲ့တဲ့ လူကာရှင်ကိုနဲ့ ထိပ်တိုက် ယှဥ်ပြိုင်ခဲ့ပါတယ်။
သြဂုတ်လမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ သူ အနိုင်ရခဲ့တာလို့ ပြောခဲ့ပေမဲ့ သူ့လုံခြုံရေး ကိုစိုးရိမ်တဲ့အတွက် နောက်နေ့မှာပဲ သူ့ကလေးတွေနဲ့အတူ ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
မစ္စ တစ်ဟန်နိုဗက်စကာယာက သူ့ ခင်ပွန်းကို စစ်ဆေးမေးမြန်း ထောင်ချဖို့ကြိုးစားခဲ့တဲ့ တရားရုံးရဲ့ တရားဝင်မှုကို အင်္ဂါနေ့က မေးခွန်းထုတ်ခဲ့ပြီး တရားရုံးကချမှတ်တဲ့ စီရင်ချက်ဟာ လူကာရှင်ကိုက "လက်စားချေ" တာလို့ ပြောကြားခဲ့ပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေကို ပုန်းလျှိုးကွယ်လျှိုးထားပြီး အပြင်လူလာလို့မရတဲ့ တရားရုံးတွေမှာ အခုလို အမိန့်ချမှတ်ပြီး လူတွေရဲ့ အသံတိတ်သွားအောင်လုပ်ပြီး ဆက် ဖိနှိပ်သွားနိုင်မယ်လို့ သူမျှော်လင့်ထားပုံရပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို တကမ္ဘာလုံးကစောင့်ကြည့်နေပြီး ကျွန်မတို့ကလည်း ရပ်တန့်သွားမှာမဟုတ်ပါဘူး" လို့ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
စီရင်ချက်မချခင်မှာ ကလေးတွေဆွဲထားတဲ့ ပုံတွေ နောက်ခံနဲ့ တွစ်တာမှာ ဗီဒီယိုတစ်ခု တင်ခဲ့ပြီး “ကျွန်မချစ်ရတဲ့သူကို ကာကွယ်” သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒီ စီရင်ချက်ဟာ နိုင်ငံအရှေ့တောင်ပိုင်း ဂိုမဲ မြို့မှာရှိတဲ့ တရားရုံးတစ်ခုက စီရင်ချက်ချခဲ့တာလို့ ဘယ်လာရုစ် အစိုးရပိုင် သတင်းအေဂျင်စီ ဘီလ်တာက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။
မစ္စတာ တစ်ဟန်နိုဗက်စကီး နဲ့ အတူ အခြား အတိုက်အခံငါးဦးကိုလည်း ထောင်ဒဏ် ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာ Sovetskaya Belarus က သတင်း ထုတ်ပြန်ပါတယ် ။
အဲ့ဒီသူတွေထဲမှာ ထောင်ဒဏ် ၁၄နှစ်ချခံလိုက်ရတဲ့ ဝါရင့်နိုင်ငံရေးသမား မီကိုလာစတက်ကီဗစ်ချ်လည်း ပါပါတယ်။
သူတို့ဟာ မစ္စတာလူကာရှင်ကိုရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို စိန်ခေါ်ကန့်ကွက် ပွဲတွေပါဝင်ခဲ့သူတွေဖြစ်ပြီး အဲ့ဒီဆန္ဒပြပွဲတွေ ရက်ရက်စက်စက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဘီလာရုစ်မှာ ထောင်သွင်းအကျဉ်းချခံလိုက်ရတဲ့ လူသိများတဲ့ အတိုက်အခံတွေဖြစ်ပါတယ်။
သမ္မတ လူကာရှန်ကိုဟာ ၁၉၉၄ ခုနှစ်ကတည်းက ဘယ်လာရုစ်ကို အုပ်ချုပ်နေတဲ့သူဖြစ်ပြီး အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး ထောင်ချခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်က လပေါင်းများစွာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။
အခုအချိန် ဘယ်လာရုစ်အကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား ရာနဲ့ချီတဲ့အထဲမှာ မစ္စတာ တစ်ဟန်နိုဗက်စကီးလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။အဖမ်းခံထားရတဲ့သူတွေမှာ ဆန္ဒပြပွဲစီစဉ်သူ မာရီယာကိုလက်စ်နီကိုဗာဟာလည်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ စက်တင်ဘာလက ထောင်ဒဏ် ၁၁ နှစ် ချခံထားရပါတယ်။