ပန်းပင်ကြီးလမ်းမှာ ကားနဲ့တိုက်မှုဟာ လူသတ်မှုမြောက်နိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
no caption
ဒီဇင်ဘာလ ၅ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြသူလူငယ်တွေကို အရှိန်ပြင်းထန်စွာမောင်းလာတဲ့ စစ်ကားနဲ့ ဝင်တိုက်လိုက်တဲ့သတင်းဟာ မြန်မာပြည်တွင်းသာမက နိုင်ငံတကာအထိ ဂယက်ရိုက်သွားခဲ့ပါတယ်။
စစ်ကားနဲ့တိုက်တဲ့ ဗီဒီယိုလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဆန္ဒပြနေတဲ့လူငယ်တွေကို နောက်ကျောဘက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်တဲ့အတွက် လူတချို့လွင့်စင်လဲကျသွားတာတွေကို ထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။
ဝိဝါဒကွဲပြား
ကားနဲ့တိုက်လို့လူတွေလွင့်စင်သွားတဲ့အပြင် လူတယောက်ကားအောက်ရောက်သွားတာကို ထင်ထင်ရှားရှားမြင်ရပေမဲ့ သေဆုံးမှုရှိမရှိကို တိတိကျကျမသိရပါဘူး။ အခင်းဖြစ်ပွားစဉ် အနီးအနားမှာရှိသူတွေက ၄ ယောက်သေဆုံးတယ်လို့ ပြောသူတွေရှိသလို ၅ ယောက်သေဆုံးတယ်လို့ ပြောသူတွေလည်း ရှိပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီရုပ်မြင်သံကြားအစီအစဉ်မှာတော့ အမျိုးသမီး ၁ ဦးဟာ စိုးရိမ်ဖွယ်ဒဏ်ရာရပြီး ကျန်အမျိုးသား ၂ ဦးဟာ စိုးရိမ်ဖွယ်မရှိတဲ့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ သူတို့ ၃ ယောက်ကို ဆေးရုံတင်ထားသလို စုစုပေါင်း ၁၁ ယောက်ဖမ်းဆီးခဲ့ပေမဲ့ သေဆုံးမှုမရှိဘူးလို့ စစ်ကောင်စီဘက်က ငြင်းဆန်ပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့လူအုပ်ကြားထဲ သေနတ်နဲ့ပစ်မဖြိုဘူး။ အင်အားအလွန်အကျွံမသုံးဘူး။ မော်တော်ယာဉ်နဲ့ဆောင်ရွက်ခဲ့တာတော့ရှိတယ်။” လို့ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
ပန်းပင်ကြီးလမ်းဆန္ဒပြပွဲ ကားနဲ့ ဝင်မတိုက်မီ
ဗိုလ်ချုပ်ဇော်မင်းထွန်းက သေနတ်နဲ့ပစ်မဖြိုဘူးလို့ဆိုပေမဲ့ မျက်မြင်သက်သေတွေကတော့ သေနတ်နဲ့ အချက်တော်တော်များများ ပစ်ခတ်ခဲ့တယ်လို့ ဆိုကြပါတယ်။
ဥပဒေနဲ့အညီဆောင်ရွက်ခဲ့သလား
စစ်ကောင်စီအနေနဲ့ ပန်းပင်ကြီးလမ်းအဖြစ်အပျက်မှာ ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ပါသလားလို့ ဘီဘီစီက စာပို့မေးမြန်းခဲ့ပါတယ်။ စစ်ကောင်စီက ဒီမေးခွန်းအပေါ်မှာ သီးခြားအဖြေမပေးခဲ့ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီရုပ်မြင်သံကြားက ဒီဇင်ဘာ ၆ ရက်နေ့ထုတ်လွှင့်ကြေညာတဲ့အထဲမှာတော့ “လုံခြုံရေးအဖွဲ့ဝင်များက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ထိန်းသိမ်း ဆောင်ရွက်ခဲ့တယ်” လို့ဆိုပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “အင်အားအလွန်အကျွံမသုံးဘူး”လို့ ပြောကြားသွားတာရှိပါတယ်။ ဒီအချက်ဟာ ဥပဒေကြောင်းအရ အရေးပါတဲ့ အချက်တချက်ဖြစ်ပါတယ်။ လူစုလူဝေးဟာ အများပြည်သူရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေရင်တောင်မှ လုံခြုံရေးအဖွဲ့ဟာ ဥပဒေကြောင်းအရ အင်အားကို အလွန်အကျွံသုံးခွင့်မရှိပါဘူး။ သင့်တင့်လျောက်ပတ်နဲ့ အင်အားကိုသာသုံးစွဲခွင့်ရှိပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP/ GETTY IMAGES
အင်အားသုံးခွင့်ရှိသလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
အင်အားကိုအလွန်အကျွံသုံးခဲ့ခြင်းရှိမရှိကို မဆန်းစစ်ခင် အင်အားသုံးနှိမ်နင်းခွင့်ရှိမရှိဆိုတဲ့အချက်ကို အရင် ဆန်းစစ်ဖို့လိုအပ်ပါလိမ့်မယ်။
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေဦးအောင်ထူးက အခုလိုဆိုပါတယ်။
“လုံးဝရှင်းတဲ့ကိစ္စက ဆန္ဒပြတဲ့သူတွေဟာ ရိုးရိုးငြိမ်းငြိမ်းချမ်းချမ်းအသံနဲ့အော်တာ အမူအရာထုတ်ဖော်တာကလွဲပြီး ဘာတခုမှ အကြမ်းဖက်မှုလုပ်မှ မလုပ်တာ။ ဒီမိုကရေစီနိုင်ငံတွေမှာကြည့်လေ။ အဲဒီလိုမျိုးဆန္ဒပြတဲ့သူကို ကားနဲ့တိုက်ဖြိုခွင်းပြီးတော့မှ ကျွန်တော်တို့က အင်အားအလွန်အကျွံမသုံးပါဘူးလို့ ဘယ်နိုင်ငံပြောတာရှိသလဲ။ ဆန္ဒပြတဲ့လူအားလုံးဟာ ဘာမှမှ အကြမ်းမဖက်ပဲ။ လူထုကလုံးဝငြိမ်းချမ်းစွာ ဆန္ဒပြတာ။ အာဏာပိုင်တွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ အကြမ်းဖက်မှုကျူးလွန်ပြီး ဒီဆန္ဒပြမှုကိုနှိမ်နင်းစရာအကြောင်းမရှိဘူး။”
ပြည်တွင်းက ဝါရင့်ရှေ့နေကြီးတဦးကတော့ အခုလိုဆိုပါတယ်။
“အခုဟာက ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အခြေအနေလည်း မဟုတ်ဘူး။ ပြီးတော့ ဒါက အဓိကရုဏ်းဖြစ်နေတာလည်း မဟုတ်ဘူး။ ဖမ်းချင်တော့ဖမ်းလို့ရတာပေါ့။ ဥပဒေကို ဖောက်ဖျက်နေတယ်လို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေပေါ့ဗျာ၊ ဥပဒေဖောက်ဖျက်နေတယ်လို့ သူတို့ယူဆရင် ဖမ်းချင်ရင်တော့ ဖမ်းလို့ရတာပေါ့။ အဲသလိုဖမ်းရင်တောင်မှ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နဲ့ အညီလုပ်ရမှာပါ။ ရဲလက်စွဲမှာလည်း ပါပြီးသား။ ဘယ်လိုအဆင့်ဆင့်ဆောင်ရွက်ရမယ်ဆိုတာ။ အဲဒီမှာ undue force လို့ခေါ်တဲ့ မသင့်လျော်တဲ့ အင်အားတောင်မှ သုံးခွင့်မရှိပါဘူး။ အခုကားနဲ့တိုက်တယ်ဆိုတာကတော့ ဒါ ဘယ်ပြဋ္ဌာန်းချက်မှာမှ ခွင့်ပြုမထားတဲ့ကိစ္စပါဗျာ။”
မြဝတီရုပ်မြင်သံကြားရဲ့ ဒီဇင်ဘာလ ၆ ရက် သတင်းမှာတော့ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲကို “တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူအော်ဟစ်ဆန္ဒပြမှု” လို့ သုံးနှုန်းသွားပါတယ်။ အဲဒီကြေညာချက်အရ စစ်ကောင်စီက အဲဒီဆန္ဒပြပွဲဟာ တရားမဝင်ခွင့်ပြုချက်မဲ့ဆန္ဒပြပွဲလို့သတ်မှတ်ပြီး အင်အားသုံးဖြိုခွင်းခဲ့တာလို့ ယူဆစရာရှိပါတယ်။
လူ့အခွင့်အရေးဥပဒေနဲ့ ချဉ်းကပ်မှရမယ် - လူ့အခွင့်အရေးရှေ့နေဦးအောင်ထူး
တရားမဝင်တဲ့ဆန္ဒပြပွဲကို အင်အားသုံးဖြိုခွဲခွင့်ရှိသလား
ဆန္ဒပြပွဲတခုဟာ တရားမဝင်တဲ့ဆန္ဒပြပွဲ၊ ခွင့်ပြုချက်တောင်းခံမထားတဲ့ ဆန္ဒပြပွဲဖြစ်နေရင် ဥပဒေကြောင်းအရ ဖြိုခွဲခွင့်ရှိပါပြီလား။
ဥရောပ၊ အမေရိကန် အစရှိတဲ့ နိုင်ငံတကာဥပဒေတွေမှာတော့ ဆန္ဒပြပွဲတခုကို ခွင့်ပြုချက်မတောင်းခံဘဲပြုလုပ်ခဲ့ရင် အဲဒီဆန္ဒပြပွဲဦးဆောင်စီစဉ်သူကို တရားစွဲဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်မတောင်းခံလိုက်ရုံမျှနဲ့ ဆန္ဒပြသူတွေဟာ တရားမဝင်ဆန္ဒပြသူတွေ ဖြစ်မသွားပါဘူး။ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ဟာ ခွင့်တောင်းစရာမလိုတဲ့ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။ အများပြည်သူရဲ့ လုံခြုံရေးအတွက် ဆန္ဒပြမဲ့အချိန်၊ ဆန္ဒပြမဲ့နေရာတွေကို ခွင့်ပြုချက်တောင်းခံဖို့ တာဝန်ရှိသူဟာ ဆန္ဒပြပွဲကို ဦးဆောင်စည်းရုံး စီစဉ်သူဖြစ်ပါတယ်။ သူ့မှာသာ တာဝန်ရှိတာဖြစ်တဲ့အတွက် အဲဒီလူကိုပဲ တရားစွဲပါတယ်။ ခွင့်ပြုချက်မတောင်းတဲ့အတွက် အဲဒီဆန္ဒပြပွဲကို တရားမဝင်ဆန္ဒပြပွဲလို့ သတ်မှတ်လို့မရသလို အင်အားသုံး လူစုခွဲခွင့်လည်း မရှိပါဘူး။ ဆန္ဒပြသူတွေကို ဖမ်းဆီးခွင့်လည်း မရှိပါဘူး။
မြန်မာနိုင်ငံဥပဒေမှာလည်း တရားမဝင်တဲ့ဆန္ဒပြပွဲကို ချက်ချင်း အင်အားသုံးဖြိုခွဲဖို့ဥပဒေက ခွင့်ပြုမထားပါဘူး။ နိုင်ငံတကာ ဥပဒေနဲ့ မတူတာက ခွင့်ပြုချက်မတောင်းဘဲဆန္ဒပြရင် အဲဒီဆန္ဒပြသူတွေအားလုံးကို တရားမဝင်ဆန္ဒပြသူတွေလို့ မြန်မာ ငြိမ်းစုစီဥပဒေ (ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ) က သတ်မှတ်ပါတယ်။ အဲဒီတရားမဝင် ဆန္ဒပြသူတွေကို တရားစွဲဆိုပြီး ငွေဒဏ်၊ ထောင်ဒဏ် အပြစ်ပေးနိုင်တယ်လို့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီတော့ မြန်မာဥပဒေအရ တရားမဝင်ဆန္ဒပြသူတွေကို ဖမ်းခွင့်ရှိပါတယ်။ ဒါပေမဲ့ ဘာမှမပြောမဆိုဘဲ အင်အားသုံးဖြိုခွဲခွင့်ပေးမထားပါဘူး။ အလစ်အငိုက်မှာ ကားနဲ့တိုက်နိုင်တဲ့ အခွင့်အရေးမျိုးကိုလည်း ဥပဒေက ခွင့်ပြုမထားပါဘူး။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မှာ စစ်ကောင်စီတပ်တွေ ကင်းလှည့်နေစဥ်
ဘယ်အခြေအနေမှာ အင်အားသုံးဖြိုခွဲခွင့်ရှိသလဲ
နိုင်ငံတကာဥပဒေတွေမှာတော့ ဆန္ဒပြသူတွေက အကြမ်းဖက်လာမှသာ သို့မဟုတ် အများပြည်သူရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာမှသာ သို့မဟုတ် အများပြည်သူပိုင် ပစ္စည်းဥစ္စာကိုဖျက်ဆီးမီးရှို့လာမှသာ အင်အားသုံးဖြိုခွဲခွင့်ရှိပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို တခြားဘယ်လိုအကြောင်းကြောင့်မှ အင်အားသုံးဖြိုခွင်းခွင့်မရှိပါဘူး။
ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြခဲ့တဲ့လူငယ်တွေဟာ လက်နက်ကိုင်ဆောင်မထားပါဘူး။ အကြမ်းဖက်တာမျိုးလည်း မလုပ်ခဲ့ပါဘူး။ အကြမ်းဖက်လိုတဲ့ အမူအရာလက္ခဏာမျိုးလည်း ကိုယ်အားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ မပြသမပြောဆိုခဲ့ပါဘူး။
ဒါပေမဲ့ မြဝတီရုပ်မြင်သံကြားရဲ့ ဒီဇင်ဘာလ ၆ ရက်သတင်းကတော့ အာဏာသိမ်းပြီးနောက်ဆန္ဒပြမှုတွေမှာ “လမ်းများပိတ်ဆို့ခြင်း၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်အောင် ရည်ရွယ်လုပ်ဆောင်ခြင်းတွေရှိခဲ့လို့” အခုဆန္ဒပြပွဲကို အဲသလိုမဖြစ်ခင် ကြိုတင်နှိမ်နင်းရတာလို့လည်း ကြေညာသွားခဲ့ပါတယ်။
“အရင်ဆန္ဒပြတဲ့သူတွေက အဲသလိုလုပ်ဖူးလို့ ဒီလူတွေလည်း ဒီလိုလုပ်မယ်ဆိုတဲ့ ယူဆချက်နဲ့ အရေးယူတာမျိုးကိုတော့ ဘယ်ဥပဒေပညာရှင်မှ လက်ခံကြမှာ မဟုတ်ဘူးဗျ” လို့ပြည်တွင်းနေဝါရင့်ရှေ့နေကြီးကဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, CJ
အကြမ်းမဖက်ပေမဲ့ ဖြိုခွဲခွင့်ရှိတဲ့မြန်မာဥပဒေ
မြန်မာနိုင်ငံငြိမ်းစုစီဥပဒေမှာတော့ ဆန္ဒပြသူတွေက အကြမ်းမဖက်သော်လည်း အင်အားသုံးဖြိုခွဲနိုင်တဲ့ အခွင့်အရေးကို ပေးထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်အမတ်တွေက အဆိုပြုပြင်ဆင်ထားတဲ့ ၂၀၁၆ ခုနှစ် ငြိမ်းစုစီဥပဒေထဲမှာတောင် အဲသလိုခွင့်ပြုထားတာဖြစ်ပါတယ်။ ဥပဒေထဲက ဘယ်အချက်မဆို တခုခုကို ချိုးဖောက်ရင် ချိုးဖောက်တာနဲ့တပြိုင်နက် ဆန္ဒပြပွဲကို တားခွင့်ရှိပါတယ်။
ကြွေးကြော်သံနဲ့ ဆိုင်းဘုတ်တွေဟာ ကြိုတင် တင်ပြထားတဲ့ကြွေးကြော်သံ၊ ကြိုတင် တင်ပြထားတဲ့ဆိုင်းဘုတ်မဟုတ် ရုံလောက်နဲ့တောင် တားခွင့်ရှိတဲ့ သဘောသက်ရောက်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲကို တားမြစ်ခွင့်ပဲရှိပါသေးတယ်။ အင်အားသုံးလူစုခွဲခွင့်မရှိသေးပါဘူး။ ဆန္ဒပြပွဲကို တားမြစ်ရာမှာတောင် မြို့နယ်ရဲမှူးကို အရင်တင်ပြ၊ မြို့နယ်ရဲမှူးကနေ မြို့နယ်အထွေထွေအုပ်ချုပ်မှူးကို ထပ်ဆင့်တင်ပြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ခွင့်ပြုချက်ရပြီးမှသာ တားမြစ်နိုင်ပါတယ်။
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက တားမြစ်တာကို လက်မခံဘဲ ဆက်လက်ဆန္ဒပြမှသာ လူစုခွဲခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲသလို လူစုခွဲရာမှာ အင်အားအလွန်အကျွံမသုံးရဘူးလို့ ငြိမ်းစုစီပုဒ်မ ၁၆ မှာ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင်လုပ်ထုံံးလုပ်နည်းနဲ့အညီသာ လူစုခွဲရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။ ဆန္ဒပြသူတွေကို ရဲက အင်အားသုံးလူစုခွဲမယ်ဆိုရင် ရဲလက်စွဲအပိုဒ် ၁၀၅၇ နဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၀၇ တို့အရ ရာဇဝတ်တရားသူကြီးရဲ့ အမိန့်တောင်းခံရပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ပြည်တွင်းနေ ဝါရင်ရှေ့နေကြီးက အခုလိုပြောပါတယ်။
“သူတို့ဘာသာသူတို့ အမိန့်တောင်းခံပြီးမှ ဖြိုခွဲတာပါလို့ နောင်မှ အမိန့်စာထုတ်ပြပြီးပြောလို့မရဘူးဗျ။ ဖြိုခွဲမိန့်ရထားပြီးပြီဆိုပြီး ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ဝင်ရိုက်လို့ ရတာလည်းမဟုတ်ဘူးဗျ။ ရာဇဝတ်တရားသူကြီးက အဲသလို အမိန့်ပေးထားကြောင်းကို ဆန္ဒပြသူတွေသိအောင် ဖတ်ပြရသေးတယ်။ အဆင့်ဆင့်ကြေညာရတယ်။ ရောက်တဲ့နေရာကနေ မတိုးနဲ့ဆိုပြီး အမိန့်ပေးရတယ်။ ပြီးတော့ စည်းတွေဘာတွေတားရသေးတယ်။ အဲသလိုတားထားတဲ့ကြားကနေ ရှေ့တိုးလာမှ အင်အားသုံးခွင့်ရှိတယ်။ အဲသလိုအင်အားသုံးတဲ့အခါမှာလည်း undue force ဆိုတဲ့ မလျော်တဲ့အင်အားမသုံးရဘူး။ အင်အားအလွန်အကျွံမသုံးရဘူး။ ၂၀၁၅ အမျိုးသားပညာရေးသပိတ်စစ်ကြောင်းတုန်းက ဥပဒေနဲ့အညီလိုလို ဘာလိုလို အစပိုင်းမှာလုပ်လိုက်သေးတယ်ဗျ။ ကျောင်းသားတွေက လက်နက်မကိုင်တဲ့အတွက် နံပါတ်တုတ်သုံးခွင့်မရှိဘူးဆိုတော့ ကျောင်းသားတွေနဲ့ ရဲတွေ အပြိုင်အဆိုင် လူချင်းဖိတွန်းကြတာမျိုးပေါ့။ နောက်ပိုင်းကျမှသာ ရေဗူးနဲ့ပေါက်တာကို အကြမ်းဖက်ပါတယ်ဆိုပြီး ဝင်ရိုက်တာကိုးဗျ။”
ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းဖြိုခွဲမှုမှာ အဲသလို လုပ်ထုံးလုပ်နည်းနဲ့အညီ အဆင့်ဆင့်ဆောင်ရွက်ချက်တွေကို တခုမှ မဆောင်ရွက်ခဲ့ပါဘူး။
ထူးခြားချက်တခုက ဆန္ဒပြသူတွေကို ကားနဲ့တိုက်ရာမှာလည်း နောက်ဘက်ကနေ အလစ်အငိုက်ဝင်တိုက်သွားတဲ့အချက်ပါ။ ဆန္ဒပြသူတွေကို ရှေ့တိုးပြီးမချီတက်အောင် ဟန့်တားလိုတဲ့ သဘောဆိုရင် ရှေ့ကနေ ဟန့်တားတာမျိုးသာ ဖြစ်ဖို့ရှိပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေက ကျောပေးထားတဲ့သဘောဟာ လုံခြုံရေးတွေကို ရန်ပြုတိုက်ခိုက်ဖို့ကြံရွယ်ချက်မရှိကြောင်းလည်း ထင်ရှားစေပါတယ်။ ရန်ပြုလိုသူဟာ မျက်နှာချင်းဆိုင်ပြီး ရန်ပြုလေ့ရှိပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
no caption
အင်အားအလွန်အကျွံသုံးသလား
“မလျော်တဲ့အင်အားကိုမသုံးရဘူး၊ အင်အားအလွန်အကျွံမသုံးရဘူးဆိုတာ တဖက်က ဘာလက်နက်မှ မပါတဲ့လူတွေကို တုတ်နဲ့တောင်ရိုက်လို့မရဘူးဗျ။ တုတ်နဲ့ရိုက်ရင်တောင် အင်အားအလွန်အကျွံသုံးတာပဲ။” လို့ပြည်တွင်းနေ ရှေ့နေကြီးကဆိုပါတယ်။
ရဲလက်စွဲ အပိုဒ် ၁၀၅၈ မှာတော့ ဖမ်းဆီးရာမှာ အတင်းအကျပ်ပြန်လည်ခုခံသူ၊ ပြန်လည်ရန်ပြုသူကိုသာ နံပါတ်တုတ်အသုံးပြုရမယ်လို့ ဆိုထားပြီး အဲသလိုသုံးစွဲရာမှာလည်း ခေါင်းကိုမရိုက်ရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ ကားနဲ့နောက်ကနေ အရှိန်ပြင်းပြင်းမောင်းပြီး ဝင်တိုက်ခဲ့တာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အင်အားအလွန်အကျွံမသုံးဘူးလို့ဆိုပါတယ်။
အကြမ်းဖက်မှုမြောက်သလား
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာကခေါင်းဆောင်တွေ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပန်းပင်ကြီးလမ်း ကားတိုက်မှုအပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ တည်ထောင်သူလည်း ဖြစ်တဲ့ မစ္စယန်ဟီးလီးက “ကိုယ့်နိုင်ငံသားတွေအပေါ်မှာ အခုလိုသားရဲတိရစ္ဆာန်သဖွယ်ပြုမူတာမျိုးကို အကြမ်းဖက်သမား terrorist တယောက်ကသာကျူးလွန်ပါလိမ့်မယ်” လို့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
လူ့အခွင့်အရေးရှေ့နေဦးအောင်ထူးက “ဒါကအင်အားသုံးဖြိုခွဲတာမဟုတ်ဘူးဗျ။ အကြမ်းဖက်တာ။ အကြမ်းဖက်ဥပဒေ ပုဒ်မ ၂ (ဂ) လောက်နဲ့ အကျုံးဝင်နိုင်တယ်။ ဥပဒေကိုပြန်ကြည့်ပါ။” လို့ဆိုပါတယ်။
၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရဲ့ ပုဒ်မ ၂ (ဂ) ကအခုလိုဆိုထားပါတယ်။
“အများပြည်သူ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသောအခြေခံ အဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ၊ အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ထိခိုက်ဆုံးရှုံးစေရန်” ပြုလုပ်သူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် အဲဒီဥပဒေရဲ့ ပုဒ်မ ၃ (ခ) အပိုဒ်ခွဲ ၁၄ မှာတော့ “အကြမ်းဖက်ရန်ရည်ရွယ်ချက်ဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုဖြစ်စေ၊ ဘေးကင်းရေးကို ဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာထိခိုက်စေသည့် အကြမ်းဖက်မှုများ” ပြုလုပ်သူကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ်လို့ ဆိုထားပါတယ်။
လူသတ်မှုမြောက်မမြောက်
စစ်ကောင်စီရဲ့ ပန်းပင်ကြီးလမ်းကားတိုက်မှုကို ဝေဖန်သူတွေထဲမှာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာအဖွဲ့ ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဖီလ်ရောဘ်ဆန်ကတော့ ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ပါတယ်။
“ဒါဟာ ဆန္ဒပြသူတွေကို အလွန်အကျွံအင်အားသုံးဖိနှိပ်မှုမဟုတ်ပါဘူး။ မော်တော်ယာဉ်ကိုအသုံးပြုပြီး လူသတ်တဲ့ လူသတ်မှုပါ” လို့သူက RFA သတင်းဌာနနဲ့ အင်တာဗျူးမှာပြောသွားပါတယ်။
မြန်မာနိုင်ငံက ဝါရင့်ရှေ့နေကြီးကတော့ “နောက်ကနေ ကားနဲ့တိုက်တာက အင်အားအလွန်အကျွံသုံးတာတော့ သေချာတယ်ဗျ။ အဲဒီအတွက် ဒဏ်ရာရတာမှန်သမျှဟာ တဖက်က ရဲလက်စွဲမှာပါတဲ့ တားမြစ်ချက်တွေရှိတယ်၊ ရဲလက်စွဲနဲ့သွားလို့လည်း ရတယ်။ ဒဏ်ရာရတယ်ဆိုရင် ထားသင့်တဲ့သတိ မထားဘဲလုပ်တဲ့အတွက် နာကျင်စေမှု၊ အပြင်းအထန် နာကျင်စေမှုတွေတော့ အနိမ့်ဆုံးတော့မြောက်မှာပဲ။ လူသတ်မှုမြောက်မမြောက်ဆိုတာကို ပြောဖို့ဆိုရင်တော့ သေစေချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်ကြောင်းသက်သေပြနိုင်ဖို့လိုတယ်ဗျ။ အဲသလိုသက်သေပြရမဲ့ တာဝန်ဟာ ခံရတဲ့ တရားလိုရဲ့ တာဝန်ဖြစ်လာလိမ့်မယ်ဗျ။ တခြားအခြေအနေတွေနဲ့ ပေါင်းစပ်ရင်တော့လည်း သက်သေပြနိုင်ချင်ပြနိုင်မှာပေါ့လေ။”
ဓာတ်ပုံ ရင်းမြစ်, Getty Images
လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု crime against humanity
လူအုပ်ထဲ ကားနဲ့ဝင်တိုက်တဲ့အမှုမျိုးဟာ နိုင်ငံတကာမှာ အကြမ်းဖက်မှု terrorist act ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအဖြစ်အပျက်မှာ ကျူးလွန်သူက အစိုးရ သို့မဟုတ် နိုင်ငံတော် တာဝန်ကို ချုပ်ကိုင်ထားသူဖြစ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှေ့နေဦးအောင်ထူးက အခုလိုဆိုပါတယ်။
“ကျူးလွန်သူက ရိုးရိုး လူပုဂ္ဂိုလ်တဦးတယောက်မဟုတ်ဘူး။ အဖွဲ့အစည်းတခုမဟုတ်ဘူး။ ကျူးလွန်သူက အစိုးရဖြစ်နေတယ်။ နိုင်ငံတော်ဖြစ်နေတယ်။ state ဖြစ်နေတယ်။ အရေးယူရမဲ့လူကိုယ်တိုင်ဖြစ်နေတယ်။ ဘယ်လိုလုပ် အရေးယူမလဲ။ အဲဒီတော့ ဒီလိုကိစ္စမျိုးကို ရိုးရိုးဥပဒေနဲ့ စဉ်းစားလို့ မလုံလောက်တော့ဘူး။ လူ့အခွင့်အရေးဥပဒေနဲ့ စဉ်းစားရတယ်။ ဒီဖြစ်စဉ်မှာ ရည်ရွယ်ချက်က ဘာလဲဆိုတော့ အကြောက်တရားကို ဖြန့်ဝေပေးချင်တာ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အကြောက်တရားကို လူတိုင်းအပေါ်မှာ ရောက်သွားစေချင်တာ။ အဲသလိုပြစ်မှုမျိုးနဲ့ ပတ်သက်ပြီး ပြည်တွင်းတည်ဆဲ ဥပဒေမှာ မရှိဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေမှာရှိတယ်။ အကြောက်တရားကိုဖန်တီးပေးလိုက်ခြင်းအားဖြင့် တပြည်လုံးမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ငြိမ်သက်သွားစေချင်တာဟာ သူတို့ရဲ့ ရည်ရွယ်ချက်ပဲ။ အဲဒီရည်ရွယ်ချက်ရှိတယ်။ အဲဒီရည်ရွယ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျလုပ်တယ်။ widespread and systematic လို့ခေါ်တယ်။ အဲသလိုလုပ်တာဟာ လူအများအပြားအပေါ်ကျရောက်အောငင် ရည်ရွယ်ကျူးလွန်တာ။ အဲသလိုလုပ်တာကို လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု crime against humanity လို့ခေါ်တာပဲ။”
အမိန့်ပေးသူအဆင့်ဆင့်ရှိတဲ့အနက်မှာ အခုဒီဖြစ်စဉ်ကို အမိန့်ပေးတဲ့သူဟာ ဘယ်သူလဲ၊ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆိုတာကိုလည်း စိစစ်စုံစမ်းဖို့လိုမယ်လို့ ဦးအောင်ထူးကဆိုပါတယ်။ အကယ်၍ ထိပ်ဆုံးကတာဝန်ရှိသူဟာ ဒီလိုဖြစ်စဉ်ကို သိလျက်နဲ့အရေးမယူဘူးဆိုရင်တော့ သူဟာအလိုလိုတာဝန်ရှိသူဖြစ်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုအဖြစ်အပျက်မှာ အင်အားအလွန်အကျွံမသုံးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီတဖွဲ့လုံးဟာ ဒီဖြစ်စဉ်ကို ကောင်းကောင်းသိရှိပြီးဖြစ်တယ်လို့ ယူဆဖွယ်ရာဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ။ ပန်းပင်ကြီးလမ်းဖြစ်ရပ်ဟာ မြန်မာနိုင်ငံတွင်းရော၊ နိုင်ငံတကာကိုပါ ကြီးစွာ ဂယက်ရိုက်စေတဲ့ အဖြစ်အပျက်တခုဖြစ်ခဲ့သလို မြန်မာ့ဥပဒေကိုစိန်ခေါ်တဲ့ဖြစ်စဉ်တခုအနေနဲ့လည်း သမိုင်းဝင် မှတ်တမ်းတင်သွားဖွယ်ရာရှိပါတယ်။