စျေးသည်မိခင်ရဲ့ မေတ္တာလွှမ်းတဲ့ ထောင်ဝင်စာ

နိုင်ငံရေးအကျဥ်းသားတွေ အများစု ရှိတဲ့ အင်းစိန်ထောင်

ဓာတ်ပုံ ရင်းမြစ်, ZL

ဓာတ်ပုံ ပုံစာ,

နိုင်ငံရေးအကျဥ်းသားတွေ အများစု ရှိတဲ့ အင်းစိန်ထောင်

ဧပြီလ ၁၀ ရက်ကနေ ၁၇ ရက်နေ့အထိဟာ မြန်မာနိုင်ငံအကျဥ်းထောင်တွေ ထောင်ကျနေသူတွေအတွက် ထောင်ဝင်စာပါဆယ်တွေ ပိတ်ရက်ဖြစ်ပါတယ်။

အဲဒီရက်တွေမတိုင်မီ မိသားစုဝင်တွေက ထောင်ဝင်စာ ပို့နိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။

မနှစ်က စစ်ကောင်စီက သေဒဏ်ချမှတ်ထားတာ ခံထားရတဲ့ သားလေးယောက်အတွက် သုံးလတစ်ကြိမ် ထောင်ဝင်စာပို့နိုင်ဖို့ဟာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးအတွက် ထောင်ဝင်စာပို့တာ တစ်နှစ်ကျော်ကြာလာတဲ့ အခုအချိန်မှာတော့ ပိုပြီးကျပ်တည်းလာတယ်လို့ ဆိုပါတယ်။

စျေးရောင်းရငွေသည် ထောင်ဝင်စာအတွက်

သူ စျေးရောင်းရတဲ့ငွေထဲကနေ ထောင်ဝင်စာအတွက် သီးခြားခွဲပြီး စုလေ့ရှိတယ် လို့ ဒေါ်စမ်းစမ်းအေးက ပြောပါတယ်။

အိမ်ရှေ့မှာ လှည်းလေးနဲ့ ဝက်သားတုတ်ထိုးရောင်းတာအပြင် သားတွေရဲ့ထောင်ဝင်စာအတွက် ထမင်းနဲ့ဟင်းကိုပါ ထပ်ဖြည့်ရောင်းနေရပေမဲ့ အခုချိန်မှာ ဝယ်သူတွေ နည်းလာတာကြောင့် သားတွေ ထောင်ဝင်စာစရိတ် မပြည့်မှာကို စိုးရိမ်ပြီး စိတ်ပင်ပန်းနေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ တောင်ဒဂုံမြို့နယ်က ၅၆ ရပ်ကွက် လူသတ်မီးရှို့မှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်စမ်းစမ်းအေးရဲ့ သားတွေဖြစ်တဲ့ မောင်ခိုင်မြဲ ခေါ် သော်ဇင်နိုင်၊ မောင်နိုင်နိုင်း ခေါ် ရွှေငါး၊ မောင်အောင်မျိုးလင်း ခေါ် ကြက်ဖနဲ့ မောင်စိုးပြည့်အောင် ခေါ် အောင်အောင်တို့ဟာ ၂၀၂၁ မေလမှာ သေဒဏ်ချမှတ် ခံခဲ့ရပါတယ်။

၂၀၂၁ မတ်လ ၂၉ ရက်နေ့ ညက ဒဂုံမြို့သစ်တောင်ပိုင်း ၅၆ ရပ်ကွက်မှာနေတဲ့ ဦးဇော်မင်းကို ဓားနဲ့ခုတ်၊ မီးပုံထဲကို ပစ်ထည့်ပြီး လူသတ်မှုကျူးလွန်သူ ၁၈ ယောက်ကို သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း စစ်တပ်ပိုင် မြဝတီရုပ်သံက မေ ၂၅ ရက်မှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နိုင်ငံရေးအကျဉ်းသားတွေရှိနေတဲ့ အင်းစိန်အကျဉ်းထောင်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သားတစ်ယောက်က တစ်ထောင်စီမှာ

ဒေါ်စမ်းစမ်းအေးရဲ့ သားတွေဟာ အင်းစိန်ထောင်မှာ ရှိနေတုန်းက တစ်စုတစ်ဝေးတည်း ထောင်ဝင်စာ ပို့လို့ရပေမဲ့ နောက်ပိုင်းမှာတော့ ရွှေငါး ခေါ် နိုင်နိုင်းကို မန္တလေး အိုးဘိုထောင်၊ ခိုင်မြဲ ခေါ် သော်ဇင်နိုင်က တောင်ငူထောင်၊ ကြက်ဖ ခေါ် အောင်မျိုးလင်းက ကျိုက်မရောထောင်၊ စိုးပြည့်အောင် ခေါ် အောင်အောင်က မြင်းခြံထောင်ကို အပို့ခံလိုက်ရတဲ့အတွက် ဒေါ်စမ်းစမ်းအေးဟာ အကျဉ်းထောင် လေးခုစာအတွက် ပိုရုန်းကန်နေရတယ်လို့ပြောပါတယ်။

တစ်လ တစ်ကြိမ် မပို့နိုင်တာကြောင့် သုံးလ တစ်ကြိမ် ထောင်ဝင်စာပို့ရတယ်လို့ သူကပြောပါတယ်။

ထောင်ဝင်စာ တစ်ကြိမ်ပို့တိုင်း အကြော်အလှော်၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်ဖိုးတွေ၊ လမ်းစရိတ်တွေနဲ့ အကျဉ်းသားအသုံးစရိတ် တစ်ယောက် ငါးသောင်း နဲ့ လေးယောက်စာအတွက် အားလုံးပေါင်းရင် ဆယ်သိန်းနီးပါး ကုန်ကျနေတယ်လို့ဆိုပါတယ်။

အခု ပြီးခဲ့တဲ့ မတ်လလောက်ကစပြီး ကုန်ဈေးနှုန်းတက်လာတာတွေ၊ ဝယ်စားတဲ့သူတွေ နည်းလာတာကြောင့် သားတွေရဲ့ ထောင်ဝင်စာပို့ဖို့ မစုဆောင်းနိုင်တော့ပါဘူးလို့ ဒေါ်စမ်းစမ်းအေးက ပြောပါတယ်။

"အရင်လတွေတုန်းက တစ်ရက်ကို ငါးထောင်ဖယ်ထားပြီး စု ဖြစ်တယ်။ အခုဆို မစုနိုင်တော့ဘူး။ အလုပ်သမားတွေကို အဓိကအားထားပြီးရောင်းရတာလေ။ အလုပ်တွေလည်း မကောင်းတော့ လာမစားနိုင်ကြဘူး။ အရင်က တစ်ရက်ကို တစ်ပြည်အိုး ၃ အိုးရောင်းလို့ ကုန်တယ်။ ဒီနေ့ဆို တစ်ပြည်အိုးတစ်အိုးကို မကုန်သေးဘူး။ နောက်လ ငါးလပိုင်းဆိုရင် ထောင်ဝင်စာပို့ရတော့မယ်။ တကယ်လို့ ပိုက်ဆံမပြည့်လို့ရှိရင် တစ်လနောက်ဆုတ်ပြီးပို့ရမှာပဲ။ မပို့လို့တော့မရဘူး။ သားတွေ စိတ်အားငယ်သွားလိမ့်မယ်"လို့သူကပြောပါတယ်။

မိခင်တစ်ယောက်အနေနဲ့ အဆင်မပြေမှုတွေကြားကနေ ရုန်းကန်နေရလို့ ပင်ပန်းပေမဲ့ ထောင်ကျခံနေရတဲ့ သားတွေ စိတ်ဓာတ်ကျသွားမှာကို သူကပိုပြီးစိတ်ပူနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,

သားတွေရဲ့ထောင်ဝင်စာအတွက် ရုန်းကန်နေတဲ့ မိခင်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့အထိ အာဏာသိမ်းမှုကို ဆန့်ကျင်သူ အယောက် တစ်သောင်းကျော် ဖမ်းဆီးချုပ်‌နှောင်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၀၀၉၂ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၉၇၄ ယောက်ထဲမှာ အယောက် ၁၀၀ ကျော်က သေဒဏ်ချမှတ်ခံထားရတယ်လို့ AAPP စာရင်းအရ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကိုရိုနာကပ်ဘေးဒဏ် သင့်တာကြောင့် မြန်မာ့ စီးပွားရေး အထိနာခဲ့သလို ၂၀၂၁ ခုနှစ် အတွင်း စစ်အာဏာသိမ်းမှုကြောင့် လူမှုစီးပွားအပေါ် ထပ်ပြီး ထိခိုက်ရပြီး အခြေအနေတွေ မပြောင်းလဲဘူးဆိုရင်တော့ ၂၀၂၂ ခုနှစ် အစပိုင်း အရောက်မှာ မြန်မာ လူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲမွဲတေတဲ့ အဆင့်ကို ရောက်သွားနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ရဲ့ သုံးသပ်ချက် အစီရင်ခံစာက ခန့်မှန်းခဲ့ပါတယ်။

၂၀၂၂ နှစ်သစ် အစပိုင်းမှာ နိုင်ငံ လူဦးရေရဲ့ ထက်ဝက် ဆင်းရဲမွဲတေခဲ့တဲ့ ၂၀၀၅ ခုနှစ်က အခြေအနေမျိုး အထိ ဆုတ်ယုတ် ကျဆင်းသွားနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က သတိပေးထားခဲ့ပါတယ်။

အသက် သုံးနှစ်နဲ့ အကျဉ်းထောင်ထဲမှာ

ဒေါ်စမ်းစမ်းအေးက သားတွေအတွက် ထောင်ဝင်စာပို့ဖို့ ရုန်းကန်နေရသလို အသက် ၃ နှစ်အရွယ်နဲ့ ထောင်ထဲရောက်နေတဲ့ မဆုမြတ်ဇော်ရဲ့ မိသားစုဝင်တွေကတော့ ထောင်ဝင်စာ မပို့နိုင်တာ နှစ်လ ရှိနေပြီလို့ မိသားစုဝင်တွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်က စည်ပင်သာယာ သန့်ရှင်းရေးဝန်ထမ်းဖြစ်တဲ့ ကိုမင်းဇော်ဦးတစ်ယောက် ဆန္ဒပြပွဲတွေမှာပါဝင်လို့ဆိုပြီး စစ်ကောင်စီတပ်တွေ ဝင်ဖမ်းချိန်မှာ ကိုမင်းဇော်ဦးကို မမိလို့ မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ကေသီမာ ခေါ် ဒေါ်ချိုချိုမာ၊ ဇနီးဖြစ်သူ အသက် ၃၀ ကျော်အရွယ် မတင်မေဦး နဲ့ အသက် နှစ်နှစ်ကျော်အရွယ် သမီး မဆုမြတ်ဇော်တို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

မဆုမြတ်ဇော်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ မှာ အကျဉ်းထောင်ထဲရောက်တာ တစ်နှစ်ပြည့်သွားပါပြီ။ အခုဆို သူ့အသက်က သုံးနှစ်ကျော်သွားပါပြီ။

အဖွားနဲ့ အမေကို ပြီးခဲ့တဲ့ မတ် ၂၄ ရက်က အင်းစိန်အကျဉ်းထောင်တရားရုံးမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် အမိန့်ချခံခဲ့ရတဲ့အတွက် မဆုမြတ်ဇော်လေးလည်း မိခင်နဲ့အတူ အကျဉ်းထောင်ထဲ ရောက်နေရတာပါ။

အင်းစိန်အကျဉ်းထောင်မှာ အချုပ်ခံရတဲ့ တစ်နှစ်တာကာလအတွင်းမှာ မဆုမြတ်ဇော်ရဲ့ မိသားစုဝင်တွေက ကြိုးစားပြီး ထောင်ဝင်စာပို့ပေးခဲ့ပါတယ်။

ဒါပေမဲ့ ငွေကြေးကျပ်တည်းတာ၊ အလုပ်မရှိတာတွေကြောင့် ထောင်ဝင်စာပို့နိုင်ဖို့ ခက်ခဲနေကြတာပါ။

"အလုပ်ကမရှိဘူး။ တစ်ခါပို့ရင် အကြော်အလှော်က ငါးသောင်းလောက်နဲ့ ကလေးမုန့်ဖိုးက သုံးသောင်းလောက်ပို့ရတာ။ ကျွန်မက အိမ်ငှားခနဲ့ တူလေး နှစ်ယောက်နဲ့တောင် ထမင်းက ပုံမှန်မစားရဘူး။ တစ်ခါတစ်လေ ဘေးပတ်ဝန်းကျင်ကနေ ကလေးတွေကို ထမင်းကျွေးကြရတယ်။ အဲ့တော့ ထောင်ဝင်စာလည်း မပို့နိုင်တော့ စိတ်မကောင်းဖြစ်ရတယ်။ အမေဆိုလည်း ထောင်ထဲမှာ ကျန်းမာရေးမကောင်းဘူး။ ပိန်သွားလိုက်တာ။" လို့ မဆုမြတ်ဇော်ရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထောင်ဝင်စာပို့ကြမယ် FB

ဓာတ်ပုံ ပုံစာ,

ထောင်ဝင်စာ ပို့တဲ့ပစ္စည်းအချို့

လှူမယ့် ကူမယ့်သူတွေလည်း လျော့လာ

အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဝက်လောက်ဟာ ထောင်ဝင်စာအတွက် ခက်ခဲနေကြရတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဝင်စာပို့နိုင်အောင် ကူညီပေးနေကြသူတွေလည်းရှိပါတယ်။

ဒါပေမဲ့ ပုံမှန်လစဉ်လတိုင်း ကူညီပေးနေကြတာကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စလို့ လှူဒါန်းပေးတဲ့သူတွေ သုံးပုံ နှစ်ပုံလောက် လျော့ကျသွားတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။

"လှူတဲ့သူတွေကိုယ်တိုင်က စီးပွားရေးကျပ်တည်းလာတာ၊ မလှူနိုင်တော့တာတွေ ဖြစ်ကုန်တယ်။ ဒီတော့ ကျနော်တို့ကလည်း ရတာပဲ ပို့ပေးလိုက်ရတယ်။ပမာဏနည်းသွားတာပေါ့။ မျှတစားကြပေါ့။ ပို့တဲ့နေရာမှာလည်း ပိုပြီးကျပ်တည်းလာတယ်။" လို့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့ဖို့ ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။

အခုနောက်ပိုင်းမှာ ထောင်ဝင်စာပို့ခွင့်နဲ့ ပတ်သက်ပြီး အကျဉ်းထောင်အာဏာပိုင်တွေက စည်းကမ်းတွေအမျိုးမျိုးပြောင်းလဲချမှတ်လာတာတွေကြောင့်လည်း အခက်အခဲတွေ ရှိရတယ်လို့ သူက ပြောပြပါတယ်။

သားလေးယောက်လုံး သေဒဏ်ချမှတ်ခံထားရတဲ့ မိခင်ဒေါ်စမ်းစမ်းအေးကတော့ အချုပ်နှောင်ခံထားရတဲ့သားတွေ စိတ်ဓာတ်မကျသွားအောင် ထောင်ဝင်စာအတွက် သူရှိသမျှခွန်အားနဲ့ ဆက်လက်ကြိုးစားနေဦးမယ်လို့ ဘီဘီစီကို ပြောပါတယ်။