ဒေါ်စုကို နှစ်ကုန်မှာ လွှတ်မယ်လို့ ဆို

Daw Aung San Suu Kyi
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ် ကလည်း နိုဝင်ဘာမှာ သက်တမ်းပြည့်မှာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဌ ဦးတင်ဦးတို့ကို ဒီနှစ် နှောင်းပိုင်းမှာ ပြန်လွှတ်ပေးမယ်လို့ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၁ ရက်နေ့က ကျောက်ပန်းတောင်းမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမှာ ဖြစ်ပြီး ဦးတင်ဦးကိုတော့ အဲဒီထက်စောပြီး လွှတ်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောသွားတဲ့ အကြောင်း ဒေသခံတွေက ဘီဘီစီကို ပြန်ပြောပါတယ်။

ဒီ NLD ခေါင်းဆောင်တွေကို လွှတ်ပေးတဲ့ အပြင် လာမယ့် ရွေးကောက်ပွဲမှာလည်း သူတို့ကို ပါဝင်ခွင့်ပေးမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မောင်ဦးက ပြောသွားတယ်လို့လည်း ဆိုပါတယ်။

ဒါဟာ နအဖ အစိုးရအဖွဲ့ အတွင်း ချမှတ်ထားတဲ့ သဘောထားလား ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။

တကယ်ဆို အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ အကျယ်ချုပ် ကန့်သတ်ထားတဲ့ ရက်ကလည်း နိုဝင်ဘာဆို ပြည့်တော့မှာ ဖြစ်ပါတယ်။

NLD ဖက်ကသဘောထား

ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကတော့ လွတ်ရက်စေ့နေတဲ့ အချိန်မှာ ပြန်လွှတ်ပေးမယ် ပြောတာက နိုင်ငံရေး ပျက်လုံးတခုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော လွှတ်မယ်လို့ ပြောလာတာကတော့ ကြိုဆိုပါတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဗိုလ်ချုပ်မောင်ဦးက ဒီလိုပြောခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီး မကြာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့တဲ့ ရှေ့နေဦးဉာဏ်ဝင်းက အမှုအတွက် အယူခံကို တရားရုံးကို တင်ထားပြီး တရားရုံးက စဉ်းစားနေချိန်မှာ ဝန်ကြီးတယောက်က ခုလို ပြောလိုက်တာဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးရာရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆတယ်လို့ ပြောလိုက်ကြောင်း ဘီဘီစီကို ပြန်ပြောပြပါတယ်။

Image caption NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်

ဦးဝင်းတင်ကလည်း တရားရုံးက အခုလောလောဆယ် အမှုကလွှတ်ဖို့ ဆုံးဖြတ်မယ် ဆိုရင်တောင် ဝန်ကြီးပြောထားလို့ မလွှတ်သေးပဲ စောင့်နေတာမျိုး ဖြစ်သွားနိုင်တယ်လို့ ထောက်ပြပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ် ဆိုတာနဲ့ ရွေးကောက်ပွဲ ဝင်ရမယ်ဆိုတဲ့ ကိစ္စဟာ တခြားစီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဝင်ဖို့ မဆုံးဖြတ်ခင် နိုင်ငံရေးအရ ပြုပြင်မှုတွေ တွေ့မြင်ရဖို့ လိုသေးကြောင်း ပြောသွားပါတယ်။