ရွှေပြည်သာ အလုပ်သမားတွေ လစာတိုးရေး ဆန္ဒပြ

Hlaingtharyar workers
Image caption လှိုင်သာယာအလုပ်သမားများ ဆန္ဒပြခဲ့ကြ။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုံ ၃ ကစက်ရုံတရုံမှာရှိတဲ့ အလုပ်သမားတထောင်ကျော်နဲ့ စက်မှုဇုံ ၁ ကအလုပ်သမား ၂၅ ယောက်တို့ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရွှေပြည်သာ မြို့နယ် စက်မှုဇုံ ၃ အမှတ် ၆၄ ဖန်စက်ဝန်း ဦးရွှေအိုးလမ်းမှာရှိတဲ့ ဂရင်းရွိုင်ရယ် ဝီစကီစက်ရုံကအလုပ်သမား ၁၅၀၀ ကျော်ဆန္ဒပြခဲ့ကြရာမှာ အဓိကလိုလားချက်က လစာတိုးပေးဖို့ ဖြစ်ပါတယ်။

စက်ရုံမှာ အလုပ်သမား စုစုပေါင်း ၁၅၀၀ ကျော်ရှိတဲ့ အနက် ၁၀၀၀ ကျော်က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူ အများစုဟာ နေ့စား အလုပ်သမားတွေဖြစ်ပြီး လစာ ၁၁၀၀ ကနေ ၁၅၀၀ အတွင်း ရရှိကြသူတွေဖြစ်ကြပါတယ်။ နေ့စားအလုပ်သမားတွေဖြစ်ကြတဲ့ အတွက် တလမှာ စုစုပေါင်း နှစ်သောင်းခွဲလောက်ဝင်ငွေရရှိကြတာဟာ ကြီးမြင့်တဲ့ နေစရိတ်စားစရိတ် တွေ မလုံလောက်နိုင်လို့ အခုလို လစာတိုးမြှင့်ဖို့ ဆန္ဒပြကြတာဖြစ်ပါတယ်။

Image caption ဆန္ဒပြအလုပ်သမားများကို လုံထိန်းကားတွေက ဤကဲ့သို့............................

မကြာခင်က စက်ရုံရဲ့ အမြဲတန်းဝန်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပေမယ့် နေ့စားအလုပ်သမားတွေကိုတော့ တိုးမြှင့်မပေးခဲ့တဲ့ အပေါ်မှာ ခွဲခြားဆက်ဆံတာကို မကျေနပ်လို့ ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ၊ ရွှေပြည်သာမြို့နယ် စက်မှုဇုံ ၁ ကစက်ရုံတရုံမှာလည်း အလုပ်သမား ၂၅ ယောက်က လစာတိုးမြှင့်ရေးအတွက် ဆန္ဒပြခဲ့ပါတယ်။ အလုပ်သမား ၁၀၀ ကျော်ရှိတဲ့ အနက်မှာ ၂၅ ယောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လစာနဲ့ ရှားပါးစရိတ်တွေဟာ တခြားစက်ရုံတွေနဲ့ အလားတူမရကြလို့ လစာတိုးမြှင့်ဖို့ တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်အတွင်းမှာပဲ အိုပယ်ဝမ်း၊ အိုပယ်တူး၊ ခင်ချို အထည်ချုပ်စက်ရုံ၊ ကျားလေး၊ တိုင်းရီ၊ မြန်မာစန္ဒီဖိနပ်စက်ရုံတွေမှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ မြန်မာအစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ကြေငြာထားတဲ့ ၂၀၁၀ ခုနှစ်အတွင်းမှာ အလုပ်သမားတွေရဲ့ လစာတိုးမြှင့်ရေးတောင်းဆိုချက်တွေဟာလည်း ပိုမိုတိုးပွားပြန့်နှံ့လာတာတွေ့ရပါတယ်။